>
ကော်လိုရာဒို၊ အော်ရိုရာမြို့က ဓမ္မပါလကျောင်း တနှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီး
ကိုဦး၊ မိုးမခ ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၄၊ ၂၀၁၀
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့တွင် တည်ထောင်ထားသည့် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက် စနေ့နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နာယက ဆရာတော်တပါးဖြစ်သည့် ဖို့ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းဆရာတော် ဦးဝိစက္ခဏမှ ကြွရောက် ချီးမြှင့်အားပေးစကား မြွက်ကြားတော်မူရာတွင် “အခုလို တနှစ်တာ အချိန်တိုအတွင်းမှာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ထူးထူးခြားခြား အောင်မြင်မှုများရနေသည့်အပေါ်တွင် အားရဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နောက်မှာလည်း အခုလို ညီညီညွတ်ညွတ်ဖြင့် ကိုယ်ပိုင် ကျောင်းဆောင်တဆောင် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကြိုးပမ်း အားထုတ်သွားကြရန်” တိုက်တွန်းနိုးဆော်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ ဆုံးမသြဝါဒစကား မြွက်ကြားသွားသည်။
ထို့နောက် ထေရဝါဒ သာသနရက္ခိတအဖွဲ့မှ နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းရာ “အချိန်တိုတွင်းမှာ ကြီးမားသော အောင်မြင်မှုများရရှိခဲ့သော်လည်း ပထမနှစ် မြေစမ်းခရမ်းပျိုး ဆောင်ရွက်ရခြင်းများဖြစ်၍ အားမရဖွယ် လစ်ဟာမှုများ ရှိနေသေးကြောင်း၊ ဒါတွေကို သင်္ခန်းစာယူကာ နောင်နှစ်များတွင် ဆထက်တပိုးတိုး၍ တက်ညီလက်ညီဖြင့် ပိုမိုစည်းလုံးညီညွတ်စွာ သာသနာပြုသွားကြပါရန်” တိုက်တွန်းသွားသည်။
၎င်းနောက် အလှူရှင် ဒါယိကာ၊ ဒါယိကာမများက ပြီးခဲ့သည့် တနှစ်တာအတွင်း ဘုန်းတော်ကြီးကျောင်း လုပ်ငန်းဆောင်တာများ၊ ငွေကြေးသုံးစွဲမှု စသည့် အားနည်းချက် အားသာချက်များကို ပြန်လည် စိစစ်သုံးသပ်ခဲ့ကြပြီး နောင်လာမည့် ၂ နှစ် သက်တမ်းအတွက် ‘ကပ္ပိယကာရက’ အဖွဲ့သစ်အား တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ကော်လိုရာဒိုပြည်နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်မိသားစု ၅၀ ကျော်ရှိပြီး ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် ‘ထေရဝါဒ သာသနရက္ခိတအဖွဲ့’ ဟူ၍ ဖွဲ့စည်းကာ ‘ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း’ ကို ကျောင်းဆောင်တဆောင် ငှားရမ်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ။
(မိုးမခမှတ်ချက် – ပြည်ပရောက်မြန်မာတွေရဲ့ တဦးချင်း၊ မိသားစု၊ လူမှုအဖွဲ့အစည်း လှုပ်ရှားမှုတွေ၊ အတွေ့အကြုံ၊ အတွေးအမြင်တွေကို ရေးသားပေးပို့ပါ။ ဓာတ်ပုံတွေလည်း ပို့ပေးပါ။ မိုးမခတွင် အလျင်းသင့်သလို ဖော်ပြပေးပါမည်။ contact@moemaka.com ဆီ ပေးနိုင်သည်။)


