>မုန်တိုင်းနောက်ဆက်တြဲ သတင်းမဵား – 9

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ 9
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၉၊ ၂၀၀၈

နိုင်ငံတကာရောက် မြန်မာများ အားလုံးစုစည်းပြီး မုန်တိုင်းအောက်တွင် ပျက်စီးခဲ့ရသည့် ပြည်သူများအားလုံးအတွက် ဆွမ်းသွတ်ပေးကြမည် (မိုးမခ)

နိုင်ငံတကာက မြန်မာမိသားစုအသီးသီးက ရောက်ရှိရာ နိုင်ငံများရှိ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် စုဝေးကြပြီး ဆုတောင်းပွဲများ၊ ဆွမ်းသွတ်အမျှဝေပွဲများကို မုန်တိုင်းအောက်တွင် ပျက်စီးခဲ့သူ မြန်မာများအတွက် ကျင်းပကြမည်ဖြစ်သည်။ ယခုလက်ရှိ မုန်တိုင်းဘေးဒဏ်သင့်ထားသော ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရန်လည်း အလှူငွေများ ကောက်ခံစုဆောင်းနေကြသည်ကို ကြားသိရသည်။ ဖိတ်ကြားစာများကို မိုးမခ ရွာဆော်ကြီးကဏ္ဍတွင် စုစည်းဖော်ပြထားသည်။

နောက်ထပ် မုန်တိုင်း သို့မဟုတ် မိုးကြီးသည်းထန်မှု လာအုံးမည် (အေအက်ပီ)

ကုလ မိုးလေ၀သ ကျွမ်းကျင်သူက မြန်မာပြည်အောက်ပိုင်းတွင် နောက်ထပ် မုန်တိုင်းတခု သို့မဟုတ် မိုးကြီးသည်းထန်မှုတခုနှင့် ရင်ဆိုင်ရနိုင်သည်၊ ယနေ့မှစပြီး ရှေ့ ကြာသာပတေးအတွင်း မိုးကြီးမည်ဟု ထုတ်ဖော်ပြောဆိုသည်။ မိုးဦးကာလတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုံးများ ဖြစ်ပေါ်လေ့ရှိသည်၊ ထိုအတွက် စောင့်ကြည့်ရမည်ဟု ပြောသည်။ ထိုသို့ဆိုလျင် ယခုလက်ရှိ ဆိုးဝါးသော အခြေအနေထက်ပိုသော နစ်နာဆုံးရှုံးမှုများဖြင့် ထပ်ဆောင်းမည်ကို စိုးရိမ်နေကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လေဘေး ကယ်ဆယ်ရေးအတွက် အလုပ်အဖွဲ့ ဖွဲ့ပြီ (မိုးမခ)

မြန်မာစစ်အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာက အကူအညီများအကြား အကြပ်အတည်းများ ဖြစ်ပေါ်နေချိန်တွင် မြန်မာပြည်သူများ ကိုယ်ထူကိုယ်ထ လက်တွဲဆောင်ရွက်နေကြချိန်တွင် အတိုက်အခံပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မုန်တိုင်းဒဏ်ကယ်ဆယ်ရေး ကော်မီတီကို မေလ ၈ ရက် အစည်းအဝေးအရ ဖွဲ့စည်းလိုက်သည်။ ဦးဆောင်သူ ဦးအုန်းကြိုင်အပါအ၀င် အဖွဲ့ဝင် ၁၇ ဦးပါဝင်ပြီး မြို့နယ် စည်းရုံးရေးအဖွဲ့အသီးသီးသို့ ဖြန့်ဝေထားသည် ဆိုသည်။ (ဒီမှာ ဖတ်ပါ။)

ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်းဆောင်ရွက်နေသော လူထု၏ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရ အုပ်ချုပ်ရေးအာဏာပိုင်အဆင့်ဆင့်က အနှောက်အယှက်ပေးနေကြောင်း သတင်းများ ထွက်ပေါ်လာချိန်၊ ရန်ကုန် နာရေးကူညီမှုအသင်း၊ ရန်ကုန်ရှိ အမျိုးသားရေးတက်ကြွသော စာပေအနုပညာရှင်များက တယောက်တလက် ကယ်ဆယ်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းများ စတင်ပေါ်ထွန်းလာချိန် အဲင်အယ်ဒီပါတီ၏ ဆောင်ရွက်မှုကို ကြိုဆိုကြောင်း၊ တိုင်းမြို့နယ် အသီးသီးရှိ ပါတီလူငယ်အင်အားစုများကို ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းလှုပ်ရှားမှုများကို မျှော်လင့်နိုင်ကြောင်း ရန်ကုန်ရှိ မျက်မြင်တဦးက ဆိုသည်။

အမျိုးသားရေး ကိစ္စများ အစဉ်တစိုက်ဆောင်ရွက်နေသူ အနုပညာရှင် ဇာဂနာက ကူညီရေးအဖွဲ့အားလုံးနှင့် လက်တွဲပြီး စားရေ ရိက္ခာနှင့် အ၀တ်အစား ဖြန့်ဝေခြင်းတို့ကို တနေရာပြီး တနေရာသို့ တောက်လျောက်လုပ်ကိုင်နေသည် ဟု ဖြေကြားသည်။