>Aung San

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၆)
စံနမူနာပြပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
ထိန်လင်း
မတ် ၈၊ ၂၀၀၉


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံ ကလေးများနေ့ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေ အတုယူနိုင်ဖို့၊ တိုင်းပြည်မှာ လူချွန်လူကောင်းတွေ အမြဲတမ်း ပေါ်ထွက်နေစေဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော် စတင် ထူထောင်သူ၊ လွတ်လပ်ရေးဗိသုကာ၊ မြန်မာ့လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင် စသဖြင့် ဂုဏ်ပုဒ်ပေါင်း များစွာနဲ့ ဂုဏ်ပြုခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်ကျော်သာ ရှိပေမယ့် လေးစားစရာ၊ အတုယူစရာ ဂုဏ်ပုဒ်တွေ များစွာ ရှိပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ စိတ်ဓာတ်ခိုင်မာမှု နဲ့ ဇွဲရှိမှုတွေက နှောင်းလူတွေ အတုယူရမယ့် အရာတွေဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ အခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ဒီနေ့ဒီရက်ကို ကလေးများနေ့အဖြစ် ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ၊ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း မှေးမှိန်အောင် ပြုလုပ်လာတဲ့ အုပ်စိုးသူတွေကြောင့် ကလေးများနေ့ပါ ပျောက်ကွယ်ခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ် မှတ်တမ်းစာအုပ်တွေကို ဖတ်ရှုမယ်ဆိုရင် ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသင့်တယ် ဆိုတဲ့အချက်ကို တွေ့နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့စိတ်၊ တိုင်းပြည်အပေါ်ချစ်တဲ့စိတ်၊ မြန်မာပြည်တဝှမ်းလုံး အင်္ဂလိပ်အောက်က လွတ်မြောက်စေချင်တဲ့ စိတ်တွေက သူမတူတဲ့ စိတ်ဓာတ်တွေဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို လေ့လာဖို့ သီးခြားဖွဲ့စည်းထားတဲ့ ကော်မတီက ပြုစုထားတဲ့ အတ္ထုပ္ပတ္တိစာအုပ် ကြီးကြီးမားမား မရှိပေမယ့် သူကိုယ်တိုင်ရေးသားခဲ့တဲ့ အတ္ထုပ္ပတ္တိ၊ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေ၊ လုပ်ဖော်ကိုင်ဖက်များရဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ ဗိုလ်ချုပ်ရဲ့အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ရေးသားခဲ့တဲ့ ဆောင်းပါးပေါင်းချုပ် ၃ အုပ်ကို ပေါင်းပြီး ‘ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း’ အမည်နဲ့ စာအုပ် အခုနှစ် ဇန်နဝါရီလမှာ ထုတ်ဝေခဲ့သလို တက္ကသိုလ်စိန်တင်ရဲ့ ‘မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်း’ ဆိုတဲ့စာအုပ်လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထွက်ရှိခဲ့တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လူငယ်တွေ အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ ကျယ်ကျယ်ပြန်ပြန့် ပြုစုထားတဲ့ စာအုပ်တွေ မပေါ်ပေါက်ခင်မှာ အခုလို လိုအပ်တဲ့ထောင့်ကို ဖြည့်ဆည်းပေးခဲ့သူများကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ငယ်ငယ်ကတည်းက ဟုတ်တိုင်းမှန်ရာကို ပြောတတ်သူဖြစ်ပါတယ်။ ငယ်ဘဝမှာ မိခင်ဖြစ်သူက အရောင်းအဝယ်လုပ်ရင်း မုသားစကား ဆိုမိတာတောင် ဗိုလ်ချုပ်အောင်ဆန်းက မှန်ရာကို ဆိုဖို့ ပြောဆိုခဲ့ဖူးပါတယ်။ ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘဝတွေမှာလည်း လိမ်လည်ပြောဆိုတာတွေ မရှိခဲ့ပါဘူး။ ပြောတဲ့အတိုင်း လုပ်သလို၊ လုပ်သလိုပဲ ပြောဆိုသူဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုသာမက ပြည်သူလူထုကိုပါ ဘယ်တော့မှ လိမ်လည်လှည့်ဖျား ပြောဆိုတာတွေ မရှိခဲ့ပါဘူး။ ဒီလိုပဲ ကိုယ်တိုင်က အဆောင်အယောင် ပကာသနမရှိဘဲ တိုင်းပြည်လွတ်လပ်ရေးအတွက် ဆင်းဆင်းရဲရဲ နေထိုင်လုပ်ကိုင်ခဲ့သလို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေ၊ စည်းကမ်းမဲ့ သုံးဖြုန်းသူတွေကိုလည်း ဝေဖန်လေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ချင်းစာစိတ်က အခြေခံလာတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကောင်းတွေဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်တွေထဲမှာ အတုယူသင့်တဲ့ တခြားစိတ်ဓာတ်ကတော့ ပကာသန အဆောင်အယောင်တွေ မမက်ဘဲ နေတတ်တဲ့ ရိုးသားမှုဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ မြန်မာပြည် လွတ်လပ်ရေး ရအောင် ကြိုးစားဖို့ကလွဲပြီး တခြား ဘာမှ မရှိပါဘူး။ မြန်မာပြည်လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှ အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ လန်ဒန်ကို သွားတဲ့ခရီးမှာတောင် စစ်ဝတ်စုံ တပတ်နွမ်းကိုပဲ ဝတ်ဆင်သွားခဲ့သူဖြစ်ပါတယ်။ လန်ဒန်မှာ ဗြိတိသျှ အရာရှိတွေနဲ့ တွေ့ဆုံတဲ့ သမိုင်းဝင်ဓာတ်ပုံတွေထဲက ဗိုလ်ချုပ်ရဲ့ သက္ကလပ် စစ်ဝတ်စုံကြီးက အိန္ဒိယခေါင်းဆောင် နေရူး လက်ဆောင်အဖြစ် ဆင်ပေးလိုက်တဲ့ ဝတ်စုံသာဖြစ်ပါတယ်။ နေမဝင်အင်ပါယာကြီးရဲ့ အရှင်သခင်တွေဖြစ်တဲ့ အင်္ဂလိပ်အစိုးရတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်လွတ်လပ်ရေးကိစ္စ ဆွေးနွေးရမယ့် ခရီးစဉ်မှာတောင် ဘာမှ အဆောင်အယောင် ခမ်းနားကြီးကျယ်မှုတွေ မလုပ်ဘဲ သာမန်ခရီးစဉ်တစ်ခုလို သွားရောက်ခဲ့တာကိုကြည့်ပြီး ဗိုလ်ချုပ်ရဲ့ ရိုးသားမှုကို ခန့်မှန်းနိုင်ပါတယ်။

သမိုင်းသုတေသီတွေ ကောက်ချက်ချထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းရည်တစ်ခုကတော့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ တိုင်းတပါးအကူအညီ ရှာဖွေတာ၊ ရဲဘော်သုံးကျိပ် ဖွဲ့စည်းတာ၊ ဖဆပလ ဖွဲ့စည်းတာ စသဖြင့် သမိုင်းဝင်လုပ်ဆောင်ချက်တွေ လုပ်ဆောင်ခဲ့တာဟာ ပေါ်လာတဲ့အခွင့်အရေးကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့တဲ့သဘောတွေပါပဲ။ အချိန်ကာလနဲ့အညီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကိုင်တာ၊ အလိုရှိတဲ့အရာကို မဆုတ်မနစ် လုပ်ဆောင်တတ်တဲ့ ဇွဲရှိတာ၊ ဒီနည်းမရရင် ဟိုနည်း ပြောင်းလဲ လုပ်ကိုင်တတ်တာတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို ခိုင်မာတဲ့ စိတ်ဓာတ်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီလို အနေအထားတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝမှာ အခါခပ်သိမ်း အောင်ပွဲတွေနဲ့ချည်း တွေ့ကြုံခဲ့ရတာ မဟုတ်ပါဘူး။ ၁၉၃၄-၃၅ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသီဟန်၊ ကိုသိန်းဖေ (သိန်းဖေမြင့်)တို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့သာ အရွေးခံရပြီး ကိုအောင်ဆန်းနဲ့ ကိုသီဟန်တို့ အရွေးမခံခဲ့ရတဲ့အကြောင်း ဆရာသိန်းဖေမြင့်ရဲ့ ‘ကျော်ငြိမ်း’ စာအုပ်မှာ ရေးသားထားပါတယ်။

ဒီလို အရှုံးနဲ့ရင်ဆိုင်လိုက်ရပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက စိတ်ဓာတ်မကျပါဘူး။ ဒါကြောင့် နောက်နှစ်ရွေးကောက်ပွဲမှာ ထပ်ပြီး ယှဉ်ပြိုင်ပါတယ်။ အဲဒီနှစ်မှာတော့ သူအရွေးခံရပြီး သမဂ္ဂ အမှုဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဓိက ဝါသနာက စာရေးစာဖတ်ဖြစ်ပြီး စာရေးဆရာဖြစ်ချင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဖြစ်ချင်တဲ့ စာရေးဆရာဘဝ ကို စွန့်လွှတ်ပြီး နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်အဖြစ် ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်မှုတွေက စာတစ်ပုဒ်တည်း၊ စာအုပ်တစ်အုပ်တည်းနဲ့ ပြည့်စုံမှာ မဟုတ်ပါဘူး။ ဒါကြောင့် သမိုင်းသုတေသီတွေပဲဖြစ်ဖြစ်၊ ကိုယ်တွေ့ဆုံခဲ့ဖူးသူတွေကပဲဖြစ်ဖြစ် ရေးသားပြီး မှတ်တမ်းတင်စေချင်ပါတယ်။ ဒါမှသာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာ နောက်မျိုးဆက်သစ်တွေ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပဲ ပျောက်ကွယ်အောင် ပြုလုပ်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ‘မြန်မာနိုင်ငံ ကလေးများနေ့’ကို ပြန်လည်အသက်ဝင်အောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ကျေးဇူးတင်ပါတယ်။ ။

ထိန်လင်း (၉၊ ၂၊ ၂ဝဝ၉)


၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts