မင်နီရှဲလ် လောကဓာတ်ခန်း

Minni Shell – My Thoughts in series – Protect Cancer, Test …

စဉ်းစားစေချင်တာတွေ (၁)
(ကင်ဆာကို ကြိုတင်စစ်ဆေးပြီး ကာကွယ်ပါ)
မင်နီရှဲလ်၊ ဇူလိုင် ၄၊ ၂၀၁၃
အခုတလော မြန်မာဆရာဝန်တွေ ပြည်ပကနေ မြန်မာပြည်ကို ပြန်လာကြပါဆိုတဲ့ အသံတွေ ဟိုမှာ ဒီမှာ (မိုးမခအပါအ၀င်) ကြားနေ။ ဖတ်နေ ရပါတယ်။ တကယ်တော့ ပြည်ပရောက် မြန်မာဆရာဝန်တွေက Superman လိုပဲ အပ်ချလောင်းဆို့ပြီး နေ့ချင်းညချင်း ပြောင်းလဲမှုတွေ ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ သတိပြုစေချင်ပါတယ်။ နှစ်ပေါင်းများစွာ ယိုယွင်းခဲ့တဲ့ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ နေရာတိုင်းမှာ Infracturer လိုပါတယ်။
စာမျက်နှာကို ငဲ့ညှာပြီး ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဆောင်းပါးလေးတွေ လူတွေအတွက် အကျိုးရှိမယ်ထင်တာလေးတွေ ခပ်တိုတိုရေးဖို့ စိတ်ကူးထားပါတယ်။ စာရိုက်ပေးတဲ့သူတွေကိုလည်း ငဲ့ညှာရပါသေးတယ်။
လောလောဆယ် အမျိုးသမီးတွေအတွက် ကျန်းမာရေးပညာပေး သိသင့်တဲ့အချက်အလက်တချို့နဲ့ စ လိုက်ပါတယ်။
အမျိုးသမီးတွေဟာ ရင်သားကင်ဆာမျိုးရိုးထဲမှာ ရှိမယ်ဆိုရင် အသက် ၃၅ နှစ်လောက်ကတည်းက စပြီး Mammogram ခေါ်တဲ့ ရင်သားစစ်ဆေးမှု လုပ်သင့်ပါတယ်။ အသက် ၄၀ လောက်ကစပြီး လူတိုင်း အနည်းဆုံး ၂ နှစ် ၁ ခါလောက်တော့ လုပ်သင့်ပါတယ်။ အမေရိကားမှာ နေသူများအတွက် ကျန်းမာရေးအာမခံ မရှိရင်တောင်မှ ကိုယ့်ပြည်နယ်က အခမဲ့စစ်ပေးတဲ့ အစီအစဉ်တွေ ရှိတာမို့ Health Department မှာ စုံစမ်းစေချင်ပါတယ်။
Mammogram စစ်ဆေးမှုတွေ့ရှိချက်တွေက ပုံမှန်မဟုတ်ရင် ခြောက်လကြာရင် ပြန်စစ်ရတာမျိုး၊ Biopsy တစ်သျှူး အစ နမူနာယူရတာမျိုးတွေ ရှိနိုင်ပါတယ်။ အသက် ၇၅ နှစ်မှာ ရပ်လို့ရတယ် ဆိုပေမယ့် တချို့အမျိုးသမီးတွေလည်း စိတ်အေးရအောင် ဆက်လုပ်ကြပါတယ်။
        အမျိုးသမီးတိုင်း ဘယ်သူမဆို အသက် ၂၁ နှစ်က စပြီး သားအိမ်ခေါင်းစစ်ဆေးမှု Pap Smear လုပ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာက ကျမတို့ အသိတွေ သွားပြောတော့ ဆရာဝန်တို့က အပျိုကြီးဆိုရင် Pap Smear လုပ်စရာမလိုဘူးလို့ ပြောတာမျိုးတွေ ကြုံဖူးပါတယ်။ အဲဒါ လုံးဝမှားပါတယ်။
            ဘယ်အမျိုးသမီးမဆို Pap Smear လုပ်ရမှာကို စိတ်ညစ်ကြ၊ ၀န်လေးကြပါတယ်။ ဒါပေမယ့် ချစ်သူများသူ၊ မျက်နှာများသူ၊ High Risk ဖြစ်သူတွေ နှစ်စဉ် လုပ်သင့်ပါတယ်။ စိတ်ပူစရာ မရှိတဲ့သူတွေကတော့ ၂ နှစ် ၁ ခါလောက်မှ စစ်လဲ ရပါတယ်။ ဘာပဲပြောပြော၊ ဘယ်လောက်ပဲ Pap Smear မလုပ်ချင်ဘူးဆိုပေမယ့် ကင်ဆာမဖြစ်ချင်ဘူး ဆိုရင်တော့ ဆရာဝန်ဆီမှာ စစ်ဆေးတာ ခံရပါမယ်။ အားလုံး ပုံမှန်ဆိုရင် အသက် ၆၅၊ ၇၀ လောက်မှာ စစ်ဆေးတာကို ရပ်နိုင်ပါတယ်။ ကိုယ့်ဆရာဝန်နဲ့လည်း တိုင်ပင်ကြည့်ပါ။
            Colonoscopy အူမကြီးထဲကို ကင်မရာထည့်ပြီး စစ်ဆေးကြည့်တာကိုလည်း လူတိုင်း အသက် ၅၀ မှာ စ လုပ်ရပါမယ်။ မျိုးရိုးထဲမှာ ကင်ဆာရှိခဲ့ရင် တော့ အသက် ၄၅ နှစ်မှာ စသင့်ပါတယ်။ ၀မ်းချုပ်တာ၊ ၀မ်းပျက်တာ၊ ၀မ်းသွားရင် သွေးပါတာ စတဲ့ လက်ခဏာတွေ ရှိရင် ပေါ့ပေါ့ဆဆ မနေဘဲ စစ်ဆေးသင့်ပါတယ်။ Colonoscopy လုပ်ရမှာကိုလည်း လူတွေက ကြောက်ကြပါတယ်။ တကယ်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြရင် ဘာမှ စိုးရိမ်စရာ မရှိပါ။ အူမကြီးကင်ဆာဟာ စောစောစီးစီး တွေ့ရရင် လူတွေ ကုသမှုခံယူပြီး ပျောက်ကင်းနိုင်ပါတယ်။
            ကျမအဒေါ်ကြီးဆိုရင် ၀မ်းချုပ်တာကို လျက်ဆားပဲ စားပြီးနေခဲ့တာ တဲ့။ ကင်ဆာမှန်း သိရတဲ့အချိန်မှာ သူ့အသက် ၆၀ ပတ်ဝန်းကျင်လောက်၊ ရောဂါက အတော်ကျွမ်းနေပါပြီ။
            ကျမတို့နိုင်ငံမှာက နေမကောင်းဖြစ်မှ ဆရာဝန်ဆီ သွားတတ်ကြတဲ့အကျင့်က ဖြစ်နေပါတယ်။ ကာကွယ်မှု Guideline အတိုင်းသာ အဒေါ်လိုက်နာနိုင်ခဲ့ရင် အသက် ၅၀ လောက်ထဲက စောစောစီးစီး ကြိုတွေ့ရင် တွေ့ရမှာပေါ့နော်။
            မြန်မာပြည်က အလည်လာတဲ့ ဆရာဝန်ကြီးလင်မယားကို colonoscopy လုပ်ထားသလားဆိုတော့ ဟင့်အင်း တဲ့။ ရှက်တတ်လို့ မလုပ်ပါဘူး တဲ့။ ကင်ဆာကို ကာကွယ်တာနဲ့ ရှက်တာနဲ့ ဘာဆိုင်သလဲတော့ မသိဘူး။
            ဆောင်းပါးကို ခပ်တိုတိုပဲ ထားချင်တာမို့ ဒီမှာပဲ ရပ်လိုက်ပါတယ်။ ကင်ဆာအတွက် screen  လုပ်တဲ့ စမ်းသပ်ချက်တွေမို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အမေရိကန်မှာ ကျန်းမာရေးအာမခံ မရှိရင်လည်း free clinic တို့၊ Health Department တို့ကို စုံစမ်းပြီး သွားပြပါ။ အသက်ကို ကယ်စေနိုင်တဲ့ စစ်ဆေးချက်တွေမို့ မပေါ့ဆဘဲ လိုက်နာသင့်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts