>May Dar Wii – Running Stone Man

>

ကျောက်ရုပ်ကျောက်ဖျက် …

မေဓါဝီ

ဇန်န၀ါရီ ၆၊ ၂၀၀၉

ငယ်ငယ်တုန်းက ကစားကြသော စိန်ပြေးတမ်း ကစားနည်းထဲမှာ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလည်း တမျိုးအပါအ၀င် ဖြစ်သည်။ ထုံးစံအတိုင်း လိုက်သူက တယောက် ပြေးသူက အများ။ ပြေးသူ တယောက်ယောက်အနီး လိုက်သူက ရောက်လာလျှင် ကိုယ့်ကို မိမှာစိုး၍ကျောက်ရုပ်ဟု အော်ပြီး ကျောက်ရုပ်ကြီးပမာ ငြိမ်သက် ရပ်တန့်လိုက်ရသည်။ လှုပ်၍ မရ၊ စကားပြော၍ မရ၊ လှုပ်မိလျှင် ရှုံးသည်။ ကိုယ်က ပြန်လိုက်ရမည်။
ထိုကျောက်ရုပ်ကြီးကိုမှ လွတ်လွတ်လပ်လပ် ပြေးလွှားနေသူ တယောက်ယောက်ကကျောက်ဖျက်ဟု အော်ကာ ဖျက်လိုက်ရသည်။ ထိုအခါမှ ကျောက်ရုပ်ကြီးက အသက်ဝင်ကာ ပြန်လည် ပြေးလွှားကစားနိုင်လေသည်။ လိုက်သူ ခွေးရူးက ပြေးသူအားလုံးထက် လျှင်မြန်၍ ပြေးသူအားလုံးကို ကျောက်ရုပ်ဖြစ်အောင် လုပ်နိုင်လျှင် ပထမဆုံး ကျောက်ရုပ်ဖြစ်သည့်သူက ပြန်လိုက်ရသည်။ ဤသို့ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလေးကို ငယ်ငယ်က ကစားခဲ့ကြဖူးပါသည်။

***

တခါတလေတော့ ဘာရယ်မဟုတ် ထိုကစားနည်းလေးကို ပြန်သတိရမိပါသည်။
ကိုယ်ပြောချင်တိုင်း လွတ်လွတ်လပ်လပ် မပြောနိုင်သည့်အခါ
ကိုယ်ရေးချင်တိုင်း လွတ်လွတ်လပ်လပ် မရေးနိုင်သည့်အခါ
ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် မသွားလာ မလှုပ်ရှားနိုင်သည့်အခါ
ကိုယ့်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် မထုတ်ဖော်နိုင်သည့်အခါမျိုးတွေမှာပေါ့။
သွားလာလှုပ်ရှားရင်း အခြေအနေအမျိုးမျိုးကြောင့် ရပ်တန့်လိုက်ရသည့်အခါ
ကိုယ်ကိုယ်တိုင် ကျောက်ရုပ်ဖြစ်သွားသလို ခံစားရသည်။
ပတ်ဝန်းကျင်ကို ကြည့်တော့လည်း ကိုယ့်လို ကျောက်ရုပ်တွေ တပုံတပင်။ ဘယ်သူက ပြေး၍ ဘယ်သူက လိုက်နေသလဲတော့ မသိ။ သေချာသည်ကတော့ အများစုသည် ကျောက်ရုပ်များသဖွယ် ငြိမ်သက်စွာ ရပ်တန့်နေကြလေ၏။ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းထဲကလို အန္တရာယ်က လက်တကမ်းမှာမို့များ ငြိမ်သက် နေကြလေသလား။
ဤသို့ဆိုလျှင် ထိုသို့ ငြိမ်သက် ရပ်တန့်နေသော ကျောက်ရုပ်များက မည်သည့်အချိန်မှ အသက်ပြန်ဝင်မှာလဲဟု တွေးမိပြန်သည်။ ဒီအတိုင်းကြီးတော့ ရေရှည် ငြိမ်သက် မနေချင်၊ နေလည်း မနေနိုင်။ မနေချင် မနေနိုင်လင့်ကစား ကိုယ်တိုင်ကား မည်သို့မျှ မတတ်နိုင်။ ငယ်ငယ်တုန်းက ကစားစဉ်ကတော့ ကိုယ် ကျောက်ရုပ်အဖြစ်သို့ ရောက်နေစဉ်မှာ လာရောက်ဖျက်မည့် ကျောက်ဖျက်သူကို မျှော်မိသည်။ ကျောက်ဖျက်သူ ကိုယ့်အနား မြန်မြန် ရောက်စေချင်လှသည်။ ငြိမ်မနေချင် ရပ်မနေချင်၊ အများသူငါကဲ့သို့ လွတ်လပ်စွာ ပြေးလွှားလိုလှသည်။
တကယ့်လက်တွေ့ဘ၀မှာလည်း ထိုနည်းတူစွာပင်၊ ကိုယ်ကိုယ်တိုင် ငြိမ်သက် ရပ်တန့်မနေချင်သလို တခြားသူများကိုလည်း ကျောက်ရုပ်တွေကဲ့သို့ ဖြစ်မနေစေချင်။ ထို့ကြောင့်လည်း သူလို ကိုယ်လို တုဏှိဘာဝေ နေကြသူ အများကို အသက်သွင်းပေးမည့် ခွန်အားရှိသော လက်တစုံကို မျှော်လင့်နေမိပြန်၏။ မည်သူကများ မည်သည့်အချိန်မှာ ကျောက်ရုပ်တွေကို အသက်သွင်းပေးမှာလဲဟု မရေမရာ မျှော်လင့်နေရင်းပင် အချိန်တွေလည်း ကုန်လှပြီ၊ အသက်တွေလည်း ကြီးလှပြီ။ သို့တိုင်ငြား ကျောက်ရုပ်တွေ များသည်ထက် များပြားလာသည်ကလွဲ၍ ဖျက်ပေးမည့်သူကား ယခုအချိန်ထိ ဟုတ်ဟုတ်ငြားငြား ပေါ်မလာသေး။
တကယ်တမ်း လိုက်သူ ခွေးရူးက တယောက်ထဲပင်။ ပြေးသူတွေက အများသား။ သို့ပေသည့် ပြေးသူတွေက ထုံအအနှင့် မလျင်မြန် မပါးနပ်ဘူးဆိုလျှင် ခွေးရူးက အားကောင်းလာပြီး ပြေးသူ အားလုံး ကျောက်ရုပ်ဖြစ်သွားကြမှာ မဟုတ်လား။ လောလောဆယ် အချိန်မှာတော့ ခွေးရူးက အားကောင်းစ ပြုနေသလိုပင်။ စဉ်းစားစရာ ရှိပြန်တာကပြေးသူတွေသည် အားစိုက်မပြေးချင်လို့ ရေသာခိုချင်လို့ ကျောက်ရုပ်ဖြစ်သွားကြသည်လား၊ ဒါမှမဟုတ်ပြေးရင်း တကယ်ပင် အမောဖောက်လာ၍ မပြေးနိုင်တော့လို့ ရပ်လိုက်ရသည်လား၊ ဒါမှမဟုတ် ခွေးရူး အနားရောက်လာ၍ မလွှဲမရှောင်သာ ရပ်လိုက်ရသည်လား သူ့အကြောင်းနှင့်သူတော့ ရှိကြမည်ချည်းသာ။
မည်သို့ပင်ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသည့် များပြားလှစွာသော ကျောက်ရုပ်ကြီးတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရေး အသက်သွင်းပေးမည့် ကယ်တင်ရှင် တစုံတယောက်တော့ဖြင့် ပေါ်လာလိမ့်လေနိုး မျှော်ကိုးနေမိပါတော့သည်။

***
မေဓာဝီ
၎၊ ဇန်န၀ါရီ၊ ၂၀၁၀
၀၇း၀၃ နာရီ
( ဒီနေရာကနေ တင်ပါတယ်။ ကျေးဇူးပါ၊ http://maydar-wii.blogspot.com/2010/01/blog-post_04.html )