>free lectures

>

လူတိုင်းအတွက် အခမဲ့ ပညာရေး
ကျော်ကျော်
ဧပြီ ၁၉၊ ၂၀၀၉
ပထမနှစ်တက္ကသိုလ် ကျောင်းသားများရဲ့ ပထမဆုံးနေ့ ခန္ဓာဗေဒအတန်းမှာ ဆရာမ မာရီယန်ဒိုင်းမွန်း(Marian Diamond) က မပျက်စီးအောင် ဆေးစိမ်ထားတဲ့ လူဦးနှောက်တစ်ခုကို လက်ပေါ်တင်ပြပြီး “ဟောဒီ ဦးနှောက်လေးဟာ အလေးချိန် ၃ ပေါင်လောက်ပဲ ရှိပါတယ်၊ ဒါပေမဲ့ အလင်းနှစ် သန်းပေါင်းများစွာထိ ဝေးလံတဲ့ စကြာဝဠာကြီးအထိ တွေးတော ခန့်မှန်းနိုင်တဲ့ စွမ်းရည် ရှိတယ်၊ အဲဒါ မထူးဆန်းလွန်းဘူးလား” လို့ ရှင်းပြနေပါတယ်။

မာရီယန်ဒိုင်းမွန်း (ဓာတ်ပုံ – www.berkley.edu)

ဒိုင်းမွန်းဟာ ဘာကလေတက္ကသိုလ် (UC Berkley)က ခန္ဓာဗေဒဘာသာ ပါမောက္ခ ဖြစ်ပြီး အများ ကြည်ညို လေးစားခံရတဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ သူမ စာသင်တဲ့ အတန်းမှာ တက်ရောက် သင်ကြားခွင့် ရသူတိုင်းဟာ အင်မတန် ကံကောင်းကြပါတယ်။

တချိန်တခါက နာမည်ကြီး တက္ကသိုလ်တွေရဲ့ စာသင်ခန်းဟာ လူအနည်းစု ကျောင်းသားတချို့ အတွက်ပဲ ဖြစ်ခဲ့ပေမဲ့ ယနေ့အချိန်မှာ ကမ္ဘာ့တ၀ှမ်းက တက္ကသိုလ် ကျောင်းများက စာသင်ကြားမှုတွေကို အင်တာနက်ပေါ်မှာ အခမဲ့ ကြည့်ရှုခွင့်ရအောင် အပြိုင်အဆိုင် လုပ်ဆောင်နေကြတဲ့ အတွက် ပါမောက္ခဒိုင်းမွန်း စာသင်တာကိုလည်း ဘယ်သူမဆို ကြည့်လို့ ရနေပါပြီ။ အမ်အိုင်တီ(MIT)က သင်္ချာဆရာရဲ့ algebra ကိုပဲ သင်ချင်သလား၊ ဒါမှမဟုတ် နာမည်ကြီး ဘာဂ်လီ(Berklee) ဂီတကျောင်းက ပါမောက္ခ တယောက်သင်တဲ့ ဂီတာတီးနည်းကိုပဲ လေ့လာချင်သလား၊ သင့်ရဲ့ကွန်ပြူတာရှေ့မှာ ကြည့်လို့ရနေပါပြီ။

ယခုနှစ် မတ်လမှာပဲ ယူကျူ(YouTube)က ပညာရေးဆိုင်ရာ အခန်းကဏ္ဍ တစ်ခု ဖြစ်တဲ့ YouTube Edu ကို စတင်ခဲ့ပါတယ်။ အဲဒီမှာ ဟားဗတ်တက္ကသိုလ်(Harvard) အပါ ကျောင်းပေါင်း တစ်ရာကျော် ပါဝင်ပြီး သူတို့ရဲ့ စာသင်ကြားမှု တချို့တွေကို တင်ပြထားပါတယ်။

လူတိုင်းကို အခမဲ့ကြည့်ရှုလို့ရအောင် ထုတ်လွှင့်တဲ့ နေရာမှာ အကုန်အကျ သိပ်များပါတယ်။ ၂၀၀၂ ခုနှစ်လောက်မှာ စတင်ခဲ့တဲ့ MIT က OpenCourseWare လို့ခေါ်တဲ့ အစီအစဉ်အရ သင်ရိုးတွေ၊ သင်ကြားမှုတွေ အားလုံးရဲ့ ၈၅ ရာခိုင်နှူံးလောက်ကို အင်တာနက်ပေါ်မှာ လူတိုင်း ကြည့်လို့ရအောင် တင်ခဲ့ပါတယ်။ အဲဒီအတွက် ဘာသာ တစ်ခုစီကို ဒေါ်လာ ၁၀၀၀၀ ကျော် ကုန်ကျပြီး၊ စာသင်ခန်းမှာ ရိုက်ကူးယူတဲ့ဟာ ဆိုရင် နှစ်ဆလောက် ပိုကုန်ကျပါတယ်။

ဒါပေမဲ့ ကုန်ကျရကျိုး နပ်ပါတယ်လို့ MIT OpenCourseWare ကို ဦးဆောင်တဲ့ စတိဖ်ကာဆင်(Steve Carlson) က ပြောပါတယ်။ အင်တာနက်ကနေ ကျောင်းသား အသစ်တွေကို ပိုမို ဆွဲဆောင်နိုင်တယ်၊ နောက်ပြီး ကျောင်းသားဟောင်းများလည်း တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မိတယ်၊ တီထွင်ကြံဆမှု အသစ်တွေ ရတယ်၊ အကျိုးအမြတ်က ကုန်ကျတာထက် သာလွန်ပါတယ် လို့ ကာဆင်က ပြောပါတယ်။

ယူကျူအပြင် အခြားဝက်ဆိုက်တစ်ခုက AcademicEarth.org လို့ ခေါ်ပါတယ်။ အဲဒါမှာ Berkley, Yale, Princeton, MIT, Harvard, Stanford စတဲ့ နာမည်ကြီး တက္ကသိုလ်က ဆရာ ဆရာမများရဲ့ စာသင်ကြားမှုတွေကို ကြည့်လို့ရပြီး ဘယ်ဆရာ သင်တာ ပိုကောင်းတယ် မကောင်းဘူး ဆိုတာ အမှတ်ပေးလို့လည်း ရပါတယ်။

အင်တာနက်ကနေ စာသင်ပြမှု၊ အခြား ဘာသာရပ် ဆိုင်ရာ ဟောပြောမှုတွေကို လူတွေ တနေ့ထက် တနေ့ ပိုပြီး စိတ်ဝင်စားလာတာ TED.com ကို ကြည့်ရင်လည်း ထင်ရှားနေပါတယ်။ အဲဒီမှာ technology, entertainment, design စတဲ့ နယ်ပယ်ထဲက တီထွင် ဖန်တီး ပညာရှင်တွေရဲ့ ဟောပြော ဆွေးနွေးမှုတွေကို လွှင့်တင်ထားပါတယ်။

OpenCourseWare ရဲ့ စိတ်ဝင်စားစရာ အလွန် ကောင်းတဲ့ အကျိုးဆက် တစ်ခုကတော့ ဆရာ ဆရာမများအတွက် ပြင်ပလူအများနဲ့ ထိတွေ့မှုတွေ၊ တုန့်ပြန်မှုတွေ ဖြစ်ပါတယ်။ “အရင်တုန်းကဆို ဆရာ ဆရာမတွေအတွက် သုတေသန လုပ်ငန်းဟာ နံပတ်တစ် ဖြစ်ပါတယ်။ အခုတော့ လူတိုင်းဟာ အသင်အပြ ကောင်းတဲ့ ဆရာ ဆရာမတွေ ဖြစ်အောင် ပိုပြီး ကြိုးစားလာကြပါတယ်” လို့ အသက် ၈၂ နှစ်ရှိတဲ့ ပါမောက္ခ ဒိုင်းမွန်းက ပြောပါတယ်။ သူမရဲ့ စာသင်ပြမှုတွေကို အင်တာနက်ကနေ ကြည့်တဲ့သူတွေဟာ အလွန်ဝေးကွာတဲ့ အင်္ဂလန် နဲ့ အီဂျစ် အထိ ရှိပြီး ဒိုင်းမွန်းဆီကိုလည်း အီးမေးလ် ပို့ကြပါတယ်။

“ ဒီအသက်အရွယ်မှာ အခြားသူတွေက ပင်စင်ယူ၊ သူတို့အတွက် လုပ်စရာတွေ ကုန်ပြီလို့ တွေးနေချိန်မှာ ကျမကတော့ တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ် ရနေတာ အလွန်လှပတဲ့ အရာ တစ်ခု ဖြစ်ပါတယ်” လို့ ဒိုင်းမွန်းက ဆက်လက် ပြောပြသွားပါတယ်။

ရည်ညွှန်းဝက်ဆိုက်များ

http://www.youtube.com/edu
http://academicearth.org/
http://www.ted.com/

( ဧပြီ ၂၀၀၉ ထုတ် TIME မဂ္ဂဇင်းမှ ကောက်နုတ်ထားသည်။)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts