>Downtown Rgn is still lack of water

>

ရန်ကုန်မြို့လယ် သုံးရေပြတ်၊ ပြဿနာ ရင်းမြစ်ကို အစိုးရ မကြေညာ
မိုးမခအထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၃၊ ၂၀၀၉
နာဂစ်မုန်တိုင်းအပြီး သောက်သုံးရေအတွက် တန်းစီနေရသော ရန်ကုန်ဒေသခံများ (ဓာတ်ပုံ-Will Baxter)

လွန်ခဲ့သည့် ၅ရက်ဝန်းကျင်မှ စတင်ပြီး ရန်ကုန်မြို့လယ်ရှိ မြို့နယ် အများအပြား သုံးရေ မရသဖြင့် အခက် ကြုံနေကြရပြီး ရေမရကြောင်း၊ ဤသို့သော အခြေအနေ မည်မျှကြာမည်ကိုလည်း မသိရသဖြင့် ပိုမိုစိတ်ပင်ပန်းလျက်ရှိသည်ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူများက ပြောဆိုကြသည်။

အချို့သော ရန်ကုန်မြို့လယ် မြို့နယ်များမှာ ရေမရရှိသည်မှာ ယနေ့ဆိုလျင် ၆ ရက်မြောက် ရှိနေပြီး တချို့သောမြို့နယ်၊ လမ်းများမှာမူ ၃ရက်မြောက်ရှိပြီဟု ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူများက ပြောသည်။

ပုဇွန်တောင်ဒေသခံများ၏ အဆိုအရ ညသန်းကောင်မှ မနက် အာရုံ မတိုင်ခင် အချိန်အတွင်း ရေစုပ်တင်၍ ရမရ အကြိမ်များစွာ စမ်းသပ်နေရသည်ဟု ဆိုသည်။ မြေနိမ့်ပိုင်းတွင် ရှိသော လမ်းတချို့မှာ ကံအားလျော်စွာ ရေရကြသည်။ အများစုမှာမူ သုံးစွဲရန် ရေ မရရှိသဖြင့် တခြား မြို့နယ်များရှိ အသိမိတ်ဆွေတို့၏ အိမ်များ၊ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး ရေချိုး၊ လျှော်ဖွတ်ကြရသည်ဟု သိရှိရသည်။

ရန်ကုန်မြို့အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်သူများသည် ရေ၀ယ်ယူ သုံးစွဲပါက ရေတစည်ကို အနည်းဆုံး ကျပ် ၃ထောင် ပေးကြရသည်ဟုလည်း သိရသည်။

ဤသို့သော် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မည်သည့် ကြေညာချက်မျှ ယနေ့ထိ ထုတ်ပြန်ခြင်းမရှိ သေးပေ။ ရန်ကုန်မြို့တော် စီးတီး အက်ဖ်အမ်မှ လည်းကောင်း၊ အစိုးရပိုင် သတင်းစာများက လည်းကောင်း မည်သည့် ဖြေရှင်း အသိပေးချက်မျှ မဖေါ်ပြသေးပေ။

နေပြည်တော်ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲ အသိအမှတ် ပြုပြီးနောက် ရန်ကုန်မြို့၏ ရေ၊ လျှပ်စစ်မီး၊ လမ်းပန်း အခြေအနေ၊ သန့်ရှင်းရေးတို့ကို အာဏာပိုင်တို့က လျစ်လျူရှုထားသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ယူဆကြသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း ဆိုင်းဘုတ် တပ်ကာ လမ်းသွယ်များတွင် ကတ္တရာခင်းခြင်း၊ စက်ရေတွင်းများ တူးဖေါ်ခြင်း၊ နောက်ဖေး လမ်းကြား သန့်ရှင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသော်လည်း သုံးရေ အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ အသိပေး ကြေငြာခြင်းတို့ လုပ်ဆောင်မှု မပြုသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts