>

နိုင်ငံရေးသမားတဦး ပျောက်ဆုံး
ဘီဘီစီ(မြန်မာဌာန)
ဇွန် ၁၈၊ ၂၀၀၈
ဘီဘီစီ(မြန်မာဌာန)
ဇွန် ၁၈၊ ၂၀၀၈
အခုရက်ပိုင်း ဆက်တိုက် ကြားနေရတဲ့ အဖမ်းအဆီး သတင်းတွေကို ပြောပြပါရစေဦး။ HRDP လို့ ခေါ်တဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်အဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုတင်မောင်ဦးဟာ ဒီလ ၁၁ ရက်နေ့က ကြည့်မြင်တိုင်မှာရှိတဲ့ အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးရဲ့နေအိမ်ကအပြန် လမ်းမှာ ပျောက်သွားတာ အခုထိ သူဘယ်မှာရှိနေမှန်း မသိရဘူး ဖြစ်နေပါတယ်။ ဦးမြင့်အေး ပြောပြတာက “အခုထက်ထိ သူတို့ရဲကိုလည်း စုံစမ်းတယ် တဲ့။ သူတို့နဲ့သိတဲ့ SBတွေ ဘာတွေကိုလည်း မေးကြည့်တယ်ပေါ့ဗျာ။ မေးကြည့်တော့ မဟုတ်ဘူး တဲ့ ဒီဥစ္စာ၊ သူတို့လည်း မသိဘူး တဲ့။ ရဲက မသိဘူးလို့ ပြောနေတယ်။ အဲဒီတော့ ရဲက မသိဘဲ ဘယ်သူက အဲဒီလို ဖမ်းခွင့်ရှိသလဲ။ သူ့မိန်းမကတော့ ဖမ်းတာမှဟုတ်ရဲ့လား သူ့ယောင်္ကျားကို၊ တနေရာမှာများ ရိုက်သတ်ပစ်ခဲ့သလား ဆိုပြီး ဒါကတော့ သူ့ဘက်က ပူမှာပေါ့ဗျာ။”
ကိုတင်မောင်ဦးဟာ အရင်တုန်းက NLDအဖွဲ့ဝင်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ အခုတော့ HRDPအဖွဲ့ဝင်တွေနဲ့အတူ ဧရာဝတီတိုင်းမှာ လောလောဆယ် လေဘေးကူညီရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဒီလထဲမှာပဲ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးနေတဲ့ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ၊ ဂျာနယ်အယ်ဒီတာ ကိုဇော်သက်ထွေးတို့ ဖမ်းဆီးခံခဲ့ရသလိုပဲ နောက်ထပ်လည်း ကယ်ဆယ်ရေးလုပ်ပေးနေသူ အနည်းဆုံး ၅ ဦးနဲ့ ဘိုကလေးဘက်မှာ သွားပြီး ပိုင်ရှင်မဲ့အလောင်းတွေကို ကူညီ သဂြိုဟ်ပေးနေသူ အနည်းဆုံး ၇ ဦး ဖမ်းဆီးခံထားရပြီး ဖြစ်ပါတယ်။