Writer Min Lu health critical

ကျန်းမာရေးစိုးရိမ်ရသည့် စာရေးဆရာ မင်းလူအတွက် ပရိသတ်များ ဆုတောင်း

မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၂၁၊ ၂၀၁၃

            ၁၉၈၀ ခုနှစ်များကတည်းက ထင်ရှားသည့် အချစ်နှင့် ဘ၀သရုပ်ဖော် ၀တ္ထုရေးဆရာ၊ သရော်စာရေးဆရာ၊ ကဗျာဆရာ မင်းလူသည် ယခုအချိန်တွင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် ပရိသတ်က ၀ိုင်းဝန်း ဆုတောင်းပေးကြရန် ဆရာ၏ Fan Page (Face Book) မှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

“စာရေးတယ်ဆိုတာ နှလုံးသားထဲကခံစားချက်ကို ဦးနှောက်ဆီကိုပို့၊ သွေးကြောအတိုင်း
လက်ဖျားဆီ စီးဆင်းသွားပြီး ဖောင်တိန်ကတစ်ဆင့် စာရွက်ပေါ်မှာ သင်္ကေတတွေ ထင်ဟပ်စေတာ။
လက်ချောင်းတွေရယ်၊ ဖောင်တိန်ရယ်၊ စာရွက်တွေရယ် တိုက်ရိုက်ထိတွေ့နေရမှ စာလုံးတွေထဲမှာ 
အသက်ဝိညာဉ်ဖြစ်ထွန်းလာနိုင်တာလို့ ယူဆ စွဲလမ်းနေတယ်”လို့ အက်ဆေးတစ်ပုဒ်မှာ ရေးသားခဲ့ဖူးတဲ့  ဆရာမင်းလူ  လက်ရှိရင်ဆိုင်နေရတဲ့ ကျန်းမာရေးဆိုင်ရာ အားနည်းမှုကနေ အမြန်ဆုံးကျော်လွန်နိုင်ဖို့၊ ပြန်လည်နေကောင်း ကျန်းမာလာစေဖို့ စာဖတ်သူမိတ်ဆွေများ သတိရ ဆုတောင်းပေးပါဦးလို့  ဆရာ့ရဲ့ဝတ္ထုတိုများ Fan Page က အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်..

ဆရာ၏ သမီး (ယုယ)၏ ဖေ့စ်ဘွတ်မျက်နှာတွင်မူ ဆရာ့ကျန်းမာရေးအတွက် စိုးရိမ်မှုကို ထုတ်ဖော်ရေးသားထားသည်ကို အောက်ပါအတိုင်း တွေ့ရသည်။

အဖေသည် သူ့စာမူကို ဆက်လက်ရေးနိုင်စွမ်းမရှိတော့။ တစ်သက်လုံးအလုပ်လုပ်ခဲ့သော သူ့ဦးနှောက်နှင့်စိတ်တို့ အနားယူချင်ပြီထင်သည်။ ညာဘက်လက်နှင့် ညာဘက် ခြေထောက်တွေမသန်စွမ်းတော့။ ဇာတ်သိမ်းကောင်းကောင်းမရေးနိုင်သော ကျွန်မ အခုတော့ အဖေ့အတွက်၊ အဖေ့စာမူအတွက် ဇာတ်သိမ်းကောင်းကောင်းရေးဖြစ်အောင် ကြိုးစားရတော့မည်။ အဖေ့စာမူတွေက ကျွန်မကိုစောင့်ကြိုနေသည်။ အဖေ့ပရိသတ်တွေက အဖေ့စာမူကို စောင့်မျော်နေသည်။ နေမကောင်းသောအဖေနှင့် မပြီး ပြတ်သေးသော စာမူအကြားမှာ ကျွန်မ ဗျာများနေလေပြီ။ (ဒီစာမူလေးပြီးတဲ့အချိန် ဒီစာမူလေးမဂ္ဂဇင်းမှာပါတဲ့အချိန်မှာ အဖေ့ကိုယ့်စာမူကိုဖတ်နိုင်ပါစေ။)”

ဆရာ မင်းလူ၏ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

မင်းလူ (၁၉၅၄)

၁။ အမည်ရင်း – မောင်ဉာဏ်ပေါ်
၂။ မိဘအမည် – ဦးသာဓု + ဒေါ်ခင်ညို
၃။ မွေးသက္ကရာဇ် – ၁၉၅၄ ခုနှစ်၊ မေလ ၁၈ ရက်
၎။ မွေးဖွားရာဒေသ – အမှတ် (၁၄၇)၊ (၄၇)လမ်း ရန်ကုန်မြို့
၅။ ကလောင် အမည်ခွဲများ – တောကျောင်းဘုန်းကြီး

ကိုယ်ရေး ဖြစ်စဉ်

      မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။
      ၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (နောင် အထက (၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက (၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့ပြီး အခြေခံ ပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။
      ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိက ဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောရကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
      ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက် ရှိသည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။