>100 Year Anniversary of Ludu U Hla marked at his native village

>

စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှ နှစ် ၁၀၀ ပြည့် ဇာတိမြေတွင် အထိမ်းအမှတ်ပြုလုပ်

ရိုးမမောင် (ညောင်လေးပင်)
ဇန်န၀ါရီ ၂၅၊ ၂၀၁၀

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ စာပေနဲ့ သတင်းစာဆရာကြီး လူထုဦးလှကို ညောင်လေးပင်မြို့အနီး ပုဇွန်မြောင်းရွာမှာ ကောဇာသက္ကရာဇ် ၁၂၇၁၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်သက္ကရာဇ်အားဖြင့် ၁၉၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ဆရာကြီးလူထုဦးလှရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၉ (ခရစ်နှစ်အားဖြင့် နှစ် ၁၀၀ ပြည့်သောနေ့) မှာ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်မှာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

          ယခုကျင်းပပြုလုပ်တဲ့ မွေးနေ့အထိမ်းအမှတ်ကတော့ မြန်မာကောဇာသက္ကရာဇ်အားဖြင့် နှစ် ၁၀၀ ပြည့် ကျရောက်တဲ့ ၁၃၇၁ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက်နေ့၊ (၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်၊ တနင်္ဂနွေနေ့) နံနက်ပိုင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

           ဆရာကြီးလူထုဦးလှရဲ့ သားသမီးများ ဖြစ်ကြတဲ့ ဒေါက်တာဒေါ်သန်းရင်မာ၊ ဒေါ်တင်တင်ဝင်း၊ ဦးငြိမ်းချမ်း (စာရေးဆရာညီပုလေး)တို့က ဖခင်ကြီးရဲ့ ဇာတိမြေ ညောင်လေးပင်မြို့၊ တောရကြီးကျောင်း စာသင်တိုက်မှာ သံဃာတော်အပါး ၃၀၀ ကျော်ကို လှူဘွယ်ဝတ္ထုများနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းပြီး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖခင်အတွက် ကောင်းမှုကုသိုလ်များကို ရေစက်ချ အမျှဝေခဲ့ကြပါတယ်။

          ဇာတိမြေမှာ ပြုလုပ်တဲ့ ဆရာကြီးလူထုဦးလှရဲ့ နှစ် ၁၀၀ ပြည့်ပွဲကို ပုဇွန်မြောင်းကျေးရွာနဲ့ ညောင်လေးပင်တ၀ိုက်က ရပ်မိ၊ ရပ်ဖများ၊ ဆွေမျိုး မိတ်သင်္ဂဟများနဲ့ ဆရာကြီးကို ချစ်ခင်လေးစားကြတဲ့ မျိုးဆက်သစ် စာပေတပည့်သားမြေးများ တက်ရောက်ခဲ့ကြပါတယ်။

          “ဦးလေးလှက ရွာကို သံယောဇဉ် ကြီးပါတယ်။ ရွာအတွက် သူတတ်နိုင်သမျှ အကျိုးပြုခဲ့တယ်။ အခုအထက်တန်းကျောင်းဖြစ်နေတဲ့ ရွာရဲ့ စာသင်ကျောင်း စဆောက်ဖို့ ၁၉၆၀ ၀န်းကျင်က ငွေကျပ် ၁ သောင်း လှူပြီး မတည်ခဲ့တယ်။ ရွာအတွက် စာကြည့်တိုက် ထောင်ပေးခဲ့တယ်။ ရွာထိပ်က ဘုရားသုံးဆူ ဘုရားကိုလည်း ပြုပြင် မွမ်းမံပေးခဲ့တယ်။ ရွာကိုစာပေဟောပြောပွဲ လာလုပ်ပြီး လူငယ်တွေ တိုးတက်ကြီးပွားအောင်၊ စာရိတ္တကောင်းအောင်၊ ကျန်းမာရေးလိုက်စားအောင် တခြား စာရေးဆရာကြီးတွေပါ ခေါ်ပြီး ဟောပြောတာမျိုး လုပ်ခဲ့တယ်။ သူရေးတဲ့စာအုပ်တွေ ထွက်တဲ့အခါ ရွာက ငယ်သူငယ်ချင်းတွေဆီကို လက်မှတ်ထိုးပြီး အမြဲပို့ပေးတယ်။” ဟု ပုဇွန်မြောင်းရွက အသက် ၈၁ နှစ် အရွယ် လယ်သမားအဘိုးအိုတဦးက ပြောပြပါတယ်။

           “ပုဇွန်မြောင်းရွာကနေ သာသနာ့အာဇာနည်တွေ ဖြစ်ကြတဲ့ အဂ္ဂမဟာပဏ္ဏိတ၊ ရန်ကုန်မြို့ ကျောက်ကုန်း မေဒိနီဆရာတော် ဘဒ္ဒန္တအဋ္ဌာရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ညောင်လေးပင်တောရ သတ္တမ နာယကဆရာတော် ဘန္ဒန္တနိပုဏ၊ အဂ္ဂမဟာပဏ္ဏိတ ညောင်လေးပင်တောရ တတိယ နာယကဆရာတော် ဘန္ဒန္တ အရိယ၊ အဂ္ဂမဟာပဏ္ဏိတ မဒေါက်မြို့၊ ပန်းငွေရုံတောရ၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမန တို့ ပေါ်ထွက်ခဲ့ကြပြီး လူအာဇာနည်အနေနဲ့ စာရေးဆရာ၊ သတင်းစာဆရာ လူထုဦးလှ ပေါ်ထွက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။” ဟု ညောင်လေးပင်မြို့ တောရကြီးကျောင်း စာသင်တိုက်မှ ဆရာတော်တပါးက မိန့်ကြားခဲ့ပါတယ်။

           ကြွရောက်လာကြတဲ့ မိတ်သင်္ဂဟများကို နံနက်စာနဲ့ တည်ခင်းဧည့်ခံပြီး ဆရာကြီးလူထုဦးလှ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးအလှူဒါနကို နံနက် ၁၂ နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ဆရာကြီး လူထုဦးလှ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် လူထုကြီးပွားရေးပုံနှိပ်တိုက်က အမေလူထုဒေါ်အမာရေးတဲ့ ကျမရေးတဲ့ သူ့ဘ၀ – လူထုဦးလှ စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts