>Thee Lay Thee & Colorful Anyeint – part 3 to come out soon


>

သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်ခွေ နံပတ် ၃ လာတော့မည်

မိုးမခအထောက်တော် ၀၀၃

စက်တင်ဘာ ၃၀၊ ၂၀၀၉

၂၀၀၇ စက်တင်ဘာ သံဃာ့အရေးတော်ပုံနောက်ပိုင်းတွင် ပြည်ပသို့ အမျိုးသားရေးနိုးကြားစေသည့် အနုပညာဖျော်ဖြေမှုများ၊ စစ်အာဏာရှင်များကို ဝေဖန်သည့် ပြက်လုံးများဖြင့် ဖျော်ဖြေရေးခရီးထွက်လာသည့် ကိုဇာဂနာထူထောင်ပေးခဲ့သော သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့က များမကြာမီအတွင်း ဗီဒီယိုအငြိမ့်ခွေ အသစ်တခုကို ဖြန့်ချိမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းစံ နိုင်ငံရေးအကျဉ်းသားများ၊ မျိုးချစ်သူရဲကောင်းများကို ဂုဏ်ပြုသည့် အနုပညာဂါရ၀လက်ဆောင်တခု ဟု ဆိုချင်ကြောင်း၊ အခကြေးငွေသတ်မှတ်ခြင်း မပြုဘဲ မေတ္တာဖြင့် ဖြန့်ချိမည် ဖြစ်ကြောင်း၊ ခေတ်ကိုထင်ဟတ်သည့် အငြိမ့်ခွင်အသစ်၊ သီချင်းသစ်နှင့် ပြက်လုံးသစ်များကို စုစည်းတင်ဆက်ခြင်း ဖြစ်ကြောင်း၊ ပွဲဦးထွက်အခွေက ၂၀၀၆တွင် ပြည်တွင်းမှာ အပိတ်ခံခဲ့ရပြီး၊ ဒုတိယအခွေက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ပြည်သူများကို အားပေးနိုးကြားစေသည့် ကန်တော်ကြီးမှာ တင်ဆက်သည့် စင်တင်အငြိမ့်မှတ်တမ်းဖြစ်ရာ ယခု ၂၀၀၉ခုနှစ် အငြိမ့်ခွေကို သီးသန့် မှတ်တမ်းတင်ရိုက်ကူးခြင်း ဖြစ်သဖြင့် အမှတ်စဉ် ၃ ဟု လောလောဆယ် အမည်ပေးလိုကြောင်း – စီစဉ်သူတဦးဖြစ်သူ လူရွှင်တော်ပန်းသီးက မိုးမခကို ပြောကြားသည်။

သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့တွင် လူရွှင်တော်များအဖြစ် ဂေါ်ဇီလာ၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် စိန်သီး၊ အငြိမ့်မင်းသမီးများအဖြစ် ချောစုမျိုးနှင့် မြစပယ်ငုံတို့ ပါဝင်ကြသည်။ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးတော်ပုံအပြီး ကန်တော်ကြီးမျှော်စင်ကျွန်း စင်တင်အငြိမ့်တွင် ထင်ရှားလာပြီး ပြည်ပသို့ အနုပညာခရီးစဉ်များ ခြေဆန့်ခဲ့ရာတွင် ၂၀၀၈၊ ၂၀၀၉ ခုနှစ်များတွင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန် ခရီးစဉ်များ လှည့်လည်ခဲ့သည်။ ပင်တိုင်ရိုက်ကူး ထုတ်လွှင့်မှုများအဖြစ် နော်ဝေအခြေစိုက် ဒီမိုကရကစ်တစ်မြန်မာ့အသံ ရုပ်သံတွင် တင်ဆက်လျှက်ရှိသည်။ ယခု သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့် – ၃ ကို အကောင်းဆုံး ပြင်ဆင်ရိုက်ကူးလျက်ရှိပြီး ပရိသတ်ထံသို့ တိုက်ရိုက်ပေးပို့ ဖြန့်ချိမည်ဟု ဆိုသည်။

လူရွှင်တော် ပန်းသီးက မိုးမခသို့ ပြောကြားရာတွင် –

“ကျနော်တို့ ၀ိုင်းတော်သားတွေအားလုံး အခက်အခဲတွေကြားက ကြိုးစားပြီး သီးလေးသီးရဲ့ ပြည်ပရောက်နေချိန် ထုတ်လုပ်မှုတခု တင်ကျန်ရစ်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ စင်တင်အငြိမ့်တွေကတော့ နိုင်ငံအလိုက်ရိုက်ကူးထားတာတွေ ရှိပေမယ့် သီးသန့်စီစဉ်တာကတော့ ဒီအခွေ ဖြစ်ပါတယ်။ ပြက်လုံးအသစ်၊ သီချင်းအသစ် စသည်ဖြင့်ပေါ့နော်။ သီချင်းတွေမှာ ကျနော်တို့၊ ကြယ်သီးတို့အပြင် ဂျပန်က ကိုသူရိန်ထက်ကလည်း ၀ိုင်းကူညီပါတယ်။ ဒီအငြိမ့်ဖြစ်မြောက်ရေးအတွက် ၀ိုင်းပြီး ပံ့ပိုးကြတဲ့ အနုပညာရှင်တွေ၊ အမေရိကားက မိတ်ဆွေတွေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမေစုနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ၊ မျိုးချစ်မြန်မာသူရဲကောင်းတွေအပေါင်းကို ဂုဏ်ပြုတင်ဆက်တဲ့ ထူးခြားတဲ့အစီအစဉ်လေးကို အားပေး၊ ဝေဖန်၊ သုံးသပ်ပေးကြပါလို့ ပရိသတ်ကို ပြောချင်ပါတယ်။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts