>Quotes in Nov

>

မိုးမခ၏ နိုဝင်ဘာလ စာကိုး၊ စကားကိုး
နိုဝင်ဘာ ၂၄ ၊ ၂ဝဝ၉

“ရဲတပ်ဖွဲ့က အောက်ခြေရဲဘော်တယောက်ဟာ လစာ (၁၅၀၀၀) ကျပ်ပဲ ရပါတယ်။ တကယ်သုံးလိုက်ရင် (၄) ရက်(၅) ရက်စာပဲရှိပါတယ်။ ရဲတပ်ဖွဲ့ အသုံးအဆောင်တွေ ဖြစ်တဲ့ ယူနီဖောင်း၊ equipment ၊ ဖိနပ်ကြီး၊ လက် ထိပ် စတာတွေကို မိမိအစီအစဉ်နဲ့ပဲ ၀ယ်ရပါတယ်။ နိုင်ငံတော်က ထုတ်မပေးပါဘူး။ ဒါဆို သူတို့က သင်တန်း တုန်းက ထုတ်ပေးတယ်လို့ ပြောပါလိမ့်မယ်။ သင်တန်းတုန်းက ထုတ်ပေးတာကို အခု ခင်ဗျားတောင် သုံးသ လားလို့ မေးလိုက်ချင်ပါတယ်။ စကားပြောစက်လည်း မိမိအစီအစဉ်နဲ့ပဲ ၀ယ်ရပါတယ်။ ဒါကတော့ မ၀ယ်သေး လည်း ဖြစ်သေးလို့ ထားလိုက်ပါဦး။ ဖိနပ်ကြီးတရံကို ၉၀၀၀ိ/- နဲ့ ၁၀၀၀၀ိ/- ကြားမှာရှိပါတယ်။ နောက် လက် ထိပ်တကွင်းကို တရုတ်လက်ထိပ်က ၃၀၀၀ိ/- ရှိပါတယ်။ ထိုင်းလက်ထိပ်က ၁၂၀၀၀ိ/- ရှိပါတယ်။ ရတဲ့ လစာ နဲ့ ဘယ်လိုလုပ်မလဲ။ တခြားကုန်ကြစရိတ်တွေကလည်း မနည်းဘူးရှိသေးတယ်လေ။ ဒီတော့ မရရတဲ့နည်းနဲ့ပဲ ငွေရှာကြတော့တာပေါ့။ တရားတာတွေ မတရားတာတွေ ခေါင်းထဲမှာ မရှိကြတော့ဘူးလေ။

ဒီလိုလာဘ်စားမှုတွေက ရဲဘော်တွေ မပြောနဲ့၊ အရာရှိကြီးတွေက ပိုတောင်ဆိုးပါသေးတယ်။ ရဲတပ်ဖွဲ့ကို အင်မ တန်မှကို စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေတောင် စိတ်ကုန် စိတ်ပျက်နေကြပါပြီ”

ရဲအရာရှိတဦး
drlunswe.blogspot.com နိုဝင်ဘာ ၂၄

“တခါတရံမှာ မြန်မာပီသချင်တာမို့ ခေါင်းလျှော်ရမယ့်ရက်ကို တွေးမိတော့ ကိုယ့်မွးနေ့ရယ် သောကြာရယ်ကို နှုတ်ပြီးရင် ရက်သတ္တတစ်ပတ်မှာ ခေါင်းလျှော်ဖို့ ငါးရက် တိတိ ကျန်တယ် ဒီကြားထဲမှာမှ ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်ရင် ၄၅ ရက်တိတိ လာဘ်ပိတ်တယ် ဆိုတော့ တပတ်မှာ ခေါင်းလျှော်လို့ ရတာက ၄ ရက် တိတိ ကျန်နေတယ်…

ရေချိုးခေါင်းလျှော်ခါနီးတိုင်း ရက်လွတ်ရဲ့လားလို့ စဉ်းစားရတဲ့ ဝဋ်ဒုက္ခက မြန်မာ မိန်းကလေးတွေကို တော်တော်လေး နှိပ်စက်ခဲ့ဘူးတယ်ထင်ပါရဲ့  ..…”

နှင်းနဲ့မာယာ၊ ဘလော်ဂါ
mysterysnow.blogspot.com နိုဝင်ဘာ ၂

“Burmah Road ပါ၊ ဟုတ်တယ်၊ ဗမာလမ်းပေါ့။ စကားမစပ်၊ (မလေးရှားနိုင်ငံ၊ ပီနန်ကျွန်း) George Town (မြို့)ရဲ့ လမ်းနာမည် အတော်များများက အရှေ့တောင်အာရှ မြို့နာမည်တွေနဲ့ ပေးထားတယ်၊ ဗမာလမ်း အနီးတဝိုက်မှာ ထားဝယ်လမ်း၊ ရန်ကုန်လမ်း စသဖြင့် ရှိပါတယ်။ အထူး ပြောစရာတစ်ခုက Burmah ရဲ့ အသံထွက်ပါ၊ အိန္ဒိယတို့ တရုတ်တို့က “ဘားရ်မား” လို့ ထွက်ကြပေမယ့် မလေးတွေ အားလုံးနီးပါး “ဘူးမား” လို့ ထွက်ပါတယ်၊ ဒါကြောင့် ကျနော် လမ်းမေးတဲ့အခါ နှစ်မျိုးစလုံး မေးရတတ်တယ်၊ ဘားရ်မား မသိရင် ဘူးမား ကိုတော့ သိကြတာပဲ၊ ဘူးမား မေးလိုက်လို့ ပါးစပ်ဟောင်းလောင်း ဖြစ်နေရင် ဘားရ်မား ပစ်လိုက်၊ ဩော် ဆိုပြီး ဘယ်လို ဘယ်လို သွားရတယ် ပြောပြလိမ့်မယ်။ မလေးတစ်ယောက်ကို ဘားရ်မား လို့ မဖတ်ဘူးလား မေးကြည့်တော့ ဘားရ်မား နဲ့ ဘူးမား အတူတူပဲ တဲ့ဗျာ၊ စိတ်ညစ်စရာ မကောင်းဘားရ်လား၊ အဲလေ၊ မကောင်းဘူးလား”

ဒီကိုလာ၊ ဘလော်ဂါ
degolar.blogspot.com နိုဝင်ဘာ ၁၂

“၂၁ နှစ်ကာအတွင်း ABSDF ဟာ အသက်၊ သွေးချွေးပေါင်း များစွာကို ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး တိုက်ပွဲအတွက် ပေးဆပ်ခဲ့ပါတယ်။

ဒီလို ပေးဆပ်ခဲ့ရတာကို ကျွန်မတို့လို မသေလို့ ကျန်နေတဲ့သူတွေကသာ သွားလေသူတွေအတွက် မှတ်တမ်းတင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ABSDF ရဲ့ ၂၁ နှစ်မြောက် နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်အရ သေဆုံးသူနဲ့ ကျဆုံးသူ စုစုပေါင်း ၇၅၀ ရှိပြီလို့ သိရပါတယ်”

ငယ်နိုင်၊ ဘလော်ဂါ
nge-naing.blogspot.com နိုဝင်ဘာ ၅

“ရထားပေါ်တက်လို့ မြင်မြင်ချင်း မျက်စိကစာုးလိုက်တဲ့ အခါမှ ဝမ်းသာ သွားသလို ဝမ်းလဲနည်းသွားမိတယ်။ ဝမ်းသာသွားတာက တစ်ခုံလွတ်နေလို့။ ဝမ်းနည်းသွားတာက လူကြီး/ ကိုယ်ဝန်သည်/ ကလေး များကို ဦးစားပေး ခုံဖြစ်နေလို့. ဘာဘဲဖြစ်ဖြစ်လေ . လောလောဆယ် သူတို့ မှ မရှိသေးဘဲ လောလောဆယ် လဲ ငါအသက်ကြီးဆုံးဘဲ ဆိုပြီးဝင်ထိုင်လိုက်တယ်။ တစ်ချို့ကလေးတွေ က လုံးဝမထိုင်ကြဘူး တစ်စီးလုံးပြည့် နေလဲ သစ္စာ ရှိကြတယ်။ ကိုယ်သာ အားမနာ ရှာမကျိုး ဝင်ထိုင်မိတယ်။ မတတ်နိုင်ဘူ့း ကွယ် တစ်နေ့ တစ်နေ့သိတ်ပင်ပန်းတယ်။ မောနေပြီ။

ဒါပေမဲ့ မျက်စေ့ကိုဖွင့်နားကိုစွင့် လို့ ဘယ်သူလာရင် ဖယ်ပေးရမလဲလို့တော့ စဉ်းစားရင်းနဲ့ တစ်ထိတ်ထိတ်နဲ့ စိတ်ချ လက်ချ မျက်စိပိတ်ြီပီးမအိပ်ရပါဘူး။ ။ ဒါပေမဲ့ ဒီအချိန်က ကလေးတွေ လူကြီးတွေ အပြင်ထွက်တဲ့ တဲ့ အချိန်တော့လဲ မဟုတ်ပေဘူးဆိုပြီး စိတ်တော့ချနေမိသေးတယ်။ အဲဒါနဲ့ အိပ်ရင်းနဲ့ ဝင်လာတဲ ခြေထောက်တွေ ကို မျက်စိမှိတ် ကြည့်နေမိသေးတယ်။ သေသေသပ်သပ် ဘောင်းဘီ များ. စကပ်များ ဝတ်လာရင် လူငယ်ဘဲ ဆိုပြီ ဖယ်ပေးဘို့စိတ်ကူးမရှိမိဘူါး။ စတိုင်ပင်ဝတ်ရင် ရုံးသူ ရုံးသား ဂျင်းဘောင်းဘီဝတ်ရင် ကျောင်းသား သော်လည်းကောင်း အပြင် ကို ပုံမှန်ထွက်သူ သော်လည်းကောင်းလို့လဲ ခန့်မှန်ေးနသေးတယ် မိန်းကလေးများဆိုရင်လဲ အဲသလိုဘဲပေါ့ စုံထောက်ကြီးကလဲ ရောက်လေရာ အရပ်မှာ လုပ်ချင်မိသေးတယ်။

ခြေထောက်ရုပ်ဆိုးဆိုး တစ်ခုဝင်လာတော့အင်း ငါ့ထက်အသက်ကြီးနိုင်တယ်ဆိုပြီး မော့ကြည့်လိုက်မိတယ။် ဟုတ်တယ် ။ကြီးပါတယ် သို့ပေမဲ့ ပြန်ငုံ့ကြည့်လိုက်မိတဲ့ အခါ ဒေါက်မြင့်ခပ်မြင့်မြင့်စီးထားတဲ့ သူကိုတွေ့လိုက်တဲ့ အခါ မဖယ်ပေး ဘူးလို့ ဆုံးဖြတ် လိုကတယ်။ ဒေါက်ဖိနပ်က သူ့ရဲ့ နုပျိုလိုခြင်းကို ပြနေတယ။် ဟိုနေ့ကကိုယ့်ကို ချာတိတ်တစ်ယောက်ဖယ်ပေးထားတာကို ကိုယ် စိတ်နာ နေတုံး ရှိသေး တယ်”

ခင်ဦးမေ၊ ဘလော်ဂါ
khinoomay77.blogspot.com နိုဝင်ဘာ ၁၄

“၂၀-၂၅ လောက်ထိ ပိန်ပိန်လေးမို့… ဝချင်လိုက်တာများ…။ ဘာစားစား မဝဘူး… အဆီစားလို့မှ အသား မဖြစ်တဲ့ ကိုယ်…။ ၃၀ ကျော်ကျ ပြန်တော့ နဲနဲလေး တက်လာတာသိရင် တပတ်-နှစ်ပတ်လောက် လျှော့လိုက်ရင်ရပြီ။ ကိုယ်ဝတ်ချင်တဲ့ အင်္ကျီတော်အောင်လို့လေ။ အဲ ၄၀ လေးလည်း ကျော်စပြု လာရော.. စတော့တာပဲ..၊ အရင်က ဘာစားစား မဝတဲ့ ကိုယ်၊ ခုတော့ ဘာမှ မစားလဲ ဝတဲ့ကိုယ် ဖြစ်လာရော…။ ဘုရား ဘုရား.. ဝဇီဗေဒ ထိတိုင်းရှသတဲ့.. သူများတွေကို ပြောမိခဲ့လို့များလား…၊ အဲဒီ မိန်းမ ကြီးတွေ စင်္ကာပူ တမြို့ လုံး ပတ်ရှာပြီး တောင်းပန်မှ ထင်ပါရဲ့…”

ချစ်ကြည်အေး၊ ဘလော်ဂါ
chitkyiaye.blogspot.com နိုဝင်ဘာ ၇

“လူတွေ စုရုံးနေတာတွေ့လို့ သွား စပ်စု ကြည့်တော့ အသက် ၁၁ အရွယ် ကလေးလေး တယောက် ပန်းချီ ထိုင်ဆွဲ နေတာ တွေ့ ခဲ့ရတယ်.. ဆဌမ တန်းကျောင်းသားလေး ပါ..။ မျက်စိရှေ့မှာ တင်.. ပုံတွေ တခုပြီး တခု စိတ်ဝင်တစား နဲ့မနား တမ်း ဆွဲနေ တဲံ့ ကလေးလေး ကို အံ့သြဖွယ်ရာ တွေ့ခဲ့ရတယ်..။ လက်ရာတွေ ကလဲ မဆိုး ဘူး ပြောရမှာ.. သူ့ အဖေနဲ့ အမေနဲ့ က ဘေးနား မှာ စောင့်ပေးနေတယ်.. မိဘတွေ ခွင့်တောင်းပြီး ဓါတ်ပုံ ရိုက် စကားလေး နဲနဲ ပါးပါး ပြောဖြစ်ခဲ့တယ်.။ ညနေ ကျောင်းအားချိန်တွေ မှာ.. ဟိုတယ် တွေ နား မှာ ပန်းချီ ထွက်ဆွဲ ပြီးမိဘတွေ ကို လုပ်ကျွေးနေတာ ပါတဲ့.. သူ့ အဖေ က လဲ ပန်းချီဆရာ တယောက်ပါ .. ဒါပေမဲ့.. သူ့ ပန်းချီကားတွေ ကို ရောင်းလို့ရအောင် တင်မဲ့ နေရာ အခက်အခဲ .. နဲ့ကျန်တဲ့ အခက်အခဲ လေးတွေ ရှိနေလို့ ၀မ်းရေးအတွက် အတော်လေး ပင်ပမ်းကြပါသတဲ့…။ သားကလေးက ငယ်ငယ် ထဲ ပန်းချီ ၀ါသနာပါပြီး.. အဖေ ပန်းချီ ဆွဲတဲ့ အနား အမြဲ နေတတ်သူ .. နောက်တော့ သူကိုယ်တိုင် စမ်းဆွဲ လာတော့.. လူမြင်ကွင်းမှာ.. ဆွဲ ပြီး ရောင်းကြည့် ဖို့ အကြံ ရပြီး .. စ ရောင်းခဲ့ ကြတာ တဲ့… ခုတော့.. ကလေးလေး ရဲ့ လုပ်အားနဲ့ သူတို့ ထမင်းစာဖို့ အတော် အသင့် အဆင်ပြေတယ် လို့ သိခဲ့ ရတယ်..။ ၅ မိနစ် ကနေ မိနစ် ၂၀ အတွင်းအပြီး ဆွဲ တဲံ့ ပန်းချီ တကားရဲ့ တန်ဖိုး က ကျပ် ၅၀၀ နဲ့ ၁၀၀၀ ပါ..။ ဓါး တချောင်းနဲ့ စုတ်တံ အရွယ်အစား အမျိုးမျိုး ကို သုံးပြီး တမဟုတ်ချင်း လက်တမ်း ဆွဲ နိုင်တဲ့ ကလေးလေး ရဲ့ အနုပညာ ဗီ ဇ လေး ကို ချီကျူး မိပြီးတော့ အနာဂတ်မှာ ထူးချွန်တဲ့ပန်းချီ ဆရာ လေး ဖြစ်ဖို့ .. ဆုတောင်းပးခဲ့တယ်”


မမသီရိ၊ ဘလော်ဂါ
mamathiri.blogspot.com နိုဝင်ဘာ ၇


(ဓာတ်ပုံ – mamathiri.blogspot.com)


“ကျွန်တော်ကြားရတဲ့ သတင်းတစ်ခုကိုပြောဦးမယ် …။ (မပြောနဲ့ဆိုလည်း ပြောမယ့် သဘောရှိတယ်။) … မြန်မာပြည်မှာ … သားသမီးတွေမွေးထားပြီး…၊ မြေးတွေ ရမှ Gay ဘိုးဘိုးကြီးဟာ Singapore မှာ ဖြတ်ဖောက်ချုပ်လိုက်တယ်တဲ့ ….။ ဒါကို ခင်ဗျားဘယ်လိုမြင်လဲ …။ ပြောင်းပေးလိုက်တဲ့ ဆရာဝန်မှမဟုတ်တာ .. ငါက ဘာမြင်ရမှာလဲ လို့ ပြန်မပြောနဲ့နော် …။ ကျွန်တော်ပြောချင်တာက ဒါကို ဘယ်လို ယူဆသလဲ …။ သား၊သမီးတွေအတွက် အရှက်ရစရာလား …။ ငါတို့ကို ခြောက်ကျပ်ခွဲတာပဲ …လို့ သားသမီးတွေယူဆမလား …… အဲဒါကြီးကို ခင်ဗျားလက်မခံနိုင်ရင်တောင် ဒါကြီးက ဖြစ်ပြီးသွားပြီ … ။ သဘာဝဘေးအန္တရာယ်လိုပဲ .. လောကကြီးမှာ ခင်ဗျားတို့ .. ကျွန်တော်တို့ မတတ်နိုင်တာတွေအများကြီးရှိတယ် …။ … ကျွန်တော်က မေးခွန်းတွေကို ဖောက်ခွဲတဲ့သူပဲဖြစ်တဲ့အတွက် အဖြေတွေလည်း နောက်ကျောမှာမရှိဘူး ။ အားတဲ့အခါ ခင်ဗျားတို့စဉ်းစားဖို့….။ ပျင်းနေမှာစိုးလို့ ပြဿနာတွေ တစ်နေ့တစ်နေ့ထိုင်ရှာပေးနေတဲ့သာမန်လူပါ …။ သာမန်လူဆိုတာ ကိုမောင်ဆင့်(common sense)လောက်သာရှိတဲ့ လူပြိန်းပေါ့ …။ အရပ်ထဲက သူလိုကိုယ်လိုလူပေါ့ …”

the gardener – ဘလော်ဂါ
zthegardener.blogspot.com နိုဝင်ဘာ ၂၁

“နိုင်ငံရေး ရည်ရွယ်ချက်နဲ့ သတင်းမီဒီယာလုပ်ရင် ဒါဟာ နိုင်ငံရေး သတင်းမီဒီယာ တစ်နည်း Activist journalist ပဲဖြစ်မယ်။ အဆင့်မြင့်တဲ့၊ စစ်မှန်တဲ့ ဂျာနယ်လစ်လို့ ယူဆလို့ မရဘူး။ ပြည်ပက Activist journalist တစ်ချို့က ပြည်တွင်း သတင်း မီဒီယာသမား စစ်စစ်တွေကို နှိမ့်ချလိုတဲ့ သဘောနဲ့ အပုတ်ချရေးနေတာတွေ တွေ့ရပါတယ်။ ဒါဟာ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါ”

(ဓာတ်ပုံ – jennhsu)
လူထုစိန်ဝင်း၊ သတင်းစာဆရာ
news-eleven.com နိုဝင်ဘာ

“မြန်မာ့နိုင်ငံရေးက ပွင့်လင်းမြင်သာ မရှိပါဘူး။ မူဝါဒဆုံးဖြတ်ချက်တွေက ဘယ်လို ချမှတ်နေမှန်း မသိကြရဘူး။ ဘယ်သူက ဘယ်ကိစ္စကို အာဏာပိုင်သလဲဆိုတာကလည်း မသေချာ လှပါဘူး။ အရင် ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း အကျယ်ချုပ်ချခံရသလို၊ အရင်နိုင်ငံခြားရေး ၀န်ကြီးလုပ်ခဲ့သူ ဦးဝင်းအောင် လည်း အင်းစိန်ထောင်ထဲ သေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်း အားလုံးက မင်းနားခစား ကမ်းနားသစ်ပင် ဖြစ်ကုန်ကြတယ်။ ရာထူး မပြုတ်ရေးက အရေးကြီးတယ်။ ဘာမှ စွန့်စားမလုပ်နဲ့ ဖြစ်လာ ကြတယ်။ သတင်းမှန်တွေက မရှိတော့ အားလုံးကောလာ ဟလတွေနဲ့ အားကိုးကြရတယ်။

ထင်ကြေးပေးရတာက အနုပညာဖြစ်လာသလို၊ တွက်ချက်ရတာကလည်း ချဲသမား ထီထိုးသူတွေလို ဖြစ်လာကြရတယ်”

ယောဟန်အောင်၊ ဘလော်ဂါ
yaw-han-aung.blogspot.com နိုဝင်ဘာ ၂၂

“နိုင်ငံတော်အစိုးရသည် လေဘေးဒဏ်ခံခဲ့ရသော ဒေသများ၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဖိဖိစီးစီးဖြင့် ဆောင်ရွက်နိုင်သကဲ့သို့ နိုင်ငံတော်၏ စေတနာမေတ္တာ အမြော်အမြင် ကြီးမားမှုကို ဒေသခံပြည်သူများ နားလည် သိရှိပြီး မိမိတို့၏ဒေသ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ကြိုးပမ်း အားထုတ်သွားကြရမည်”
မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့ အာဘော်
မြန်မာ့အလင်း၊ နိုဝင်ဘာ ၇

“ကျေးလက်ဒေသရှိ စာသင်ကျောင်းများတွင် Multi- Media Classroom များ ဖွဲ့စည်း ထူထောင်ပေးထားပြီး ဖြစ်သည့် အတွက် သင်ယူမှု၊ သင်ကြားမှုနယ်ပယ်တွင် အချိန်ကာလနှင့်ဒေသ အကန့် အသတ်များကို ကျော်လွှားပြီး အီလက်ထရွန်နစ် နည်းပညာရပ်များ အကျိုးကျေးဇူးဖြင့် မြို့ပြနှင့် ကျေးလက် ပညာသင်ယူနိုင်မှု အခွင့်အလမ်းများ ညီညီမျှမျှ ဖြစ်ပေါ်လာလျက် ရှိနေပြီ”

(ဓာတ်ပုံ-Chinese Embassy in Rgn)
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း
မြန်မာ့အလင်း၊ နိုဝင်ဘာ ၉

ကျုပ်တို့ အမျိုးသားရေးသမိုင်း အမြင်မှာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆိုးဝါး အနိုင်ကျင့်တယ်ပေါ့ဗျာ။ ကိုယ့်ဘုရင် သခင်က တခြား လူမျိုးတွေကို သွားသိမ်းပိုက် အနိုင်ယူတာကျတော့ ပါးစပ်က အမြှုပ်တွေ ထတဲ့ အထိ ပီတိဖြာ တယ်။ ပြောလို့ ဂုဏ်ယူလို့ မဆုံးတော့ဘူး


(ဓာတ်ပုံ – ဧရာဝတီ)
ဒေါက်တာဇာနည်၊ သုတေသီ နှင့် နိုင်ငံရေးသမား
irrawaddy.org/bur နိုဝင်ဘာ ၁ဝ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts