>review on referendum

>

ကြိုက်သလိုထည့်နိုင်တဲ့ မေလ ဆန္ဒခံယူပွဲ
ဥတ္တရမွန်း

သြဂုတ် ၂၂၊ ၂၀၀၈

ဆန္ဒမဲဆိုတာ လူတစ်ဦးရဲ့ လွတ်လပ်စွာ ရင်တွင်းက ဖြစ်ပေါ်လာတဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ပေးထားတဲ့ အခွင့်အရေးတစ်ခုပါ။

ငယ်စဉ်တုန်းက ကျောင်းမှာ အတန်းခေါင်းဆောင်(မော်နီတာ) ရွေးတာတောင် ကျောင်းသားတစ်ယောက်စီ လျှို့ဝှက်မဲစံနစ်နဲ့ ရွေးချယ်ခဲ့ရတာပါ။ ကျောင်းသားတစ်ယောက်စီ သူကိုယ်တိုင် နှစ်သက်တဲ့ ကျောင်းသားရဲ့ နာမည်ကို စာရွက်လေးပေါ်မှာရေး၊ စာရွက်လေးကို ခေါက်၊ ပုံးလေးတစ်ခုမှာ သွားထည့်ရတယ်။ ပြီးတော့ ကျောင်းသားတွေ အားလုံးရှေ့မှာ မဲလိပ်တွေကို ဖွင့်ပြ၊ နာမည်တွေကို ရေတွက်ပြီးတော့ နာမည်အများဆုံးရသူက ကျောင်းသားခေါင်းဆောင် ဖြစ်သွားပါတယ်။ လွတ်လပ်တယ်၊ တရားမျှတတယ်၊ ရလဒ်ကို အားလုံးလက်ခံတယ်။

မြန်မာစစ်အစိုးရရဲ့ မေလမှာကျင်းပခဲ့တဲ့ အခြေခံဥပဒေဆန္ဒခံယူပွဲက အဖြစ်အပျက်တချို့ကို ကျနော်ကြားမိတော့ အံ့အားမသင့်ဘဲ မနေနိုင် “ဟိုက် ရှာလပတ်ရည်” လို့သာ အော်မိလိုက်ပါတယ်။

အောက်ပါဖြစ်ရပ်မှန် ၂ ခုသည် ရန်ကုန်မြို့၌ ကိုယ်တိုင်မဲသွားထည့်ခဲ့သူ တစ်ဦး၏ ပြန်လည်ပြောပြချက် ဖြစ်ပါသည်။

နာဂစ်မုန်တိုင်းအထိခံသည့် မြို့နယ်အချို့မှလွဲပြီး ဆန္ဒမဲက မေ ၁ဝ ရက်နေ့မှာ ပြီးဆုံးခဲ့ပါပြီ။ မေ၂၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ ကျနော် မဲသွားထည့်တယ်။ မဲရုံရောက်တော့ မှတ်ပုံတင်ပြ မဲလက်မှတ်ထုတ်ပေး၊ မဲထည့်လိုက်တယ်။ ပြီးတော့ တာဝန်ရှိသူ တစ်ဦးက ကျနော့်ရဲ့ မိသားစုတွေ မဲလာမထည့်ကြဘူးလားလို့ မေးတယ်။ ကျနော်လည်း သူတို့မအားကြောင်း၊ မိန်းမက နေမကောင်းကြောင်း ပြန်ပြောပြတယ်။ ဒါနဲ့ မဲရုံတာဝန်ကျသူက ကိစ္စမရှိဘူး၊ သူတို့အတွက်ပါ ထည့်သွားလို့ရတယ် လို့ပြောတယ်။ ကျနော့်မှာ သူတို့ရဲ့ မှတ်ပုံတင်ကတ်တွေလည်း ပါမလာဘူးလို့ ပြန်ဖြေတယ်။ မဲရုံတာဝန်ခံက ကိစ္စမရှိပါဘူး၊ မဲလက်မှတ်ပေါ်မှာသာ လက်မှတ်ထိုးလိုက်ရင် ရပါတယ်တဲ့။

ကျနော်လည်း ထူးမခြားနားတော့မယ့် ဆန္ဒမဲပေးပွဲပေါ် ခေါင်းမစားချင်တော့ပဲ သူတို့အတင်းထည့်စေချင်တဲ့ မဲလက်မှတ်တွေပေါ်မှာ လက်မှတ်ထိုးခဲ့ပြီး ပြန်ခဲ့ရတယ်။

နောက်ဖြစ်ရပ်တစ်ခုကတော့ ကျနော့်မိတ်ဆွေတစ်ဦး ဖွင့်ထားတဲ့ ထမင်းဆိုင်မှာပါ။ အဲဒီမှာ ဝန်ထမ်းတွေ အယောက် ၃ဝ လောက်ရှိတယ်။ မဲထည့်ရမယ့်ရက် မတိုင်မီ ၃ ရက်လောက်က ရပ်ကွက်က ကြံ့ဖွံ့တာဝန်ခံတွေက ဆိုင်ကိုရောက်လာပြီး ကြိုတင်မဲတွေ ထည့်လို့ရတယ်လို့ ဆိုင်ရှင်ကို ပြောတယ်။ ဆိုင်ရှင်ကလည်း သူတို့လိုချင်တဲ့အတိုင်း လက်မှတ်ထိုး အမှန်ခြစ်လိုက်တာပေါ့။ ဇာတ်လမ်းက အဲဒီမှာမပြီးသေးဘူး၊ ဆိုင်ကဝန်ထမ်းတွေလည်း ကြိုတင်မဲတွေ ထည့်လို့ရတယ်လို့ ကြံ့ဖွံ့တွေက ပြောပြန်တယ်။ ဒါနဲ့ ဝန်ထမ်းတချို့က သူတို့မြို့ကို ပြန်ခဲ့တုန်းက ဟိုမှာ ကြိုတင်မဲ တစ်ကြိမ်ထည့်ပြီးပြီလို့ ပြန်ပြောတယ်။ “ကိစ္စမရှိဘူး၊ တစ်ကြိမ်ထည့်ပြီးလည်း အရေးမကြီးပါဘူး၊ ထပ်ထည့်လို့ ရပါတယ်၊ ဟောဒီ မဲလက်မှတ်တွေပေါ်မှာ လက်မှတ်ထိုးလိုက်ရင် ရပြီ”လို့ ကြံ့ဖွံ့တွေက ပြန်ဖြေတယ်။ ဒါနဲ့ မငြင်းသာတော့မယ့်အတူ ဆိုင်ကဝန်ထမ်းအားလုံးကလည်း သူတို့ရှေ့မှာ လက်မှတ်တွေ ထိုးပေးလိုက်ကြတယ်။ ကြံ့ဖွံ့တွေက ပြုံးပြုံးကြီးနဲ့ မဲလက်မှတ်တွေ တထပ်ကြီး ပွေ့ပိုက်ပြီး ထွက်သွားကြတယ်။

ကျနော်တွေးမိတယ်၊ ဒီစစ်အစိုးရလုပ်တဲ့ အခြေခံဥပဒေမူဆန္ဒခံယူပွဲက ထောက်ခံမဲ ၉၂့  ၄% ဆိုတာ ကြည့်ကောင်းအောင် လျှော့တွက်ထားသေးတာဖြစ်မယ်၊ တကယ်တော့ ထောက်ခံမဲက ၁ဝ၂့  ၄%မှ မှန်မယ်ထင်တယ်။ ဟုတ်တယ်လေ၊ မဲလက်မှတ်တောင် မမြင်လိုက်ရဘဲ ကိုယ်စားလှယ်တွေက ထည့်ပေးလိုက်တဲ့သူတွေ၊ မဲလက်မှတ်ပေါ် လက်မှတ်လေးပဲ ထိုးလိုက်ရသူတွေ၊ တစ်ခါနဲ့အားမရလို့ နှစ်ခါပြန်ထည့်လိုက်ရသူတွေ ဘယ်လောက်များရှိသလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts