ဘုန်းကြီးတွေလည်း … လှုပ်လှုပ်ရှားရှား
အုန်းနိုင်
ဇူလိုင် ၂၈၊ ၂၀၁၃
အဲဒီညက ဒုတိယ၀ါဆိုလဆန်း (၁၄) ရက်ပါ..။ ကောင်စီအတွင်းရေးမှူးအိမ်ကနေ ကောင်စီရုံးကို တယ်လီဖုန်းဆက် အကြောင်းကြားလာ ပါတယ်..။ အချိန်က ည (၁၀) နာရီလောက်ပါ။ ဘုန်းကြီး ငါးပါးခြောက်ပါးလောက် သူ့အိမ်ဘေးကကပ်ပြီး အရှေ့ လမ်းအတိုင်း မြို့ထဲဘက် ကို လာနေကြတယ်..။ စောင့်ကြည့်ပါ..တဲ့။စောင့်ကြည့်ပါတယ်…။ ဟုတ်တယ်..။ဘုန်းကြီးငယ်ငယ် ခြောက်ပါး ကြွလာတယ်..။ ကောင်စီရုံး
ရှေ့ ရောက်တော့ ကိုယ်တော်တို့ ဘယ်ကြွမလို့လဲ..လို့ လျှောက်ကြည့်ပါတယ်..။ ဘုန်းကြီးဆိုတော့ ရိုးရိုးလူလိုသွားမေးလို့လည်း မဖြစ်ဘူးလေ..။ မကွေးပြန်မဲ့ဘုန်းကြီးကိုလိုက်ပို့တာတဲ့ .။ ၀ါဆိုကာနီးဆိုတော့..ဟုတ်ချင်ဟုတ်ပေမပေါ့..။ ရုံးထဲပြန်ဝင်ပြီး ပါတီရုံးဘက်ကို
ဖုန်းဆက်လိုက်တယ်..။ ပါတီရုံးနဲ့ ကားဂိတ်ကနီးတယ်လေ။
ချက်ချင်းပဲ ပါတီဥက္ကဌနဲ့ ကောင်စီအတွင်းရေးမှူးက ကားနဲ့ရောက်လာကြတယ်..။ အခြေအနေပြောပြတော့ သူတို့ကားနဲ့ပဲ ပါတီဘက်ကို ဆက်သွားမယ်..လိုက်ခဲ့ပါခေါ်လို့ ..ဆက်လိုက်ကြတယ်..။ ပါတီရောက်တော့ လူငယ်အတွင်းရေးမှူးက ဆီးပြောပါတယ်..။ ကြွသွားကြပြီ တဲ့.။ ကောင်စီကဖုန်းရလို့ အပြင်ထွက်ကြည့်တော့ ဘုန်းကြီးတွေ ရွှေတောင်လမ်းအတိုင်း အနောက်ဖက်ကိုကြွသွားကြတယ်..တဲ့။ ပါတီ ဥက္ကဌက ..ခင်ဗျားလိုက်မကြည့်ဘူးလား..လို့ဆိုတော့..။ ဟင့်အင်း..လိုက်မကြည့်ဘူး..။ ကောင်စီကဖုန်းဆက်ပြောတာက မကွေးကြွမဲ့ ဘုန်းကြီးတွေကို ကားဂိတ်လိုက်ပို့တဲ့ဘုန်းကြီးတွေကို အကဲခတ်ကြည့်ပါ …ဆိုလို့ ဒီလိုပဲကြည့်နေလိုက်တယ်..တဲ့။ ဥက္ကဌက ဆဲပြီး.. ကဲ..ကားနဲ့ လိုက်ကြည့်မယ် ဆိုပြီးရွှေတောင်လမ်းအတိုင်း မောင်းတယ်တာပွန်လမ်းဘက် လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းကလမ်းမီးရောင် အောက်မှာ ဘုန်းကြီးတွေကို တွေ့ လိုက်တယ်..။တာပွန်လမ်းအတိုင်း တောင်ဘက်ကို ဆက်သွားနေကြတယ်..။ ကားနဲ့မီလာတော့ ကားရပ်ပြီးဆင်းလျှောက်တယ်..။ကိုယ်တော်တို့ ခဏကလေး..ဘုရား..။မကွေးမကြွဖြစ်ဘူးလား..ဘုရား..ဆိုတော့..။
ပါသွားပြီလေ..တဲ့။ကောင်စီရုံး ရှေ့တုံးကလည်း..ခြောက်ပါး..။အခုလည်း..ခြောက်ပါး..။ ဘယ်လိုလုပ်ပါသွားလဲဆိုတော့..။ ဒကာကြီးတို့.တယ်မျက်စိမှုန်တာပဲ..တဲ့။ ကျုပ်တို့ ခုနစ်ပါးကြွလာတာ..။ လက်ဆွဲအိတ်ကို..ဘုန်းကြီးနှစ်ပါး တဖက်အချက်ဆွဲလာတာကို သင်္ဃန်းပွပွ နဲ့ မို့  နှစ်ပါးကို တပါးတည်း ထင်တာဖြစ်မယ်..တဲ့..။ ကဲ..အခုရော…။ ကိုယ်တော်တို့..ဘယ်ပြန်ကြွမှာလဲ..ဆိုတော့ ဒီအနားက မကုဌာရုံ ကျောင်းတင်ပဲ..တဲ့..။
အခြေအနေကတော့ ဥနှောက်စားနေပါပြီ..။ လာတုန်းက နန်းဦးကျောင်းက လာတယ်..။ အခု..မကုဌာရုံကျောင်းမှာ ကြိမ်းမယ်တဲ့..။ ကဲ လေ..ရဲဆယ်ယောက်လောက် ကျောင်းပတ်စောင့်ခိုင်းရုံကလွဲလို့..ဘာတတ်နိုင်မှာလဲ..။ ဘုန်းကြီးတွေဆိုတော့ ပိုသတိထားဆက်ဆံ ကြရ ပါတယ်..။
အခြေအနေက ဒီလိုပါ..။ ဘုန်းကြီးနဲ့ကုလား ပြသနာကတမျိုး..။ ကျောင်းသား ပြသနာကတမျိုး..။ အရေးပေါ် ပါတီညီလာခံနဲ့ ပြည်သူ့ လွှတ်တော်..ကလည်း ကသောင်းကနင်း..။အရေးပေါ်ပါတီညီလာခံပြီးပြီဆိုပြီး…ပြန်လာတဲ့သူတွေကို ထောက်ကြံ့ကျကာမှ ကားကိုတားပြီး ကျိုက်က္ကဆံ ပြန်လှည့်ခိုင်းတာက တမျိုး..။ ကျိုက္ကဆံရောက်မှ နံပါတ်ဝမ်းကြီးလို့ခေါ်တဲ့ ဦးနေ၀င်း ဒေါကန်ပြီး..အကုန်ပြန်ခေါ်ရမယ် လုပ် လို့တဲ့ .။ တချို့ ကိုတော့ ပြန်ခေါ်ဖို့ မမီတော့ဘူး..။ ဒါနဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်ခက ၀မ်းကြီးစိတ်တိုင်းကျ လုပ်ချင်သလို လုပ်ပေးပါ့မယ်..ဆိုတော့မှ အကုန်ပြန်လွှတ်တယ်တဲ့..။
အရေးပေါ်ပါတီညီလာခံမှာ ဦးနေ၀င်း ဥက္ကဌမိန့်ခွန်းပြောတော့လည်း အဆင်သင့်ပြင်ဆင်ထားပြီးသား လက်နှိပ်စက်ရိုက်ထားတဲ့  မိန့်ခွန်း ကို ပြောတာမျိုးမဟုတ်ပဲ..။သူ့ဘာသာသူ ပြန်ရေးထားတဲ့ လက်ရေးမိန့်ခွန်းကိုပြောရင်းပဲ သူ့လက်ရေး သူ ဖတ်မရတော့လို့ ဦးထွေးဟန်ကို ခေါ်ပြီး ဖတ်ခိုင်းရတာ။ အဲဒီလို ကောလာဟဠတွေ အများကြီးထွက်လာပါတယ်..။ အဖိုးကြီး ဒေါကန်ပြီး ဆဲဆိုသံတွေ မိုးမွှန်နေတာပဲ ဆို တာမျိုးတွေလည်း ကြားရတယ်..။ ဒီလိုနဲ့ အရေးပေါ်ပါတီညီလာခံနဲ့ပြည်သူ့လွှတ်တော်ကြီး ပြီးသွားပြီးဦးနေ၀င်းရဲ့  ဇာတ်ခုံပေါ်က ပြကွက် တခန်းရပ်သွားပါတော့တယ်..။
ဒါပေမယ့် နောက်ဆုံးပြောတဲ့ စကားတွေကတော့တော်တော် မိုက်ရိုင်းပါတယ်..။“ကျုပ်တို့ စစ်တပ်ကပစ်ရင် မိုးပေါ်ထောင်မပစ် ဘူး..။ မှန် အောင်ပဲပစ်တယ်.”.တဲ့။ အ၀င်အထွက် မှတ်လောက် သားလောက်အောင်ကို စကားပြောမိုက်ရိုင်းခဲ့သူပါ..။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး စပြောတဲ့ စကားကလည်း..“ဒါးကို ဒါးချင်း..။ လှံကို လှံချင်း ” ..တဲ့လေ..။ လူရမ်းကားကြီးရဲ့ နန်းတက် နန်းဆင်းစကားတွေပေါ့..။ သမိုင်း တွင်အောင်ကို မိုက်ရိုင်းတဲ့သူပါဘဲ..။
(အပိုင်း (၉) မှာ ရှစ်လေးလုံးမှာ..ဆန္ဒပြကြပြီ..ကို ဆက်ပါမယ်..)