>
ကရင်သတင်းစဉ် (ကေအိုင်စီ)
ဇွန် ၁၂၊ ၂၀၀၉
ဒီကေဘီအေတပ်သား စောကျုကျူ (ဓာတ်ပုံ-ကေအိုင်စီ) အသက် ၂ဝ ဝန်းကျင် အရွယ်ရှိ စောကျုကျူသည် KNLA ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် DKBA တပ်မဟာ (၅၅၅)မှ တပ်ဖွဲ့ဝင် တဦး ဖြစ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲတရီ ကျေးရွာသို့ ထွက်ပြေး လွတ်မြောက်လာရာမှ ဒေသခံ ထိုင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် စောကျုကျူက ၄င်းသည် DKBA (၅၅၅) တပ်မဟာမှ တပ်ဖွဲ့ဝင် တဦး အဖြစ် ဝင်ရောက်သည်မှာ ၃ လ ကျော်သာ ရှိသေးကြောင်းနှင့် တိုက်ပွဲကို ကြောက်လန့်ကာ ထွက်ပြေးလာသည့် အကြောင်း ထိုင်းအာဏာပိုင်များအား ဝန်ခံ ပြောဆိုခဲ့ပြီး အခြား ဖြေဆိုချက်များမှာ ပုံမှန် မဟုတ်သဖြင့် မူးယစ်ဆေးဝါး သုံးစွဲဖူးသည့်ပုံ ပေါ်နေကြောင်း စစ်ဆေး မေးမြန်းသူများက ဝေဖန် ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် DKBA တပ်ဖွဲ့မှ KNLA တပ်မဟာ(၇)၏ တပ်ရင်းနေရာများသို့ လက်နက် ကြီး ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိုင်းဘက်ကမ်းသို့ လက်နက်ကြီး ၃လုံး ကျရောက်ခဲ့သည်ဟု ထိုင်းဖက်မှ ပြောကြားခဲ့ပြီး လက်ရှိ အချိန်ထိ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း KNLA တပ်မဟာ (၇) ဌာနချုပ်က ကရင်သတင်းစဉ်ကို ပြောသည်။
ယမန်နေ့က ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးရွာသို့ ဝင်ရန် လမ်းဆုံတွင် ထိုင်းစစ်တပ်မှ ဒီကေဘီအေနှစ်ဦး ပါဝင်သည့် ကားတစီးကို ဖမ်းဆီးရမိ ပြီး ကားပေါ်တွင် ပွိုင့်-၄၅ အသံတိတ် သေနတ်(၁)လက် တွေ့ရှိရာ ကားမောင်းသူမှာ ထိုင်း အရာရှိဟောင်း တဦး ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့ကလည်း လက်ရှိ စစ်ဆင်ရေးကို မတိုက်ခိုက်နိုင်သည့် အတွက် DKBA တပ်သား (၄)ဦး လက်နက်ငယ် (၂)လက် ဖြင့် နောက်ကြောင်း လှည့်ကာ ပြန်လည် ထွက်ပြေးသွားကြောင်း သိရသည်။
DKBA တပ်များနှင့် အတူ ရှေ့တန်းသို့ အထမ်း ပေါ်တာ အဖြစ် ပါလာသည့် ရွာသားများလည်း ပြီးခဲ့သည့် ရက်ပိုင်းက အလားတူ ထွက် ပြေးလျက် ရှိသဖြင့် သက်ဆိုင်ရာ ရွာလူကြီးများက ထွက်ပြေးသည့် မိမိတို့ ရွာသား တဦး အတွက် ဘတ်ငွေ သုံးထောင် ပေးဆောင်ရန် အတွက် DKBA တပ်မဟာ(၉၉၉) တပ်ရင်း(၄)မှ တာဝန်ယူ ကောက်ခံလျက်ရှိသည်ဟု သိရသည်။