>Tight Security in Rangoon cost stress and fear to public

>

ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်ချမှုကြောင့် လူထုမှာ စိတ်ခြောက်ခြားထိတ်လန့်နေရ

မိုးမခ အထောက်တော် (ရန်ကုန်)

စက်တင်ဘာ ၁၅၊ ၂၀၀၈

၂၀၀၈ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလ နှစ်ပတ်လည်တွင် ရန်ကုန်မြို့တ၀ှမ်း လုံခြုံရေးများ တိုးမြှင့်ချခြင်း၊ ညဖက်တွင် စစ်ကားများ ဥဒဟို ဟိုမှ ဒီမှ မောင်းနှင်နေခြင်းတို့ကြောင့် မြို့ခံမိသားစုများ စိုးရိမ်ထိတ်လန့်မှုများနှင့် ခြောက်ခြားနေရကြောင်း သိရသည်။

ယခင်လ ၈ လေးလုံး နှစ်ပတ်လည်ကလည်း စစ်တပ်များနှင့် ဘုန်းကြီးကျောင်းများကို ၀ိုင်းဝန်းပိတ်ဆို့ခြင်းလုပ်ခဲ့သလို ယခုလည်း ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများကို သောင်းကျန်းသူဌာနများသဖွယ် ပြုမူနေသဖြင့် ငြိမ်းချမ်းမှု ရှာမရကြောင်း ပရိသတ်တဦးက မိုးမခသို့ ပြောသည်။

“ ကျမတို့ ရွှေဂုံတိုင်မှာဆိုရင် ည ၁၁ နာရီလောက်ဆို စစ်ကားတွေ ရောက်လာပြီရှင့်၊ တွေ့ရတာကတော့ အားလုံး ရဲ ယူနှီဖောင်းနဲ့ ပဲ၊ ဒိုင်းတွေ သေနတ်တွေကတော့ အရန်သင့်ပဲ။”

ဟု ရွှေဂုံတိုင် မြို့နယ်နေ အိမ်ရှင်မတဦးက ပြောသည်။

ရွှေတိဂုံ ဘုရားဖူးများ၏ အသွားအလားများကိုလည်း စစ်ဆေး စောင့်ကြည့်မှုများ ရှိနေပြီး အရပ်ဝတ် အစိုးရ သတင်းပေးများကလည်း နေရာအနှံတွင် ပေါ်ပေါ်တင်တင် လူလုံးပြလျက်ရှိသည်ကို တွေ့ရသည်။ လုံထိန်းများ ကိုင်ဆောင်သည့် ဆက်သွယ်ရေး စက်များ အပြင် မိုဘိုင်းဖုန်းများကိုပါ ကိုင်ဆောင်ထားကြသည်ဟု ဆိုသည်။

ပြည်တွငိး သတင်းထောက်များအနေနှင့် ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူသည့် ကိစ္စများကိုပါ ၎င်း ယူနီဖောင်းဝတ်များသာမက အရပ်ဝတ် လုံခြုံရေးတာဝန်ရှိသူဟု ဆိုသူများက လိုက်လံ အနှောက်အယှက်ပေး မေးမြန်းစုံစမ်းခြင်းတို့ လုပ်နေကြသည်ကို တွေ့ရကြောင်း ကိုယ်တိုင်ကြုံခဲ့သူ တဦးက ဆိုသည်။

“ ကျမ မနေ့က ရှစ်မိုင် စွယ်တော်ဘုရားဖက် ရောက်ခဲ့တယ်။ ရောက်တော့ သတင်းရေးချင်စရာ ကောင်းတဲ့အကွက်လေး တွေ့ရတ်။ စွယ်တော်ဘုရားရှေ့မှာ အမှိုက်တွေ အတော်လေး ပွနေတော့ သတင်းရေးဦးမယ် ဆိုပြီး၊ ဓာတ်ပုံလေး ဖျတ်ကနဲ ရိုက်လိုက်တာ စစ်သားတဦး ရောက်လာပါရော။ ပြီးတော့ ကျနော်တို့ ဗိုလ်မှုးနဲ့ တွေ့ ဖို့ ခဏ လိုက်ခဲ့ပါ ဆိုပြီး ခေါ်တယ် …” ဟု သတင်းထောက်တဦးက အတွေ့အကြုံတခုကို ပြောပြသည်။

မိမိကို ဘာကြောင့် ဓာတ်ပုံလျောက်ရိုက်နေရသလဲ ဟု စစ်ဗိုလ်က မေးကြောင်း၊ မိမိကို မီဒီယာကလားဟု ထပ်မေးကြောင်း၊ မိမိက မဟုတ်ပါကြောင်း၊ ဘုရားကို ကြည်ညိုလွန်း၍ ဓာတ်ပုံ ရိုက်မိပါကြောင်းဟု ဖြေလိုက်ကြောင်း၊ ထိုအခါ စစ်ဗိုလ်က နေရာကတကာ ဘာမှန်းညာမှန်း မသိဘဲ ဓာတ်ပုံ လျောက်မရိုက်ရကြောင်း၊ မီဒီယာနှင့် ရောပြီး အဖမ်းခံရနိုင်ကြောင်း ကြိမ်းမောင်းသတိပေး လွှတ်လိုက်သည်ဟု အဆိုပါ သတင်းထောက်က ပြောကြားသည်။

စစ်အစိုးရ နှင့် အလိုတော်ရိ စွမ်းအားရှင်များ၊ ကြံ့ဖွံ့များသာမက လုံခြုံရေးဝန်ထမ်းများ အားလုံးမှာ သူတို့နှင့် မတူသူများအားလုံးကို ရန်သူဟု ၀ါဒဖြန့်ထားခြင်း ခံထားရရာ ပြည်သူများအားလုံးကို မယုံကြည်နိုင်ဘဲ သံသယနှင့် ဆက်ဆံခြင်း ခံနေရသဖြင့် စစ်ကြီးဖြစ်ထားသည့် မြို့ပျက်ကြီးသဖွယ် ခံစားနေရသည်ဟု မြို့ခံတဦးက ထင်မြင်ချက်ကို ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts