>30th H1N1 patient in Rangoon

>

အယောက် ၃၀ မြောက် ၀က်တုပ်ကွေး လူနာ ရန်ကုန်တွင် ရောဂါပိုး ကူးစက်ခဲ့ပုံရ
မိုးမခ အထောက်တော် ၀၀၄
သြဂုတ် ၃၀၊ ၂၀၀၉

ရန်ကုန်တွင် အယောက် ၃၀ မြောက် H1N1 တုပ်ကွေး ဝေဒနာသည်ကို တွေ့ရသည်ဟု ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ရေးထားသည်။

ယခင်က ရောဂါပိုး တွေ့သူများမှာ နိုင်ငံခြား တိုင်းပြည်များမှ လေကြောင်းခရီးဖြင့် ပြန်လာကြသူများဖြစ်သည်။ သို့သော် အဆိုပါ အယောက် ၃၀ မြောက် ပုဂ္ဂိုလ်မှာ ပြည်ပခရီးမှ ပြန်လာသူဖြစ်ကြောင်း ဖော်ပြမထားပေ။

လူနာသည် အသက် ၄၄ နှစ်အရွယ် အမျိုးသား တဦး ဖြစ်သည်ဟု ဆိုသည်။ နေရပ် လိပ်စာကို မသိရဘဲ “သြဂုတ် ၂၈ရက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း” ဟု သာ ဖော်ပြထားသည်။

ဤရောဂါပိုးသတင်းများ ပေါ်ပေါက်လာသည့် ကနဦးကာလတွင် မြန်မာစာနယ်ဇင်းများက အခြား နိုင်ငံများ နည်းတူ ၀က်တုပ်ကွေး ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။ နောက်ပိုင်းတွင် လူတုပ်ကွေးဟု ပြောင်းလဲ သုံးစွဲခဲ့သည်။ ရောဂါပိုးက ၀က်မှ ကူးစက်ခြင်းမဟုတ်ဘဲ လူအချင်းချင်း ကူးစက်ခြင်းကြောင့် ထိုသို့ ပြောင်းလဲ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂ လ အတွင်း သံသယရှိသူ ၂၁၁ ဦးအား ပြည်သူ့ကျန်းမာရေး ဌာနက စစ်ဆေးခဲ့ရာ H1N1 တုပ်ကွေး ရောဂါပိုး ရှိသူပေါင်း ၃၀ ကို တွေ့ရသည်ဟု သိရသည်။

ရောဂါပိုး ကူးစက်ခံရသူ ၂၄ ဦးမှာ ရောဂါ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသွားပြီး ဖြစ်သည်ဟု သတင်းစာများက ဆိုသည်။

ဆေးရုံရှိ လူနာ ၆ ဦး၏ အခြေအနေမှာ “စိုးရိမ်ဖွယ်ရာမရှိ” ဟုလည်း သိရသည်။

ကမ္ဘာတ၀န်းတွင် ယမန်နေ့ကအထိ ဤတုပ်ကွေးကြောင့် သေဆုံးသူပေါင်း ၂၁၈၅ ဦး ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts