>Thit Kaung Eain – 2009 Thagyan Poem

>

ပိတောက်စိမ်း

သစ်ကောင်းအိမ်

ဧပြီ ၁၀၊ ၂၀၀၉

ကယ်လီဖိုးနီးယားရဲ့

ပူနွေးသော နေရောင်အောက်မှာ

ပိတောက်နာကျတဲ့ နေ့ကပေါ့ …

ရေမပက်တဲ့ အပျိုတွေ

အလိပ်ထဲမှာ မုဆိုးဖိုနဲ့ ညားနေတယ် …

မြနန္ဒာလေ ညိုညိုရစ်ကာ သန်းတော့ …

အလိပ်ထဲမှာ မန်းတောင်ရိပ် ခိုနေတယ် …

င၀န်မြစ်ထဲက ရေချိုးပြီး တက်လာတဲ့

ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်း လမ်းမကြီးပေါ်မှာ

ဂျစ်ကားတစင်းနဲ့ ရေပက်ခံထွက်နေတယ်

သင်္ကြန်မဏ္ဍပ်တွေမှာ

သံချပ်တွေ လိုက်ကြည့်နေတယ်။

ဆူရှီဘားထဲ

အမှတ် ၁ အထကကျောင်း အလံတိုင်မှာ

ခွပ်ဒေါင်းအလံ တလူလူ လွှင့်နေတယ်။

ကိုရွှေသိမ်းမင်းရဲ့ “မင်းရဲ့ချစ်ခြင်းမဲ့လူ” ၀တ္တုထဲမှာ

ဆုဝေအတွက် ပိတောက်တွေ ပွင့်နေတယ်။

ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ ၀င်းပလို့

စန္ဒယားဆရာလေး ကိုငြိမ်းမောင်က

ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြားမှာ ဝေရီလို့ …

ဆူရှီဘားထဲ

၁၀ ကြိမ်မြောက် သင်္ကြန်မိုးရုပ်ရှင် ကြည့်နေတယ်။

လောကကို ထိုးပက်ဖို့

သားလက်က ရေပြွတ်ကလေး

ရေစုပ်ပေးနေတယ်။

အမေ့ကိုလည်း

တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပေးနေတယ။

ဆူရှီဘားထဲ

ပြည်လှဖေက

ကိုယ်တိုင် လှရာရာ ရွေးလို့ရယ် …

ပန်မပေးရ ဆံမြညှာ ကေနေတယ်။

ကယောမလေးက

ဂစ်တာတီးပြီး ကိုယ့်ကို သီချင်းတွေဆိုပြနေတယ်။

ခုလို နှစ်သစ်ကူး အခါသမယမှာ

ဂျီ ၂၀ အစည်းအဝေးကို

နား စွင့်နေတယ်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကိုလည်း

ပြန်ပြီး စောင့်ကြည့် လေ့လာနေမိတယ်။

ကယ်လီဖိုးနီယားရဲ့ ပူနွေးတဲ့ နေရောင်အောက်မှာ

ပိတောက်နာ ကျတဲ့ နေ့ကပေါ့ …

ဆူရှီဘားထဲ

ဓားတလက်နဲ့ ရေပက်တမ်း ကစားရင်း

အတာရေ မစိုမှာ စိုးလို့

ရေချိုးခန်းထဲ ၀င်ပြီး

ကိုယ်ကိုယ်ကို ရေလောင်းချိုးနေမိတယ်။ ။

(၈ ဧပြီ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts