>Burmese Comedian Metta stopped at the Rangoon Airport

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မေတ္တာဦးဆောင်သော မြန်မာအငြိမ့်အဖွဲ့၏ ဂျပန်ခရီးစဉ် ရန်ကုန်လေဆိပ်တွင် တားမြစ်ခြင်းခံရ

သတင်းရေးသူ  သန့် မျိုးထွေး ( မိုးသောက်ကြယ် )
ဇန်န၀ါရီ ၂၄၊ ၂၀၁၀
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် လူရွှင်တော်မေတ္တာ ဦးဆောင်သော အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်းလည်းဖြစ်သည်။
ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရခြင်းလည်းဖြစ်သည်။
လေဆိပ်တွင်  D ဖောင် ထုတ်ပေးပြီးခါမှ ပြည်ထဲရေးက ခွင့်မပြုချက်မရဟု ဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့သွားရောက်၍ အင်တာဗျူးတွေ လုပ်နေကြောင်းလည်း သိရှိရသည်။
ကိုမေတ္တာတို့အဖွဲ့ကို ဂျပန်သို့ သွားရောက်ဖျော်ဖြေမည် ဆိုကတည်းက ရုပ်ရှင်နှင့် သဘင်ကောင်စီတို့မှ ခေါ်ယူ မေးမြန်းမှုတွေ ပြုလုပ်ခံရကြောင်း၊ ဂျပန်ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့အဖြစ် ပြန်လည်ရွေ့ပြောင်းမှုတွေ ပြုလုပ်ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာ နှောင့်နှေး ကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက်မေးမြန်းကြည့်ရာ “ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီး တားထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇာတ်တို့၊ ရုပ်ရှင်တို့ ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ”
ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ
“ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကို ဖျော်ဖြေတင်ဆက် ဖို့အတွက်သွားမှာပါ။ ဒါဘဲရှိတာပါ” ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စအတွက် တာဝန်ခံခေါ်ယူပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ (kimihiko higurashi) ပွဲ မဖြစ်မြောက်သည့်အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။
ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်” ဟု ခေါင်းစဉ်ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့) တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။
ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီး ယခုလိုဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်း မရှိခဲ့ကြောင်း သိရသည်။
(၎င်းတို့အဖွဲ့က ထုတ်ပြန်သော ပရိသတ်သို့ တောင်းပန်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဆာကူရာပျော်စရာအငြိမ့်ပွဲကို ကြိုတင်လက်မှတ်ဝယ်ယူပြီး ပျော်ရွှင်စွာစောင့်စားနေကြသော ဂျပန်၊ မြန်မာမိတ်ဆွေ ပရိတ်သတ်များခင်ဗျား…..
၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (တနင်္ဂနွေနေ့) IKEBUKURO, KOKAIDO HALL
တွင် ကျင်းပရန် မူလကစီစဉ်ထား ပါသည်။ မြန်မာနိုင်ငံမှ အနုပညာရှင်များသည် ဂျပန်နိုင်ငံဝင်ခွင့်ဗီဇာကို လက်ဝယ်ရရှိထားပါသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည်မှ ထွက်ခွာရန် အခက်အခဲအချို့ ရှိနေပါသဖြင့် အငြိမ့်ပွဲအစီအစဉ်အား ရက်အနည်းငယ် ရွေ့ဆိုင်းရမည် ဖြစ်ပါသည်။ ထို့အတွက် လေးစားရသောဂျပန်၊မြန်မာ ပရိတ်သတ်များအားလုံး နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ် ပါသည်။ ပြန်လည်တင်ဆက်မည့်ရက်ကို ထပ်မံအသိပေးကြေငြာပေးပါမည်။
အထူးကျေးဇူးတင်ရှိလျက်
ပွဲစီစဉ်သူများနှင့် အနုပညာရှင်များ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts