>Decades-Long conflict (2)

>

သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၂)
အောင်သာငယ်
ဇန်န၀ါရီ ၁၆၊ ၂၀၀၉


ပထမ အာရပ်-အစ္စရေးစစ်ပွဲ (၁၉၄၈)
ဒီစစ်ပွဲဟာ အာရပ်ပြည်နဲ့ ဂျူးပြည် ၂ ခု အတူတွဲ ရှိရမယ် ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု လိုက်တဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်(၁၈၁) ကို အာရပ်ကမ္ဘာက ငြင်းပယ်ခဲ့တာကနေ စတင်ခဲ့တာပါပဲ။

ဒီအခါမှာ အစ္စရေး ၀န်ကြီးချုပ် ဒေးဗစ်ဘန်ဂူရီယမ်က အစ္စရေးနိုင်ငံဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိတဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်ကြောင်း မေလ ၁၄ ရက်မှာ ကြေညာပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အာရပ်နိုင်ငံတွေက အစ္စရေးကို စတင် ၀င်ရောက် တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။

အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ အာရပ်-အစ္စရေးပဋိပက္ခ တလျှောက် ဖြစ်ပွားခဲ့သမျှ စစ်ပွဲတွေ အားလုံးရဲ့ ပထမဆုံးသော စစ်ပွဲလည်း ဖြစ်ပါတယ်။ အစ္စရေးကတော့ လွတ်မြောက်ရေး စစ်ပွဲလို့ အမည်ပေးခဲ့ပါတယ်။

အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီ
အစ္စရေးနိုင်ငံက လွတ်လပ်ရေး ကြေညာလိုက်တာနဲ့ အမေရိကန်ပြည်ထောင်စု၊ အီရန်၊ ဆိုဗီယက် ပြည်ထောင်စု အပါအ၀င် အခြားနိုင်ငံ အတော်များများရဲ့ အသိအမှတ်ပြုခြင်းကို ချက်ချင်းဆိုသလို ရရှိခဲ့ပါတယ်။

ရက် အနည်းငယ် အကြာမှာတော့ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ် နိုင်ငံတွေက တပ်တွေ အလုံးအရင်းနဲ့ အစ္စရေးနိုင်ငံကို ၀င်တိုက်ခဲ့ကြပါတော့တယ်။ ဆော်ဒီအာရေးဘီးယား၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေ ကလည်း အပျော်ထမ်း တပ်တွေ ပေးပို့ပြီး ပါဝင် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဒီလိုနဲ့ ကုလသမဂ္ဂရဲ့ ၀င်ရောက်စေ့စပ်မှုနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှာ အစ္စရေးက အီဂျစ်၊ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံတွေနဲ့ သီးခြား စစ်ရေး သဘောတူညီချက်တွေကို ချုပ်ဆိုခဲ့တယ်။ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ ရန်လိုမှုတွေကတော့ မပြီးဆုံးသေးပါဘူး။

စစ်ပွဲရလဒ်အဖြစ် အစ္စရေးဘက်က စစ်သားနဲ့အရပ်သား စုစုပေါင်း ၆၀၀၀ ကျော် သေဆုံးတယ်။ အာရပ်တွေဘက် တသောင်းကျော် သေဆုံးတယ်။

လတ်တလော စစ်ပွဲများ
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အနီးကပ်ဆုံး သမိုင်း စာမျက်နှာပေါ်က ၂၀ ရာစုရဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ အငြင်းပွားမှုမှာ “အာရပ်-အစ္စရေး ၆-ရက် စစ်ပွဲ” ကို လူသိအများဆုံး စစ်ပွဲအဖြစ် တွေ့ကြရမှာပါ။ ဒီတော့ အဲဒီ စစ်ပွဲရဲ့ အရင်းအမြစ်တွေကနေ စတင်ကြည့်ရမှာပါ။ အခြေခံ အကျဆုံးကတော့ စူးအက်တူးမြောင်း ပါပဲ။ စူးအက် တူးမြောင်းအရေးအခင်းကပဲ ၆-ရက်စစ်ပွဲကို မွေးဖွားပေးခဲ့ပါတယ်။ ဒီတူးမြောင်းမှာ အားလုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်နေတယ်။ ဒီတော့လည်း ပဋိပက္ခတခုဟာ အလွယ်တကူ ဖြေရှင်းလို့ မရနိုင်တာ ဘာမှ မထူးဆန်းတော့ပါဘူး။

စူးအက်တူးမြောင်း
ပြသနာတွေ အားလုံးရဲ့ အစဟာ စူးအက်တူးမြောင်းလို့ ပြောရင် မလွန်ဘူးလို့ ထင်ပါတယ်။ စူးအက် တူးမြောင်းဟာ အာဖရိကတိုက်ကို ကွေ့ပတ်ပြီး သွားစရာ မလိုဘဲ ဥရောပနဲ့ အာရှကို တိုက်ရိုက် ကူးသန်းနိုင်အောင် ဆက်သွယ်ပေးထားတဲ့ တူးမြောင်းဖြစ်ပါတယ်။

ပင်လယ် ၂ခုကို ဆက်သွယ်ထားတဲ့ စူးအက်တူးမြောင်း (မြေပုံ – wikimedia.org)

အာရှနဲ့ အာဖရိကကြားမှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ လက်ခွဲတခုဖြစ်တဲ့ ပင်လယ်နီနဲ့ ဥရောပတိုက်၊ အာရှတိုက်နဲ့ အာဖရိကတိုက်ကို ပိုင်းခြားထားတဲ့ မြေထဲပင်လယ်တို့ အကြားက ကုန်းမြေကို ဖြတ်သန်းပြီး ဖောက်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ၁၈၅၉ နဲ့ ၁၈၆၉ နှစ်များအကြားမှာ ပြင်သစ် ကော်ပိုရေးရှင်းတခုဖြစ်တဲ့ Universal Suez Ship Canal Company က တူးဖော် ဆောက်လုပ်ခဲ့ပြီး ရှယ်ယာအများစုကို ပိုင်ဆိုင်ခဲ့တဲ့အပြင် စူးအက်တူးမြောင်း အရေးအခင်းကို ဖြစ်ပွားတဲ့ ၁၉၅၆ ခုနှစ် အထိ တူးမြောင်းကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယ အာရပ်-အစ္စရေးစစ်ပွဲ (စူးအက်ဇ်တူးမြောင်းအရေးအခင်း – ၁၉၅၆)
ဒီအရေးအခင်းဟာ အီဂျစ်နိုင်ငံက စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းရာကနေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲကို ဖြစ်ပွားစေတဲ့ အကြောင်း ၂ချက်ရှိပါတယ်။

အာရပ်-အစ္စရေးပဋိပက္ခများကို ဖြေရှင်းရာမှာ အီဂျစ်က ဦးစီး ဦးဆောင်ပြု ဖြေရှင်းပေးဖို့ သဘော တူညီ ချက်တခု ရှိခဲ့တယ်။ အပြန်အလှန်အားဖြင့် အီဂျစ်နိုင်ငံမှာ ရေကာတာတခု တည်ဆောက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် နိုင်ငံတို့က ဒေါ်လာ သန်း ၂၇၀ ထုတ်ချေးခဲ့တယ်။

သို့သော်လည်း စစ်လက်နက် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေကို မှီခိုနေရတဲ့ အဖြစ်ကနေ အီဂျစ် နိုင်ငံကို လွတ်မြောက် သွားစေခဲ့တဲ့ လျှို့ဝှက် စစ်ရေး သဘောတူညီချက် တခုကို အီဂျစ်နဲ့ ချက်ကိုဆလိုဗက် နှစ်နိုင်ငံ အကြား ၁၉၅၅မှာ ပြုလုပ်ခဲ့ပါတယ်။

ချက်ကိုဆလိုဗက်ကီးယားနဲ့ အီဂျစ် သဘောတူညီချက် ရခဲ့တာကလည်း အရှေ့ အလယ်ပိုင်း ဒေသမှာ သူ့ရဲ့ သြဇာ လွှမ်းမိုး စေချင်တဲ့ ဆိုဗွီယက် ပြည်ထောင်စုက အရှေ့ အုပ်စုလို့ ခေါ်တဲ့ ၀ါဆော စာချုပ်အဖွဲ့ဝင် အရှေ့ ဥရောပ ကွန်မြူနစ် နိုင်ငံတွေကို မီးစိမ်းပြခဲ့တာ ကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း တင့်ကားတွေ၊ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေကအစ ခေတ်မှီ လက်နက်ကြီးငယ် မျိုးစုံ အထိ ချက်ကိုဆလိုဗက်ကီးယားက အီဂျစ်ကို အကြွေးနဲ့ ရောင်းချပေးခဲ့ပါတယ်။ အာရပ်တွေ မမြင်ခဲ့ဖူးတဲ့ ခေတ်မီလက်နက်တွေကို အီဂျစ်မှာ အစုလိုက် အပုံလိုက် ရောက်သွားတဲ့အခါ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံ ကလည်း လက်ပိုက်ကြည့် မနေတော့ပါဘူး။

ဒါ့အပြင် နောက်တချက်ကတော့ မေလ ၁၆ ရက်နေ့မှာ တရုပ် ပြည်သူ့သမတနိုင်ငံကို အီဂျစ်အစိုးရက တရားဝင် အသိအမှတ် ပြုလိုက်တာကလည်း ထိုင်ဝမ်နိုင်ငံကို ကျောထောက်နောက်ခံ ပေးတဲ့ အမေရိကန် ပြည်ထောင်စုကို အကြီးအကျယ် ဒေါသူပုန် ထစေခဲ့တာ ဖြစ်ပါတယ်။

လက်တုံ့ပြန်တဲ့အနေနဲ့ နဂိုက သဘောတူညီထားတဲ့ ရေကာတာ တည်ဆောက်ရေး ရန်ပုံငွေကို ဇူလိုင် ၁၉ ရက်နေ့မှာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက လုံးဝ ဖျက်သိမ်း ပစ်ခဲ့ ပါတယ်။

တပတ်အကြာမှာတော့ အီဂျစ်က စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းကြောင်း ကြေညာခဲ့ပါတော့တယ်။

အီဂျစ်ရဲ့ ကြေညာချက်အပြီးမှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေး နိုင်ငံများက အီဂျစ်ကို ၀င်တိုက်ကြပါတယ်။ တူးမြောင်းကို ထိန်းချုပ် နိုင်ဖို့နဲ့ တူးမြောင်း အရေးအခင်းကို လက်ဦးမှု ရယူပြီး ဖြေရှင်း နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ကာ ဆိုင်းနိုင်း ကျွန်းဆွယ်ကို သိမ်းယူထားခဲ့ပြီး ဗြိတိန်၊ ပြင်သစ်တို့က လေကြောင်း စိုးမိုးမှုနဲ့ ထောက်ပံ့ရေးကို တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ အီဂျစ်နဲ့ အစ္စရေး နှစ်နိုင်ငံလုံးက ဆုတ်ခွာပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီအရေးအခင်းကို ပြီးဆုံးသွားအောင် ကနေဒါ နိုင်ငံက အဆိုပြုခဲ့တဲ့ ပထမဆုံးသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ် ပေါ်ပေါက်လာခဲ့တယ်။ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ စူးအက်တူးမြောင်းကို ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေက ထိန်းချုပ် လိုက်ပြီး စစ်ပွဲ ပြီးစီးသွားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts