Uncategorized

Daw Aung San Suu Kyi – D Speech

ဒီစကား
ဒေါ်အောင်ဆန်းစုကြည်
ဇွန် ၂၄၊ ၂၀၁၃


ဇွန်လ ၁၉ ရက်က ကျွန်မရဲ့ ၆၈နှစ်မြောက်မွေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အဖွဲ့ချုပ်ရုံးရှိတဲ့ ရွှေဂုံတိုင်မှာ စတုဒီသာကျွေးမွေးပါတယ်။ စတုဒီသာဆိုတော့ အရပ်လေးမျက်နှာကပေါ့နော်။ အရပ်လေးမျက်နှာကလာသူအားလုံးကို ခွဲခြားမှုမရှိ ကျွေး မွေးခြင်းပါ။ ကျွန်မကလည်း “စတုဒီသာ” မက ပြုလုပ်ချင်ပါတယ်။ ကျွန်မရဲ့ မွေးနေ့မှာ အရပ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံက ပို့သတဲ့ ဆုမွန်ကောင်း တွေအတွက် အရပ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံဘက်ကို ကျေးဇူး၊ မေတ္တာနဲ့တုန့်ပြန်ချင်ပါတယ်။
ကျွန်မကို မွေးနေ့ဆုတောင်းတွေ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ၊ စေတနာနဲ့ပို့သတာတွေကို ကျွန်မသိမှသိပါလေ စလို့ စဉ်းစားတာရှိပါလိမ့်မယ်။ အမှန်ပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ပို့သတဲ့မေတ္တာတွေကိုတော့ အ နည်းလေးမှမကျန် ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ဆုတိုင်းဟာ ထိရောက်ပါတယ်။ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမဲ့ ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။ များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင်မမှားပါဘူး။ မချမ်းသာတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ကျွန်မအပေါ်မှာ ရက်ရောကြပါတယ်။ စေတနာက အဓိကမို့ပေးတဲ့လက်ဆောင် အသေးအကြီး၊ တန်ဖိုးရှိမရှိကို ကျွန်မခွဲခြားမကြည့်ပါဘူး။
ကျွန်မက သိပ်အ၀ယ်သန်တဲ့သူမျိုးမဟုတ်ပါဘူး။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာက ကျွန်မမှာ ခရီးသွားသေတ္တာနှစ်လုံးထက်ပိုမလိုတဲ့ အဓိကကျတဲ့ပစ္စည်းတွေနဲ့ ခရီးသွားဖို့အတွက် လုံလောက်မဲ့ငွေပမာဏ ဘဏ်တိုက်ထဲမှာ ရှိနေရင်ကောင်းမှာပဲလို့။ ဘ၀တစ်ခုလုံးနဲ့ နှိုင်းပြောရရင် ၀န်ပေါ့ပြီး အပူအပင်ကင်းကင်းနဲ့ လျှောက်သွားချင်တယ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့နေနေရတဲ့ လောကကြီးက အနတ္တလေ။ အစိုးမရတဲ့ဘ၀မှာပဲ နေတတ်အောင်နေကြရတာ။ ကျွန်မအတွက် စိုးရိမ် ပူပင်ပေးကြတဲ့ မေတ္တာ၊ စေတနာရှင်တွေကို “ကျွန်မနေတတ်ပါတယ်” လို့ပဲ နှစ်သိမ့်ရတာပါပဲ။ ဒီလိုနေတတ်အောင်အတွက် အများပို့သတဲ့ မေတ္တာတွေက အများကြီးအထောက်အကူဖြစ်ပါတယ်။ Facebook တွေမှာမွေးနေ့ဆုတောင်းတွေပါတယ်ဆိုလို့ ကျွန်မကြည့်ဖို့ DVD ပေါ်မှာ ကူးပေးပါလို့မှာပါတယ်။ ဂရုတစိုက်နဲ့ သတိရကြောင်း အသိပေး သူများကို ကျေးဇူးတင်တန်ဖိုးထားကြောင်းလည်း ဒီကနေပြောပါရစေ။
ဖြတ်သန်းလာခဲ့တဲ့ ၆၈ နှစ်ကို ပြန်ကြည့်တဲ့အခါ အဓိကကျတဲ့ဖြစ်စဉ်တွေက ဘာများပါလိမ့်လို့ ကျွန်မကို မေးမြန်းကြတာရှိပါတယ်။ ကျွန်မ လည်း အဖြေရှာရခက်ပါတယ်။ အစကစရမယ်ဆိုရင် အဓိကကျတာကတော့ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်ခြင်းပါပဲ။ ဒီလိုပြောလို့ မေမေကကျွန်မအတွက် အဓိကမကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ဘ၀အပေါ်မှာ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တယ်ဆိုတဲ့အချက်ဟာ အများကြီးလွှမ်းမိုးတာကို ပြောချင်တာပါ။ နာမည်၊ သြဇာ၊ ကျော်ကြားမှုကြီးမားတဲ့ မိဘတွေက မွေးဖွားပြီး မိမိတို့ကိုယ်တိုင် နာမည်ကြီး သူများဖြစ်လာတဲ့ အချို့ပုဂ္ဂိုလ်တွေက မိဘအရှိန်အ၀ါကြောင့် မိမိတို့ကိုယ်တိုင် အရှိန်အ၀ါမြင့်တယ်ဆိုတာ လက်မခံကြဘူး။ လက်မခံတာကလည်း မိမိတို့ဘ၀အလျောက် အကြောင်းခိုင်မာမှုရှိတာတွေလည်း ရှိမှာပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ယခုကျွန်မ ရောက်ရှိနေတဲ့နေရာဟာ ဖေဖေ့ရဲ့ သမီးဖြစ်မှုနဲ့ အများကြီးဆိုင်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါဟာ ဂုဏ်ယူပြီးပြောတာလည်း မဟုတ်ပါ ဘူး။ နှိမ့်ချစိတ်နဲ့ပြောတာလည်းမဟုတ်ပါဘူး။ အဖြစ်ကို အဖြစ်အတိုင်းပြောတာပါ။
ဖေဖေ့ အပေါ် ပြည်သူတွေထားတဲ့ ယုံကြည်မှု၊ ကြည်ညိုလေးစားမှုနဲ့၊ မေတ္တာတွေဟာ ကျွန်မအပေါ် တစ်စိတ်တစ်ပိုင်း ကျရောက်လာခြင်းဟာ ကျွန်မအတွက်ဘယ်တော့မှ မဆုံးရှုံးနိုင်တဲ့ အမွေအနှစ်ပါပဲ။ မွေးနေ့မှာ့ ပထမဦးဆုံးကျေးဇူးတင်ရမှာကတော့ မွေးဖွားခဲ့တဲ့ မိဘတွေကိုပါ။ ဒါကြောင့်ကျွန်မ မကြာခဏပြောပါတယ်။ လူ့လောကမှာ အရေးကြီးတာ ရာထူး၊ နေရာ၊ ပိုက်ဆံ၊ ပစ္စည်းပဲဖြစ်တယ်။ ဖြောင့်မတ်တာတို့၊ ရိုးသားပွင့်လင်းတာတို့ကို အလေးထားတာ စိတ်ကူးယဉ်တယ်လို့ ထင်ကြသူများဖေဖေ့ကိုကြည့်ပါ။ ကျွန်မနှစ်နှစ်ကျော်လေးက ဆုံးပါးသွားပေမဲ့ အခုကျွန်မ ၆၈ နှစ်ပြည့်သည့်တိုင်အောင် မကုန်နိုင်တဲ့ အမွေတွေ ထားခဲ့ပါတယ်။ အင်္ဂလိပ်အဆိုတစ်ခု အရ သာမန်နိုင်ငံရေး သမားဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ 
တကယ့်နိုင်ငံ့အရေးစွမ်းဆောင်နိုင်သူများက နောက်မျိုးဆက်တွေ အတွက်စဉ်းစားတယ်။ ကိုယ့်နိုင်ငံရဲ့ နောက်မျိုးဆက်တွေအတွက် စဉ်းစားနိုင်စွမ်းနည်းသေးရင်တောင်မှ ကိုယ့်မ်ျိုးဆက်တွေအတွက်စဉ်းစားပြီး ကောင်းမွန်တဲ့နိုင်ငံရေး လုပ်သင့်ပါတယ်။ အင်မတန်ရှုပ်ထွေးပွေ လီတဲ့ နိုင်ငံရေးဖြစ်စဉ်တွေထဲက ခေါင်းဆောင်ကောင်းတွေထွက်လာနိုင်ဖို့ အရပ်လေးမျက်နှာက ကျွန်မတို့ပြည်သူတွေ က မေတ္တာမဲတွေနဲ့ ဆုံးဖြတ်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ဒီတစ်ပတ်တော့ဒီမျှသာ။
အတွဲ ၂၊ အမှတ် ၂၄။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts