>Aung Tha Nge – Fight Over Moon Light

>

လရောင်အတွက်ရန်ဖြစ်ခြင်း
အောင်သာငယ်

သြဂုတ် ၇၊ ၂၀၀၉

အမှားတွေသာ မှန်နေ သတဲ့
မသေချာမှုများသာ သေချာနေ သတဲ့
ဘုရားစင်ပေါ် တင်ထားတဲ့စာ …
သြော်… ဒုက္ခပါပဲ…
တရားမှတ်တော့လည်း
အနိစ္စနဲ့ အနတ္တကိုပဲ ရွတ်ဆိုနေကြ
ဒုက္ခက နေသားကျနေလို့တဲ့လေ…

ကမ္ဘာမကြေဘူးဆိုတဲ့ စကားကိုပဲ
မေ့ထားရတော့ မလိုလို…
အရုဏ်တချို့ဆို
မြေပုံမို့မို့တွေမှာ ခေါင်းငိုက်စိုက် လဲကျလို့…
ငရဲခန်း … စာလုံးပေါင်းတော့
သတ်ပုံကျမ်းဟောင်းမှာတောင် ရှာမတွေ့…

ပန်းတွေ ကြွေတယ်၊ ကြယ်တွေ ကြွေတယ်၊
တချို့ ရင်ဘတ်တွေထဲမှာ
နေမင်းတောင် ထက်ခြမ်းကွဲ…
အကြွေပန်းတွေပဲ
အမြဲတမ်း ကောက်နေရတဲ့ ညတွေ
ပစ်ချခဲ့တော့…

ပန်းချီကားထဲ လရောင်ဆမ်းထားဖို့
တိမ်မဲတို့ကိုပဲ
ဆုတ်ဖြဲ ချိုးဖဲ့ လိုက်စမ်းပါ…
ဂုတ်ဆွဲ ထိုးထည့် လိုက်စမ်းပါ…