>Than Soe Hlaing – Intelligence leaks – signs of Burmese Regime break down ?

>

အတွင်းစည်းကျိုးပျက်ခြင်းသည် နအဖအတွက် နေ၀င်ချိန်ပေလား

သန်းစိုးလှိုင်
သြဂုတ် ၁၊ ၂၀၀၉

ဒီမိုကရက်တစ်အစိုးရတရပ်အတွက်ပင်လျင် အတွင်းစည်း၊ အပြင်စည်း ဆိုသည့် လျှို့ဝှက်အပ်သည့် အရာ၊ တိုင်းပြည်အကျိုးအတွက်၊ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာအတွက် မထုတ်ပြန်သင့်သည့် အရာ၊ မပေါက်ကြား သင့်သည့် အရာဟူ၍ ရှိကြသည်။

နအဖ အစိုးရလို အာဏာရှင် အစိုးရတရပ်အတွက်မူ အတွင်းဆုံးစည်း၊ ထိုမှတဖန်အတွင်းစည်း၊ ပြီးနောက်အပြင်စည်း စသဖြင့် ပို၍လိုအပ်သည်။ နအဖ ခေါင်းဆောင်မှု အတွင်း မည်သည့်လုပ်ဆောင်မှုများ ရှိသည်၊ အခြားသောနိုင်ငံ အစိုးရအဖွဲ့များနှင့် မည်သို့သော ဆက်ဆံရေးများရှိသည် စသည့် အချက်အလက်များမှာ နအဖ စစ်ခေါင်းဆောင်များ မည်သည့်အခါကမျှ ထုတ်ပြန်ကြေငြာခြင်း၊ ပေါက်ကြားခဲ့ခြင်း မရှိပေ။

လွန်ခဲ့သည့် နှစ်လခန့်မှ စတင်ပြီး နေပြည်တော် စစ်ဌာနချုပ်တည်ရှိရာ အရှေ့ရိုးမ တောင်ခြေတွင် ဖောက်လုပ်ထားသည့် လှိုင်ခေါင်းများအကြောင်း အမေရိကန် ဂျာနယ် တစောင်တွင် စတင်ဖေါ်ပြ လိုက်ခြင်းသည် နအဖ၏ အတွင်းဆုံးစည်း ကျိုးပေါက်နေပြီဆိုသည်မှာ ထင်ရှားလာခဲ့သည်။

ခြိမ်းခြောက်မှု တရပ်ဖြစ်လာနိုင်သည့် မြောက်ကိုးရီးယားနှင့် မြန်မာဆက်ဆံရေး အဆိုပါ မြောက်ကိုးရီးယား နည်းပညာ အကူအညီဖြင့် ဖောက်လုပ်သည့် လှိုင်ခေါင်းများကို ဓါတ်ပုံနှင့် တကွ ထွက်ရှိလာသဖြင့် မှန်းဆပြောဆိုသည် ဟုမည်သူကမျှ သဘောမထားနိုင်ကြတော့ပေ။ တဖန် အရှေ့အာရှကို လောလောဆယ် စစ်ရေးအရ အန္တရာယ် အပေးနိုင်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေသည့် မြောက်ကိုးရီးယား နိုင်ငံနှင့်လည်း ပတ်သက်နေပြန်သဖြင့်လည်း မြန်မာစစ်အစိုးရအရေးသည် ဒေသန္တရ ဆိုင်ရာ ပြဿနာ အဖြစ်ရောက်ရှိ လာနေသည်ကိုတွေ့ရ၏။

ထိုလှိုင်ခေါင်း စတင်ဖောက်လုပ်သည်မှာ ၂၀၀၆ ခုနှစ်ကပင် ဖြစ်သော်လည်း သတင်းအချက်အလက်ကို ယခုနှစ်လယ်တွင် မှ ပေါက်ကြားခဲ့ရပြီး ထိုသို့ ပေါက်ကြားချိန်သည် မြောက်ကိုးရီးယား လက်နက်တင် သင်္ဘောက ရန်ကုန်သို့ ဦးတည် လာနေသည့် အချိန်ဖြစ်နေပြန်သဖြင့် လတ်တလော စိုးရိမ်နေသည့် မြန်မာ-မြောက်ကိုးရီးယား ဆက်နွယ်မှုကို ပိုမိုတိုးပွားစေခဲ့ပြန်သည်။

နေပြည်တော် လှိုင်ခေါင်း ကိစ္စထွက်ပေါ်ပြီး မကြာမီပင် နအဖ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုးရီးယား ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်ကြီး မောင်အေး၏ တရုတ်ခရီးစဉ် နှင့် ရုရှား ခရီးစဉ်စည်းဝေးမှတ်တမ်းများ၊ ဗိုလ်ချုပ်မောင်ဦး၏ စည်းဝေးမှတ်တမ်းများ တခုပြီး တခု ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ အင်တာနက်ပေါ်မှ တဆင့် ဖေါ်ဝဒ်(forward) လုပ်ပြီး ဝေငှကြသဖြင့် ရက်ပိုင်းအတွင်း ကမ္ဘာ တ၀ှမ်းလုံးရှိ မြန်မာအကြောင်း စိတ်ဝင်စားသူများထံသို့ ပြန့်နှံ့သွားခဲ့သည်။
နအဖ ၏ တရုတ်အစိုးရ၊ ရုရှနှင့် မြောက်ကိုးရီးယား နိုင်ငံတို့နှင့် ဆက်ဆံရေး အခြေအနေများကို ကမ္ဘာ့အလယ် ချပြလိုက်သလို ဖြစ်သွားသဖြင့် နအဖအတွက် နည်းဗျူဟာ အရကြီးမားသည့် ဆုံးရှုံးမှု တရပ်အဖြစ် အကဲခတ်သူများက နားလည်လျက်ရှိကြသည်။ မြောက်ကိုးရီးယား နှင့် နအဖအစိုးရတို့ စစ်ရေးဆိုင်ရာ ဆက်နွယ်မှု၊ နူးကလီးယား နည်းပညာ လက်လွှဲပြောင်းမှုများ အထိ နိုင်ငံတကာက သံသယ ပေါ်ထွက်လာခြင်းသည် နအဖ အစိုးရသည် ဒေသဆိုင်ရာ ပြဿနာ အဆင့်သော်လည်းကောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဆွေးနွေးပြောဆိုခံရမည့် အရေးများအထိ အလားအလာရှိနေသည့် သဘောလည်း ဖြစ်သည်။

နအဖ အစိုးရသည် မိမိပြည်သူကို ဖိနှိပ်ပြီး အာဏာ ခိုင်မြဲအောင် လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ နိုင်ငံရေး ပြဿနာကို မည်သည့်အခါမျှဒေသဆိုင်ရာ ပြဿနာ အဖြစ်ယူဆခြင်း မခံလိုပေ။ ထို့ကြောင့် ဒေသဆိုင်ရာအရေးများတွင် ၀င်ရောက်ပြောဆိုခြင်း မရှိပဲ လက်ရှောင်ခဲ့သည်သာ ဖြစ်သည်။
ယခု ကိစ္စရပ်များ ထွက်ပေါ်လာခြင်းသည် မြန်မာနိုင်ငံရေး ပြဿနာသည် ဒေသဆိုင်ရာ ပြဿနာဖြစ်လာမည့် ပထမဆုံး အရိပ်အရောင်လည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ယခုလို ထိပ်တန်း လျှို့ဝှက် အချက်အလက်၊ ဓါတ်ပုံများ ပေါက်ကြားခြင်းကို စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးမည်မှာ မလွဲပေ။

အတွင်းစည်း ကျိုးပေါက်ပြီလား

ထိုသို့သော မှတ်တမ်းများကို ကိုင်တွယ် ကြည့်ရှုခွင့်ရှိသူများမှာ စစ်တပ်ခေါင်းဆောင်ပိုင်း၏ အနီးကပ်ဆုံး ၀န်ထမ်း စစ်အရာရှိများပင် ဖြစ်ပေလိမ့်မည်။ ထိုသို့သော သူတို့က ယခုလိုမှတ်တမ်းများ၊ ဓါတ်ပုံများကို ဖြန့်ဝေလိုက်ခြင်းသည် တနည်းအားဖြင့် နအဖ ခေါင်းဆောင်မှုကို မယုံကြည်တော့ခြင်းနှင့် အားမလို အားမရဖြစ်လျက်ရှိခြင်းကို ပြသသည့် သဘောဟု လေ့လာသူအများက ယူဆကြသည်။ သူတို့အတွက် အန္တရာယ် ရှိမှန်းသိလျက်နှင့်ပင် ကမ္ဘာ့အလယ်သို့ ထုတ်ဖေါ်ကာ နအဖ ခေါင်းဆောင်တွေ ပြုတ်ကျအောင် တိုင်းပြည် အပြောင်းအလဲဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသူများက ကောက်ချက်ချကြသည်။

ထိုသို့သော အဖြစ်အပျက်များ ပေါ်ထွက်ပြီး မကြာမီပင် နေပြည်တော် လှိုင်ခေါင်းကိစ္စနှင့် ပတ်သက်သည့် သူများ၊ နအဖ စစ်ခေါင်းဆောင်များ၏ ခရီးစဉ်များတွင် လိုက်ပါခွင့်ရသူများကို သတင်းပေါက်ကြားသည့် ကိစ္စ နှင့်ဆက်စပ်ပြီး စုံစမ်းစစ်ဆေး လျက်ရှိသည်ဆိုသည့် သတင်းများလည်း ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဆက်နွယ်သူများထဲတွင် အရပ်ဘက် ၀န်ထမ်းမပါရှိသလောက် နည်းပါးပြီး စစ်ဘက်ဆိုင်ရာ မှ အနိမ့်ဆုံး အရာရှိ အဆင့်ရှိသူများသာ ထိုသို့သော လျှို့ဝှက်မှတ်တမ်း၊ မှတ်ရာများကို ကြည့်ရှုခွင့် ရကြသည့် သဘောဖြစ်သည်။ ထိုသူများ လက်မှ သတင်းပေါက်ကြား ခြင်းသည် စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်နေသည့်နိုင်ငံတွင် စစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူများကပင် လက်ရှိအခြေအနေကို မကျေနပ်သည်မှာ ထင်ရှားလာသည်။

တနည်းအားဖြင့် နအဖ၏ အတွင်းစည်း စတင်ကျိုးပျက်လာသည့် လက္ခဏာဟုလည်း ဆိုနိုင်သည်။

မကြာသေးမီ ဇူလိုင်လဆန်းပိုင်းက နိုင်ငံကူးလက်မှတ်ရုံးမှ ၀န်ထမ်းအချို့နှင့် ပတ်စ်ပို့ ပွဲစားဒါဇင်များစွာကို ဖမ်းဆီးခဲ့ခြင်းသည် ရုရှပြန်စစ်ဗိုလ်လူထွက် အချို့ ငွေပေးပြီး ပတ်စ်ပို့လုပ်ခြင်းကြောင့် ဖြစ်သည်ဟု လည်းကြားသိရသည်။ ထိုအဖြစ်အပျက်သည် နေပြည်တော်မှ ထိပ်တန်းလျှို့ဝှက် သတင်းပေါက်ကြားခြင်းနှင့် တနည်းတဖုံအားဖြင့် ဆက်နွယ်မှုရှိသည်ဟု အကဲခတ်သူများက ယုံကြည်နေကြသည်။ ပြည်ပသို့ ထွက်ခွာရန် ရည်ရွှယ်ပြီးနောက် လက်ဝယ်ရှိသည့် အချက်အလက်များကို အများသိအောင် ထုတ်ဖေါ်လိုက်ခြင်းလား၊ သို့မဟုတ် ထုတ်ဖေါ်လိုက်ပြီးနောက် ပေါ်ထွက်လာသည့် အန္တရာယ်ကို ရှောင်တိမ်းရန် ပြည်ပထွက်ခွာဖို့ လုပ်ဆောင်ခြင်းလား ဆိုသည်မှာတော့ သဲသဲကွဲကွဲ မသိရပေ။

မည်သို့ပင် ဖြစ်စေ သေချာသည့် အချက်တချက်ကတော့ နအဖ စစ်ခေါင်းဆောင်ပိုင်း၏ ထိပ်တန်းလျှို့ဝှက် မှတ်တမ်းများနှင့် ဓါတ်ပုံများ ပေါက်ကြားခြင်းသည် အတွင်းစည်း ကျိုးပေါက်နေပြီဆိုသည်ကို ဖေါ်ပြသည့် သာဓက ပင်ဖြစ်သည်။ နအဖ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်သူ အာဏာရှင်တွေကို အနီးကပ်နေသူ စစ်အရာရှိတွေ ထဲကပင် မယုံကြည်သူများ ရှိနေခြင်းသည် ထိပ်ပိုင်းခေါင်းဆောင်များကို ကြီးစွာသော တုန်လှုပ်မှု ဖြစ်ပေါ်စေမည် အမှန်ပင်။ ဤသည်ကပင် နအဖ စစ်အစိုးရအဖို့ နေ၀င်ချိန်နီးကပ်လာပြီလားဟု စဉ်းစားသုံးသပ်စရာ အထောက်အထား တခုဖြစ်ပါသည်။

စာညွှန်းများ – မောင်ဦး၏ အစည်းအဝေးမှတ်တမ်း http://freeburma.info/index.php/Maung_Oo

ရွှေမန်းနှင့် မြောက်ကိုရီးယား ခရီးမှတ်တမ်း http://freeburma.info/index.php/Thura_Shwe_Mann_-_Personal_Page

မောင်အေးနှင့် ပြည်ပဆက်ဆံရေး မှတ်တမ်း – http://freeburma.info/index.php/Vice_Senior_General_Maung_Aye_-_Personal_Page

http://www.freeburma.info မှာ အခြား မှတ်တမ်းများကိုလည်း သွားရောက်ကြည့်ရှုနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts