>Ye Yint Thet Zwe – the Buddha witnessed, poem

>

အနှစ်နှစ်ဆယ် ဘုရားတိုင် ရတု
ရဲရင့်သက်ဇွဲ

ဇူလိုင်
၂၅၊ ၂ဝဝ၈

သမိုင်းဝင်နေ့ရက်များရဲ့
ဆည်းဆာလွန်မြောက်
တိမ်တောက်ကွယ်ပုန်း
အမှောင်ဖုံးချိန်
အမေ့အိမ်ကို
လွမ်းမိတယ်

အမေ့အိမ်ပေါက်
အလွမ်းရောက်စဉ်
တိတ်ဆိတ်ကြေကွဲ
ဘယ်မှာလဲ
အမေ


စိတ်ပုတီးတကုံး
ကြိမ်မီးအုံးလျက်
သားအတွက်ပူဆွေး
နှလုံးသွေးများ
မျက်ရည်ဖြစ်သွား
ဘုရားစင်ရှေ့မှာ

အရှင်ဘုရား …
တပည့်တော်မ
အနှစ်နှစ်ဆယ်လုံးလုံး
သားပြန်အလာကို
စောင့်မျှော်နေခဲ့ရပါတယ် … ဘုရား
အမေ့ကျေးဇူး
မဆပ်ဖူးချင်နေပါစေ
ခေတ်တခုပြောင်း
စနစ်ဟောင်းကို
တွန်းလှန်ဖြိုဖျက်
ပြည်သူအတွက်
သမိုင်းတခေတ်
ထုဆစ်ရဲသူ
ဤလိုလူပင်
မိဘကျေးဇူးဆပ်သည်
မှတ်ယူပါသည် … ဘုရား

အဲဒီလို ဘုရားတိုင်ရတုဟာ
ခေတ်တိုင်းမှာ
အမေတွေရဲ့
ရင်ထဲက
စီးဆင်းခဲ့တာ
အသေအချာပါ

သမိုင်းဝင်နေ့ရက်များရဲ့
ဆည်းဆာလွန်မြောက်
တိမ်တောက်ကွယ်ပုန်း
အမှောင်ဖုံးချိန်
အမေ့အိမ်ကို
လွမ်းမိတယ်

(ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း အိမ်ပြန်မရောက်လာနိုင်ကြတော့သော သားများနှင့် ကျန်ရစ်သူမိခင်များအတွက်)

Illustration – http://www.claudiam.com/paintings/DetailPages/DetailMotherChildAbstract.htm


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts