>Thar Man – The Age

>

ခေတ်

သာမန်

မတ် ၁၀၊ ၂၀၀၉

ဖေဖေတို့ အရေးနိမ့်လို့

ကျွန်တော်တို့တတွေ ကစားကွင်းမှာ မပျော်ရွှင်ရဘူး

ဖေဖေတို့ တောမကျွမ်းခဲ့လို့

ကျွန်တော်တို့ တတွေ မျက်စိလည်လမ်းမှားနေရပြီ

ဖေဖေတို့ သားကောင်မရခဲ့လို့

ကျွန်တော်တို့ရဲ့ ညစာမှာ ဟင်းလျှာမရှိဘူး

ဖေဖေတို့ တာထွက်နောက်ကျခဲ့လို့

ကျွန်တော်တို့တတွေ ခေတ်ကို မျက်ခြည်ပြတ်ခဲ့ရပြီ

ဖေဖေတို့ရဲ့ ယိုင်နဲ့နေတဲ့ ခြံစည်းရိုးကြောင့်

ကျွန်တော်တို့ဘ၀တွေ မလုံခြုံဘူး

ဖေဖေတို့ မစုစည်းခဲ့လို့

ကျွန်တော်တို့ခေတ် ထင်းစည်းပြေလျော့ခဲ့ရပြီ

ဖေဖေတို့ရဲ့ ဖျက်လို့မရတဲ့ ဆေးမင်ကြောင်ရုပ်ကြောင့်

ကျွန်တော်တို့တတွေ လူပုံအလယ် လူလုံးမပြရဲဘူး

ဖေဖေတို့ အထိန်းအသိမ်း ညံ့ခဲ့လို့

ကျွန်တော်တို့ထဲက အဖိုးတန်တွေ အပျောက်အရှများခဲ့ရပြီ

နိုင်ငံတွေကို ကုစားနေတဲ့

အို … ဒေါက်တာ ကုလသမဂ္ဂ

ရန်ကုန်မြို့ကြီးကိုလည်း ဆေးစစ်ကြည့်ပါဦး

ပြောင်းပြန်ဖြစ်နေတဲ့ ကာလယန္တရားကြီးပေါ်မှာ

အတိတ်မေ့နေတဲ့ ဖေဖေတို့အတွက်

အနာဂတ်ပျောက်နေတဲ့ ကျွန်တော်တို့အတွက်

ဒီနေ့ ခမောက်တလုံးရှိရင် ကျေနပ်ပါပြီ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts