>
မိုးမခအထောက်တော် ၀၀၄
သြဂုတ် ၁၅၊ ၂၀၀၉
အထက်လွှတ်တော်အမတ် ဂျင်ဝက် (Jim Webb)သည် မြို့တော်သစ် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးထံ သွားရောက်ခဲ့ပြီးမှ ထိန်းသိမ်းခံနေရသည့် ဒေါ်စုနှင့် တွေ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေါ်စုနှင့် တွေ့ဆုံချိန်မှာ မိနစ် ၄၀ ၀န်းကျင်ရှိပြီး ရန်ကုန်မြို့ အစိုးရ အဆောက်အဦး တခုတွင် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးကြသည့် အကြောင်းအရာ တချို့ကို မနက်ဖြန်တွင် သိရဖွယ် ရှိသည်။
အထက်လွှတ်တော်အမတ်သည် သတင်းထောက်များနှင့် မနက်ဖြန်တွင် တွေ့ဆုံမည်ဟု ရန်ကုန်မှ လာသည့် AP သတင်းတပုဒ်တွင် ရေးထားသည်။
အမေရိကန် ပြည်ထောင်စုက ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု အကြောင်းကို ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ရန်ကုန်မှ နိုင်ငံရေးသမားများက ခန့်မှန်းနေကြသည်။ အမေရိကန်အစိုးရက မြန်မာပြည် အပေါ် ထားရှိသည့် မူဝါဒကို ပြောင်းလဲမည်ဟု မကြာသေးမီ လများ အတွင်းက ကြေညာထားသည်။
ရန်ကုန်မှ လာသည့် AFP သတင်းဌာန၏ သတင်းပို့ချက်အရ အင်းစိန်ထောင်တွင် ထောင် ၇ နှစ် ချမှတ်ခံထားရသည့် မစ္စတာ ဂျွန်ဝီလျံယက်တော ပြန်လည် လွတ်မြောက်ဖွယ်ရှိကြောင်း သိရသည်။
“အထက်လွှတ်တော်အမတ်ရဲ့ ခရီးစဉ် ပြီးရင်တော့ မစ္စတာ ယက်တောကို ပြည်နှင်ဒဏ် ပေးမယ်ထင်တယ်။ မြန်မာပြည်ကနေ သူတို့ အတူတူတော့ ထွက်မှာ မဟုတ်ပါဘူး” ဟု အမည်မဖော်သူ အစိုးရ အရာရှိတဦးက ပြောကြောင်း AFP သတင်းက ဆိုသည်။
