>May Nyane – Remembering Saya Gyan

>

ဆရာဂျမ်း လွမ်းမပြေ…
မေငြိမ်း
ဇန်န၀ါရီ ၂၂၊ ၂၀၁၀
http://4.bp.blogspot.com/_QbuIW13zOBk/SXgrcyE6bRI/AAAAAAAAEcQ/XY-et7Jguxg/s320/tm2006novmmk.gif
         ၃နှစ်… တဲ့။ ချစ်ခင်သူတွေက ဆရာဂျမ်းလို့ ခေါ်ကြတဲ့ ကဗျာဆရာ တင်မိုး… ၂၀၀၇ ဇန်န၀ါရီလ ၂၂ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရတာဆိုတော့ တကယ်ပဲ ၃နှစ်တင်းတင်း ရှိသွားခဲ့ပါပြီ။ စာပေမြတ်နိုးသူတွေ.. ကဗျာချစ်သူတွေ… မြန်မာမှုကို တန်ဖိုးထားသူတွေ အတွက်တော့ မနေ့တနေ့ကလို ပူဆွေး လွမ်းဆွတ် တမ်းတနေရဆဲ…။

+++++
ကံကောင်းတာက ဆရာ မကွယ်လွန်မီ ၂၀၀၆ခုနှစ်ထဲမှာ ဆရာ ထိုင်းကို လာတော့ ကျမ ဆရာ့အနားမှာ လနဲ့ချီပြီး နီးနီးကပ်ကပ် နေခွင့်ရခဲ့.. ဆရာ့ဆီက ဗဟုသုတအနှစ်သာရတွေ ရခဲ့..။ အမှတ်တရ အဖြစ်အပျက်တွေ ကြုံခွင့် ကြားခွင့် ရခဲ့။ ဒါပေမဲ့ ကံမကောင်းတာက အဲလို တွေ့ဆုံနီးကပ်ခဲ့ရတာကြောင့်ပဲ ဆရာမရှိတော့တဲ့အဖြစ်က ကျမကို ပိုထိခိုက်စေခဲ့ရတာ မဟုတ်လား..။ ဒါပေမဲ့ ဆရာ့အနားနေပြီး ဆရာ့ကို မိဘလို ပြုစုခွင့်မျိုး ရခဲ့ဖူးတဲ့အတွက်တော့ ခုချိန်မှာ လွမ်းဆွတ်ပီတိဖြစ်ရပါတယ်။
ကျမအဲလိုပြောတော့ ဆရာဂျမ်းနဲ့ ပတ်သက်ပြီး ကျမလိုပဲ ခံစားရသူတွေ အများကြီး ရှိနေတာ သိတ်ရသွားပါတယ်။ ကြည့်ပါဦး…  အဲဒီ ကဗျာဆရာကြီးကို ချစ်ကြ ခင်ကြတာ အံ့သြစရာ မကောင်းဘူးလား…။ တကယ်ဆို ဘယ်လို ဂုဏ်ပကာသနမှ မရှိ။ ရာထူးဌာနန္တရ မရှိ၊ အမိန့် အာဏာ မရှိ..။ အဲဒီလို အဖိုးကြီးတယောက်ကို သွေးမတော်သားမစပ်တွေက အရိပ်တကြည့်ကြည့် ချစ်ခဲ့ကြရတာ..။ ဘာကြောင့်လဲ…။
သူ့ရဲ့ အနုပညာမြောက် ကဗျာတွေကြောင့်လား..၊ ရသပါလှတဲ့ အက်ဆေးတွေကြောင့်လား..၊ စေတနာပါလှတဲ့ နိုင်ငံရေးကဗျာတွေကြောင့်လား..၊ ဒါမှမဟုတ်.. ချစ်စရာကောင်းလှတဲ့ ကလေးကဗျာတွေကြောင့်လား…။ အင်းး အဲဒါတွေကြောင့်ချည်းပဲတော့ မဟုတ်နိုင်ပါ။ ဘာလို့ဆို အနုပညာကောင်းသော်လည်း စေတနာမကောင်းလှတဲ့ အနုပညာရှင်တွေကိုဆို အဲလို လှိုက်လှိုက်လှဲလှဲ ချစ်ကြ ခင်ကြ ၀ိုင်းကြ ၀န်းကြတာမျိုးမှ မရှိကြဘဲလေ..နော်။
ဒီတော့မှ ကျမ အဖြေတခုကို တွေးမိပါတော့တယ်။ အဲဒါကတော့ ရိုးဂုဏ်ဆိုတဲ့ တန်ဖိုး တခုကိုပါပဲ။ ဟုတ်ပါတယ်။ ကျမ ဆရာဂျမ်းဆီမှာ ရိုးဂုဏ်ကို တွေ့ပါတယ်။
+++++
ရိုးဂုဏ်ဆိုတော့ တန်းကနဲ သတိရတာက ဆရာဇော်ဂျီရဲ့ ရိုးဂုဏ်.. ဆိုတဲ့ ကဗျာလေးပေါ့။
“ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည်း…
သူကငြူစူ မကြည်ဖြူလည်း
ခွာယူမရ  ကွာမကျ…။”
အဲဒီကဗျာလေး.. တိုတိုနဲ့ ရှင်းရှင်း..။ Honesty is the best ဆိုတာကို ပေါ်လွင်စေတဲ့ ကဗျာ ပေါ့။ ကျမအမြဲ နှစ်နှစ်ခြိုက်ခြိုက် ယုံယုံကြည်ကြည်နဲ့ ရွတ်လေ့ရှိတဲ့ ကဗျာလည်း ဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်ခြင်းရဲ့ ဂုဏ်ရည်ကို ဘယ်သူ မျက်ကွယ်ပြုနိုင်ပါသလဲ..။ ပြီးတော့ ဘယ်သူကမှ ခွာယူသွားလို့ မရတဲ့ တန်ဖိုးလည်း ဖြစ်ပါတယ်… တဲ့ ။ ယဉ်ကျေးဂုဏ်ဆိုတာကတော့ သူတကာကို စိတ်ဆင်းရဲအောင်မလုပ်သူမှန်သမျှဟာ ယဉ်ကျေးသူများပဲ မဟုတ်လား..။
ဟုတ်တာပေါ့..။ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် စွဲစွဲလန်းလန်း ချစ်ကြသလဲ..။ လွတ်လပ်ရေး အရ ယူပေးခဲ့တဲ့ ကျေးဇူးရှင်ဖြစ်တဲ့အပြင် ကျမတို့ တသသ ပြောနေခဲ့ကြ ရတာက သူ့ရဲ့ ရိုးသားဖြူစင်မှုကို မဟုတ်ပါလား။ ၀န်ကြီးဖြစ်နေတာတောင် ကုတ်အင်္ကျီနွမ်း လေးနဲ့ နေတဲ့..၊ ရုပ်ရှင်ကို ငါးမူးတန်းက ကြည့်တဲ့၊ စကားပြောပွင့်လင်းတဲ့၊ သူနာပြုဆရာမလေးကို ပိုးတဲ့၊ ကြည်.. ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်ဆိုတဲ့ ရိုးသားမှုကို ကျမတို့ တမ်းတမ်းတတ ရှိနေခဲ့ကြရတာမဟုတ်လား..။ ဗိုလ်ချုပ်ကို ဆရာကြီးဒဂုန်တာရာက အောင်ဆန်း သို့မဟုတ် အရိုင်း.. လို့ရေးတော့ ဗိုလ်ချုပ်က ကိုဌေးမြိုင်ရေးသလောက်တော့ ကိုယ် ဒီလောက်လည်း မရိုင်းပါဘူးကွာ..လို့ ဇနီးသည်ကို ပြောပါတယ်တဲ့။ တကယ်တော့ ဆရာကြီးရေးတာက သဘာဝဆန်တဲ့ အရိုင်း.. ကို ရေးတာပါ..။ ဒါကြောင့်ပဲ ကိုယ့်တိုင်းသူပြည်သားတွေအပေါ် ကောင်းစားစေချင်ဇော ကရုဏာဒေါသောနဲ့ နင့်နင့်သီးသီးပြောတတ်တဲ့ ဗိုလ်ချုပ်ကို ကျမတို့ စိတ်မဆိုးနိုင်ဘဲ ချစ်ကြရတာ မဟုတ်ပါလား..။
နောက် မဟတ္တမဂန္ဓီကိုရော ဘာကြောင့်ချစ်သလဲ..၊ ရိုးသားတဲ့ အနေအထိုင် အပြုအမူ အပြောအဆိုနဲ့ ရိုးသားတဲ့ ယုံကြည်ချက်နောက် ဖြောင့်ဖြောင့်လိုက်တဲ့ ဂုဏ်ရည်ကို ချစ်ခဲ့ကြတာ..။ ပြန်စဉ်းစားကြည့်တော့ လူအတော်များများ(အမှန်တရားနဲ့ ရိုးသားမှုကို အထူးသဖြင့်တန်ဖိုးထားသူများ) ချစ်ခင်ကြည်ညိုလေးစားခဲ့ကြရသူတွေဟာ ရိုးသားမှုရှိသူတွေ ပဲလို့ သေချာတာတွေ့ရပါတယ်။
ဆရာဇော်ဂျီကို ကျမတို့ မြတ်မြတ်နိုးနိုးတန်ဖိုးထားခဲ့ကြတာ.. ရိုးသားတဲ့ အမြင်နဲ့ ရေးဖွဲ့ခဲ့တဲ့ ဗေဒါလမ်းကဗျာတွေနဲ့ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း.. ကဗျာတွေအပါအ၀င်.. တို့တိုင်းပြည်.. တို့၊ သင်သေသွားသော်.. တို့လို စေတနာပါလှတဲ့ အရိုးခံကဗျာတွေ စာတွေကြောင့်၊ နောက် ဆရာမင်းသုဝဏ်… လယ်စောင့်တဲ..လို ကဗျာလေးကနေ.. ဖိုးမောင်လာပြီ.. တို့ ၊ သူ့မှာတမ်း… တို့ ၊ ပျဉ်းမငုတ်တို.. တို့ ၊ သပြေညိုတို့လို ကဗျာတွေ.. ဘကြီးအောင်ညာတယ်လို.. အရိုးခံမေတ္တာဓာတ်နဲ့ ခံစားရတဲ့ စာမျိုးတွေကြောင့်တင်မက သူတို့ရဲ့ စာတွေထဲကတဆင့်မြင်ရတဲ့ ရိုးဂုဏ်ကြောင့်ပဲ မဟုတ်ပါလား။
အဲသလိုပဲ ရိုးဂုဏ်နဲ့ ချစ်ရတာ ဆရာကြီးဒေါက်တာသန်းထွန်းပေါ့။ ဘွင်းဘွင်းရှင်းရှင်းနဲ့ တဲ့တိုးပြောတတ်လွန်းတဲ့ အဲဒီဆရာကြီးကိုရော သူ့ရိုးဂုဏ်ကြောင့်ပဲ ချစ်ကြရတာမဟုတ်လား။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ကျမတို့ ၀န်းကျင်တခိုမှာ ရိုးဂုဏ်နဲ့ မြင့်မြတ်သူတွေ အများကြီး ရှိနေပါသေးတယ်။
ရိုးသားမှုဂုဏ်ရည်ဆိုတာကို ဘာနဲ့ ပြဋ္ဌာန်းလဲဆိုတာကို တွေးကြည့်တော့  မရိုးသားမှုဆိုတာနဲ့ ယှဉ်ပြောဖို့ လိုလာပါတယ်။ မရိုးသားမှုဆိုတာကတော့ အဖြစ်မှန်ကို ဖုံးကွယ်ပြီး လှည့်ဖြားတာ..၊ သူတပါးအပေါ် ကောက်ကျစ်ပြီး ကိုယ်ကျိုးရှာတာ..၊ ပတ်ဝန်းကျင်အပေါ် လိမ်လည်ပြီး ကိုယ်ကောင်းစားရေး လုပ်တာ..၊ ကိုယ့်ကို အထင်ကြီးအောင် တမင်ဖန်တီးတဲ့ အလုပ်မျိုးတွေ လုပ်ပြီး အခွင့်အရေးတစုံတရာ ယူတာ..၊ သူတပါးပျက်စီးရာပျက်စီးကြောင်း ကြံဖို့ ဟန်ဆောင်တာ..၊ ကိုယ်ကျိုး တစုံတရာအတွက် ကိုယ်တိုင် မယုံကြည်ဘဲ ယုံကြည်သယောင် ဟန်လုပ်တာ..၊ အဲဒါတွေကို မရိုးသားမှုလို့ အကြမ်းဖျဉ်း တွေးကြည့်လို့ ရပါတယ်။ ဒီတော့ အဲလိုတွေ မလုပ်တာက ရိုးသားမှုပေါ့။
တကယ်တော့လည်း ရိုးသားမှုဆိုတာက ကျယ်ပြောလှပါတယ်။ ရိုးသားမှုဆိုတာနဲ့ တွဲပြီး စေတနာဆိုတာတို့ မေတ္တာဓာတ်ဆိုတာတို့ အမှန်တရားဆိုတာတို့ပါ ပါလာတာကိုး..။ ဒါကြောင့်လည်း တန်ဖိုးကြီးလှတာပါ။ တကယ်တော့ ရိုးသားမှုဆိုတာကလည်း ဗီဇဓာတ်ခံမရှိရင် အတော်ကို ကြိုးစားယူရမယ့် (ကြိုးစားယူသင့်တဲ့.. ကြိုးစားယူလို့ရတဲ့) ဂုဏ်ရည်ပါပဲ..။
+++++
ဆရာဂျမ်းက.. ဘယ်သူ့ကိုမှ မကောက်ကျစ်.. သူ့အခွင့်အရေးအတွက် လိမ်လည်လှည့်ဖျား တာမျိုး မလုပ်..၊ သူတပါး ပျက်စီးရာပျက်စီးကြောင်းလည်း မကြံ..၊ အကျိုးလိုလို့ ညောင်ရေလောင်းတာလည်းမလုပ်..၊ မယုံကြည်တာကိုလည်း ယုံဟန်မဆောင်..၊ လူ့လောက လှပသာယာလိုစိတ်အကြည်ဓာတ်.. မေတ္တာဓာတ်က သူ့ဆီမှာ အပြည့်..။ အရိုးသားဆုံး အမြင်အတွေး ခံစားချက်တွေနဲ့ သူ့ အနုပညာကို ဖော်ထုတ်တာကပဲ သူ့ဂုဏ်ရည်..။ ဘယ်သူမှ ဖျက်လိုဖျက်ဆီးတိုက်ခိုက်လို့ မရတဲ့ ဗီဇဂုဏ်လည်း ဖြစ်ပါတယ်..။ အဲဒီ စိတ်အရင်းခံနဲ့ပဲ သူ့စာတွေ ကဗျာတွေကို ဖန်တီးတဲ့အခါ.. ကျမတို့ဟာ သူ့ဆီက စေတနာကို စားသုံးပြီး ပီတိ ဖြစ်ရပါတော့တယ်။ ဒါကြောင့်ပဲ သူ့ကို.. တင်မိုး.. ဆိုတဲ့ စာဆိုကြီးကို ကျမတို့ စွဲလန်းတသ မေ့မရ ဖြစ်နေရတာပဲ မဟုတ်ပါလား..။
++++++
တကယ်ဆို.. နောက်ထပ် နေမယ်ဆို နေလို့ရသေးတဲ့ အသက်အပိုင်းအခြားမျိုး.. အခြေအနေမျိုးမှာ ဆရာဂျမ်း ထွက်ခွာသွားရတာက စောလွန်းလှပါတယ်။ ကျမတို့မှာ အချိန်မတန်ဘဲရော.. အချိန်တန်ပေမဲ့လည်း နှမျောတသဖြစ်ရတဲ့ အဆုံးအရှုံးတွေ များလှပါပြီ။
          ခုလည်း ၃နှစ်တောင်ပြည့်ပြီတဲ့..။ ကျမအတွက်တော့ မနေ့တနေ့ကလို…
+++++++
၂၁ ဇန်န၀ါရီ ၂၀၁၀။