>Maung Swan Yi – Tin Moe and Upper Burma Writers Association (1963 – 1973)

>

ကဗျာဆရာတင်မိုးနဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း (၁၉၆၃-၇၃)
မောင်စွမ်းရည်
ဇန်န၀ါရီ ၂၃၊ ၂၀၀၁
          “ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း” ဆိုတာ မန္တလေးမှာ ၁၉၅၀-၅၁ လောက်ကစ ပြီးရှိခဲ့ပါတယ်။ လူထုဦးလှ ဦးဆောင်စည်းရုံးဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ စစ်အစိုးရက တပါတီ အာဏာရှင်စနစ် ကျင့်သုံးအုပ်ချူပ်တော့မယ်လို့ ပြင်ဆင်တဲ့အခါ ရှိနေကြတဲ့ ပါတီတွေ အသင်း အဖွဲ့တွေ အားလုံးကို ဖျက်သိမ်းဖို့ ကြေငြာပါတယ်။ သူတို့ပါတီက ဦးဆောင်မှုနဲ့ “ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့” ဆိုတာ တခုတည်းပဲ ထားရှိမယ်ဆိုပြီး စည်းရုံးပြင်ဆင်ပါတယ်။ ကျနော်တို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကလဲ သူတို့ဖွဲ့တဲ့ အဖွဲ့အစည်း မပေါ်ပေါက်သေးခင်တော့ထားဦးမယ်လို့ ကြေငြာပြီး ၁၉၇၂ ခုနှစ်အထိ မဖျက်သေးဘဲ တောင့်ခံထားခဲ့ပါတယ်။
          အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဟာ ၁၉၅၀ ခုနှစ်က ၁၉၆၂ ခုနှစ်အထိ နှစ်စဉ် နှစ်တိုင်း စာဆိုတော်နေ့တွေမှာ ရန်ကုန်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးရဲ့ အစဉ်အလာကို  ဆက်ခံနည်းယူပြီး ပြဇာတ်တွေကခဲ့ပါတယ် တခါတရံ စကားရည်လုပွဲတွေ လုပ်ခဲ့ပါတယ်။ စာတန်းဖတ်ပွဲတွေတော့ မလုပ်ဖြစ်ခဲ့ဖူးပါဘူး။ အဖွဲ့ဝင်များကတော့ စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ သတင်းထောက်တွေပဲ များပါတယ်။ တက္ကသိုလ်ကျောင်းသား စာရေးဆရာတွေက ကျနော်တို့ခေတ်နဲ့ နှိုင်းစာရင်နည်းခဲ့ပါတယ်။ ကျနော်တို့ရဲ့ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း တိုးတက်စည်ကားလာတော့မှ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းမှာလဲ တက္ကသိုလ် ကလောင်ရှင်တွေ တိုးပွားစည်ကားလာပါတယ်။
          မန္တလေးတက္ကသိုလ် ကလောင်ရှင် အသင်းဟာ ၁၉၅၆-၅၇ က စတင်ပြီး အထူး တိုးတက်စည်ကားလာပါခဲ့ပါတယ်။ တက္ကသိုလ်ဝင်း (ကိုဝင်းမောင်-ကွယ်လွန်)၊ တင်မိုး (ကိုဗဂျမ်း- ကွယ်လွန်)၊ မောင်သိန်းနိုင် (ယခု ဂုဏ်ထူးသိန်းနိုင်)တို့ ဦးဆောင်မှ စည်ကားလာတာပါ။ သူတို့ မရောက်ခင်က “တက္ကသိုလ်မြန်မာအသင်းကြီး” နဲ့ ယှဉ်တွဲနေပြီး အားနည်းခဲ့ပါတယ်။ ကျနော်တို့ (မောင်မိုးသူ-မောင်စွမ်းရည်)လဲ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားညီညွှတ်ရေးတာဝန်တွေ ယူထားရာကနေ ကိုယ်ဝါသနာပါတဲ့ စာပေဘက်ကို ဦးလှည့်ပြီး အားပေးပါဝင်လာခဲ့ကြပါတယ်။ တက္ကသိုလ်မောင်စောလွင် (တကသဥက္ကဋ္ဌ ကိုစောလွင်-ကွယ်လွန်)၊ ကြည်အောင် (ကိုကြည်လင်-ကွယ်လွန်)၊ ဘုတလင်ရွှေစိုး (တက္ကသိုလ်ကိုစိုးဝင်းမောင်-ကွယ်လွန်)တို့လဲ အားဖြည့်လာကြပါတယ်။
          တကယ်တော့ ကျနော်တို့ ၁၉၅၆-၅၇ အုပ်စုအရင်က မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းကို ၁၉၅၃ လောက်ကတည်းက စတင်တည်ထောင်ခဲ့သူတွေအထင်အရှားရှိခဲ့ပါတယ်။ သူတို့က အသေစောကြတယ်။ တချို့က အလုပ်ထွက်လုပ်ကြပါတယ်။ တက္ကသိုလ်နွယ်ထွန်း (ကိုထွန်းအံ-ကွယ်လွန်)၊ မောင်အောင်သျှန် (ကိုအောင်သျှန်)၊ ဘုတလင်ချစ်လေး( ကျောင်းဆရာ ထွက်လုပ်နေစဉ်-ကွယ်လွန်သူ ဦးချစ်မောင်)၊ မောင်ပေါက်စည်- မန်းတက္ကသိုလ်(ကျောင်းထွက်ပြီး ခရစ်ယာန်သာသနာပိုင်ချူပ် လုပ်နေရာက ကွယ်လွန်သွားသူ အင်ဒရူး(မြဟန်))၊ ညွန့်အေး-အင်းဝ (ကျောင်းဆရာ ထွက်လုပ်နေရာက ကွယ်လွန်သွားသူ ဦးကံညွန့်) တို့ ရှိကြပါတယ်။
ဇော်ဇော်အောင် (ခေါ်)ဇော်-သလ္လာ ယခု မြန်မာစာ ကထိက အငြိမ်းစား ဦးဇော်မြင့်၊တက္ကသိုလ် မောင်ထွန်းဝေ (ရှေ့နေ-ဦးထွန်းဝေ)၊ ကိုလေး(အင်းဝဂုဏ်ရည်) ကတော့ ရှိကြသေးတယ်။ ကျောင်းသူထဲကတော့ ယုဝတီကလောင်ရှင် ညီအစ်မ ပင်းယဋ္ဌေးနဲ့ ပင်းယမွှေးတို့ ကေသီလှိုင် (ခေါ်)အရိုင်း ရွှေမန်း ညာမြေ (ကထိကဒေါ်ခင်စုလှိုင်) တို့ ထင်ရှားခဲ့ပါတယ်။ ဒီလောက်များပြားတဲ့ ကလောင်ရှင်တွေ ထင်ရှားခဲ့ပါတယ်။ ဒီလောက်များပြားတဲ့ ကလောင်ရှင်တွေ ထွက်ပေါ်လာတဲ့အခါ အနည်းနဲ့ အများဆိုသလို အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ထဲကိုရောက်ကုန်ကြပါတယ်။ အဲ့ဒီအခါ အသင်းက ပိုပြီးတောင့်တင်းလာပါတော့တယ်။
          အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းညီလာခံ တခုကို ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ လုပ်ပါတယ်။ အသင်းကိုလဲ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ် ဥက္ကဋ္ဌ ကတော့ ထုံးစံအတိုင်း လူထုဦးလှ ပဲဖြစ်ပါတယ်။ ဒုတိယ ဥက္ကဋ္ဌ က ဦးကြည်မြနဲ့ မောင်သိန်းနိုင် (ယခု ဂုဏ်ထူးမောင် သိန်းနိုင်) အတွင်းရေးမှုးက ဂုဏ်ထူးမောင်သိင်္ဂါတဲ့ သူက အခုမောင်သာနိုးပါ တွဲဖက်အတွင်းရေးမှုးက မောင်စွမ်းရည်နဲ့ မောင်မိုးသူပါ ဘဏ္ဍာရေးမှုးက တက္ကသိုလ်မောင်စောလွင်ပါ၊ အမှုဆောင်အဖွဲ့မှာ လူထုဦးလှနဲ့ မောင်ကြည်မြတို့ကလွဲလို့ ကျန်တာက တက္ကသိုလ်ကချည်း ဖြစ်လာပါတယ်။ တင်မိုးက ၁၉၆၃ မှာ ရန်ကုန်ကို တနှစ်ဆင်းသွားလို့ အမှုဆောင်အဖွဲ့မှာ မပါခဲ့ဘူး၊
အသင်းကလဲ စစ်အစိုးရ (မဆလ)က ဖျက်ခိုင်းထားတော့ ပြန်မဖွဲ့ရဘူး ဖွဲ့ခွင့်လဲမရှိဘူး။ ဒီလိုနဲ့ အမှုဆောင်အဖွဲ့ဟာ ၁၀ နှစ်လောက်သက်တမ်းကို ရောက်သွားခဲ့ပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ နတ်တော်လကို စာဆိုတော်လလို့သတ်မှတ်ပြီး ဟောပြောပွဲတွေ နယ်တကာသွားကြတယ်။ တက္ကသိုလ်ပါမောက္ခတွေ ကထိကတွေနဲ့ အတူ အမှုဆောင်အဖွဲ့ဝင်တွေကလဲ စာတမ်းဖတ်ကြတယ်။ နှစ်စဉ်စာတမ်းပေါင်းချူပ်တွေလဲ ထုတ်ဖြစ်ကြတယ်။ ဒီလိုလုပ်ဆောင်ချက်တွေ အပြင် ရန်ကုန်ရှိမြန်မာနိုင်ငံ စာရေးဆရာအသင်းက ပြဇာတ်ကတာ စကားရည်လုပွဲလုပ်တာတွေထက် အကျိုးရှိတယ်လို့ ကောက်ချက်ဆွဲချင်ပါတယ်။
          ကျနော်တို့စာတမ်းတွေဟာ စာပေဗိမာန်က စာတမ်းတွေလိုပဲ တက္ကသိုလ်သုတေသီတွေနဲ့တကွ စာပေသုတေသီတွေနဲပ သမိုင်းသုတေသီတွေ ကိုးကား ရည်ညွှန်းစရာတွေ ဖြစ်လာတာကို အခုတွေ့နေရပါတယ်။ ဒီလိုစာတမ်းတွေ ရေးသားတင်သွင်းခဲ့ကြသူတွေထဲမှာ နှစ်စဉ် မှန်မှန်တင်သွင်းသူ တဦးကတော့ တင်မိုးဖြစ်ပါတယ်။ ရန်ကုန်ပြောင်းသွားတော့လဲ စာဆိုတော်နေ့ဆိုရင် မန္တလေးကို ပြန်လာပြီး မပျက်မကွက် ပါဝင်ဆင်နွဲခဲ့တာ တွေ့ရပါတယ်။( ကြည်အောင် က ၁၀ နှစ်လောက် ရှောင်နေရတယ်)
          တင်မိုးတင်သွင်းခဲ့တဲ့ စာတမ်းတွေကို စာရင်းထုတ် တင်ပြလိုက်ပါတယ်။
၁။ “မြန်မာကဗျာနှင့် အလားအလာ” (၁၉၆၃)
၂။“လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်” (၁၉၆၄)
၃။“ယနေ့ ဗမာစာပေ” (၁၉၆၅) (မောင်စွမ်းရည်နဲ့ ပူးတွဲရေးသားတင်သွင်းခဲ့ပါတယ်)
၎။“ကဗျာသစ်တီထွင်ကြတဲ့ အစဉ်အလာ” (၁၉၆၆)
၅။“စာဆိုနှစ်ပါး စိုက်ပျိုးခဲ့တဲ့ အပင်” (၁၉၆၇ – ရှင်မဟာရဋ္ဌသာရ နှစ် ၅၀၀ အထိမ်းအမှတ်)
၆။“ကဗျာလမ်း” (၁၉၆၈)
ရ။ “ကဗျာဆိုင်ရာ ပြဿနာတအချို့” (၁၉၆၉)
၈။ “ဒေါက်တာမောင်ဖြူး သူ့ဘ၀နှင့် သူ့စာ” (၁၉၇၀-မောင်သာနိုးနဲ့ တွဲရေး)
၉။ “ကနေ့ စာပေရှုခင်း” (၁၉၇၁-၇၂) (မောင်စွမ်းရည်၊ တင်မိုး၊ မောင်သာနိုး – သုံးယောက်တွဲ)
          ဒါပြီးတော့ “မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့” ခေါ်တဲ့ စစ်အစိုးရ ဖွဲ့စည်းတဲ့ စာရေးဆရာ အသင်းဖွဲ့လို့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းလဲ ရပ်ဆိုင်းလိုက်ရပါတယ်။ ကျနော်လဲ ရန်ကုန်ကို ရွှေ့ပြောင်းသွားခဲ့ပြီး စာတမ်းဖတ်ပွဲတွေမှာ ဆက်ရေးသားတင်သွင်းပါတယ်။ တင်မိုးလဲ အလားတူပဲ ဆက်လုပ်နေပါတယ်။
          အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းဟာ စာရေးဆရာသမ၀ါယမအသင်း လိုဟာမျိုး စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ဖို့ အစီအစဉ်ရှိခဲ့ပါသေးတယ်။ နှစ်စဉ်စာတမ်းတွေကို စုပေါင်းပြီး စာအုပ်တွေထုတ်ခဲ့တယ် “အညာမြေခေတ်ကဗျာ” ဆိုတဲ့ အထက်ဗမာနိုင်ငံ ကဗျာဆရာတွေရဲ့ လက်ရာကဗျာပေါင်းချူပ်စာအုပ်တအုပ် (၁၉၆၃)၊ အလားတူပဲ ကလေးစာပေနှစ်အထိမ်းအမှတ်အဖြစ် ကလေးကဗျာပေါင်းချူပ် “ဖိုးလမင်းကဗျာများ”(၁၉၆၅)၊ “လယ်ကွင်းထဲက လူထုတေးသံ” (ဗုံကြီးသံကောက်စိုက် သီချင်းများ)(၁၉၆၈)ကိုလဲ ထုတ်ဝေဖြစ်ခဲ့ပါတယ်။
          ခေတ်ကဗျာနှစ်အုပ်ကို တင်မိုးဦးဆောင်ပြီး ကျနော် ကူညီစီစဉ်ပေးခဲ့ပါတယ်။ “လယ်ကွင်းထဲက လူထုတေးသံ” တွေကတော့ ကျနော်စုစည်း အမှာစာရေးပြီး ထုတ်ခဲ့တာပါ။ လူထုဦးလှ စုဆောင်းထားတာတွေကိုပါ ထည့်သွင်းခဲ့ပါတယ် ခြုံငုံသုံးသပ်ရရင် ကွယ်လွန်သူ ကဗျာဆရာတင်မိုး လုပ်ခဲ့တဲ့ စာပေလုပ်ငန်းတွေ အများကြီးပါလားလို့ တွေ့ရှိဝမ်းသာရပါတယ်။
          မန္တလေးမှာ“သပြေစာအုပ်တိုက်” “ကမ္ဘာ့ခေတ်စာအုပ်တိုက်” တို့မှာလဲ သူပဲ ဦးဆောင်ခဲ့ပြီး “ဖန်မီးအိမ် စာအုပ်တိုက်” ကိုတော့ သူပိုင်အဖြစ် ထူထောင်ခဲ့ဖူးပါတယ်။ သူ့စာအုပ်တွေထက် သူ့ သူငယ်ချင်းစာအုပ်တွေကို ဦးစားပေးထုတ်ဝေခဲ့ပါတယ်။
          သူ့ရဲ့စာတမ်းစာရင်းကို ၂၀၀၉ ခုနှစ်၊ ဇွန်လထုတ် “မြန်မာသစ် ရသစုံမဂ္ဂဇင်း”က အောင်မြင့်ဦး(မန္တလေး)ရဲ့ “အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း” ဆောင်းပါးထဲက ကူးယူပါတယ်။
သူ့ သူငယ်ချင်း သူ့သားသမီးတွေနဲ့ သူ့တပည့်တွေက စာအုပ်ဖြစ်အောင် ကြိုးစားကြဖို့ လမ်းခင်းပေးတာပါပဲ။ တင်မိုးစာ တင်မိုးကဗျာ ကမ္ဘာတည်စေသော်။
၂၀၀၉ ဒီဇင်ဘာ ၁ရ
(ဓာတ်ပုံ – ၂၀၀၆ မိုးမခ ၃ နှစ်ပြည့် မိတ်ဆုံပွဲမှာ တင်မိုးနဲ့ မောင်စွမ်းရည်က စာအုပ်ဈေးခင်းတခုကို အားပေးနေစဉ်။ မေတ္တာနန္ဒ၀ိဟာရ ဖရီးမောင့်ကျောင်း။ အလည်ကလူ – မိုးမခ၀ိုင်းတော်သား – ကိုကျော်။ ဓာတ်ပုံ – ကိုဦး။ http://oothandar.blogspot.com/ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts