>မိုးမခ ၀င်း – မာရ်နတ်ကို သာဓုခေၞမြာလား

>

Sample Image
အကြောင်းရှိလို့ ဖြစ်တာ – မာရ် နတ် ကို သာဓု ခေါ်မှာလား
မိုးမခ ၀င်း

ဒီဇင်ဘာ ၁၆၊ ၂၀၀၇

တနေ့က ဘောလုံးပွဲနိုင်တဲ့ သတင်းကြားတယ်။အကယ်ဒမီ ပွဲ တွေ ကျင်းပကြတော့မယ် ကြားတယ်။ နောက်ထပ် ကြားတာတွေက အများကြီးပါ။ တီဗီပေါ်မှာလည်း အောင်မြင်မူသတင်းတွေ ရွှန်းရွှန်း ကို ဝေ နေတာပဲ။ အားပေး နေလိုက်ကြတာ။ ဘုန်းကြီး သတ်တဲ့ အစိုးရကို … သံယာတော် သတ်တဲ့ အစိုးရကို … ပြေး ကြည့်ဖို့ မလိုပါ။ မြန်မာပြည်မှာ ရှိပါသည်။

ကိုယ်ကပဲ စိတ်တွေက ခံစားတတ်လွန်းနေသလား၊ ဒါမှမဟုတ် အဆိုးမြင်ဝါဒီ သမား (pessimist) များ ဖြစ်နေသလားပဲ။ သူတို့ ဘာလုပ်လုပ် အကောင်း မမြင်တတ်တော့ဘူး။

သူတို့ကို အားပေးနေတဲ့ ပရိသတ်ကြီး ရှိနေတာကိုလည်း အ ကုသိုလ် ဖြစ်နေမိတယ်။ ဘောလုံးပွဲ ကြည့်လည်း သူတို့မျက်နှာတွေမြင်၊ အကယ်ဒမီ ပေးပွဲ ကြည့်လည်း သူတို့မျက်နှာတွေ မြင်၊ ဘောလုံးပွဲ နိုင်ပဟေ့ ဆိုလည်း သူတို့ နိုင်ပြန်ပြီ နဲ့၊ အို … ဆုတွေ ချိတ်ပြီး ပြန်လာသဟဲ့ ဆိုလည်း သူတို့တော့ မျက်နှာပန်း လှနေပြန်ပဟဲ့ နဲ့ ၊ ဘာပွဲ လုပ်လိုက် လုပ်လိုက် ဦးဆောင်တဲ့ သူနဲ့၊ နောက်က လိုက်လုပ်တဲ့ သူနဲ့ အောင်မယ်လေး … တခါမှ ပွဲပျက်တယ် မရှိပါဘူး။ ပန်းပန်လျက်ပါပဲ။

ဒီတော့ ဘာတွေ့သလဲ ဆိုတော့၊ လက်ခုတ် တီးမယ့်သူက အဆင်သင့်၊ အားပေးမယ့်သူက အဆင်သင့်၊ သူတို့ ဘာပွဲ ကျင်းပမလဲ၊ သူတို့ ဘာလုပ်မလ၊ဲ “ပရိသတ်ကြီးရေ …” လို့ ဆိုလိုက်တာနဲ့ ပါကုန်ကြ တာပါပဲ။

တစ်ယောက်နဲ့လည်း အလုပ်ဖြစ်၊ နှစ်ယောက်ရှိလည်း သာ တောင် ဖြစ်၊ အခုများတော့ တစ်ယောက် နှစ်ယောက်မကပါ.. ဆိုတော့ ပြောစရာကို မလိုတော့ဘူး။

သြော်..ဒီတော့ … မိုးမခ ၀င်းကို မေးကြမယ်။

အကောင်းလုပ်တာပဲ မဟုတ်လား … တဲ့။ အလှူအတန်း လုပ်တာပဲ၊ ဆုပေးတာပဲ၊ အကယ်ဒမီဆု ပေးတာပဲ၊ ပွဲလမ်း သဘင် ကျင်းပတာပဲ၊ ဘာ မကောင်း လို့လဲ … တဲ့။ လူတွေ ပါဝင်ခွင့်ရတယ်၊ ပျော်ရတယ်၊ ဘာများ မကောင်းတာ ပါလို့လဲ … တဲ့။ မိုးမခ ၀င်း ကို ဝေဖန်ကြတာ တွေပါ။

အဲဒီလို လုပ်ခြင်းဖြင့်၊ သူတို့ကို ထောက်ခံသလု၊ိ အားပေးသလိုများ ဖြစ်မနေဘူးလား ရှင်။

Sample Image

အခုတော့ ဆိုရဦး တော့မယ်။ ဆရာတော် ရှင်ဥာဏိဿရရဲ့ နိုဝင်ဘာ ၅ မှာ ဟောတဲ့ တရားပါ။ ထန်းတပင်မှာ ဟောတဲ့တရား၊ အမည် တပ်ထားတာ မတွေ့မိဘူး။”အကြောင်းရှိလို့ ဖြစ်တာ” လို့ပဲ အကြမ်းဖျင်း ပေးလိုက်ရအောင်။

သီလာထေရီ ဘိက္ခုဏီ အမျိုးသမီးက အမျိုးလည်း မြတ်တယ်။ ပညာလည်း တတ်တယ်။ အရွယ်လည်း ကောင်းတယ်။ ၂၀ ကျော်၊ ရုပ်ကလည်း သိပ်လှ။ သူက ရဟန်းဝတ်သွားတယ်။ ဆွမ်းစားပြီးတာနဲ့ တောထဲမှာ တနေ့လုံး မြင်သည့်စိတ်၊ ကြားသိ စိတ်တွေကို အကုန်လုံး ရပ်ဆိုင်း ပြီးတော့ နိဗ္ဗာန် အာရုံသာ ဖြစ်စေသတည်း … ဆိုပြီး သမာပတ် ၀င်စားတော်မူလေသည်။”

”တောအုပ်ထဲကို နေ၀င်ပြီးတဲ့ နောက်ပိုင်းမှာ၊ ပရိသတ်ရေ … မာရ်နတ် လာတယ်။ ဇေတ၀န် ကျောင်းရဲ့ နောက်က တောအုပ်ထဲမှာ သီလာထေရီ တပါးထဲ မဟုတ်ပါဘူး။ ဒီလိုပဲ လူရှောင်ပြီးတော့ သမာပတ် ၀င်စားနေကြတဲ့ ရဟန္တာယောင်္ကျား၊ ရဟန္တာမိန်းမတွေ အများကြီး၊ အများကြီး ရှိတယ်။ သစ်ပင်ရင်းလေးတွေ၊ သစ်ပင်ရင်းလေးတွေမှာ၊ ဟိုနား တစ်ပါး၊ သည်နား တစ်ပါး၊ ထိုင် ထိုင် ပြီးတော့ သမာပတ်ဝင်စား နေ နေကြတာ။ ရဟန္တာ၊ ရဟန္တာမ ထောင်နဲ့ ချီပြီးတော့ ရှိနေပေလိမ့်မယ်။”

”တောအုပ်ထဲ အေးအေးဆေးဆေး သီလ သမာပတ် ၀င်စားနေတဲ့ ရဟန္တာ၊ ရဟန္တာမကြီး တွေကို မာရ်နတ် လျောက် လျောက် ကြည့်ပြီးတော့၊ သူ့စိတ်ထဲမှာ သူ့စေတနာ တွေထဲမှာ၊ ပရိသတ်ရေ ခြိန်းခြောက်ချင်တဲ့ စိတ်တွေ ပေါ်လာတယ်။”

ယုတ်မာစွာသော မာရ်နတ်သည် သီလာထေရီဘိက္ခုဏီကို ကြောက်လန့် သွားစေလိုတဲ့ အတွက် ကြောင့်၊ မာရ်နတ်က ရဟန္တာမကြီးကို ခြိမ်းခြောက်တာ။ ကြက်သီးမွေးညင်း တဖြင်းဖြင်း ထ သွားလောက် အောင်၊ ခန္ဓာကိုယ်ထိတ်လန့် တုန်လှုပ်သွားအောင်၊သမာဓိ ပျက်ပြီးတော့၊ ရူးသွပ်သွားစေလိုတယ်။”

“ မာရ်နတ်ရဲ့ စိတ်ထားဟာ မကောင်းဘူး..နော်။ အဲဒီကြောင့်မို့လို့ မာရ်နတ်က နားရွက်နား ကပ်ပြီးတော့ မေးခွန်းလေး ထုတ်လိုက်တယ်။”

“ ရွှေရုပ်လေးလို လှတာကို ဘယ်သူ လုပ်သလဲ။
ရွှံ့ရုပ်လို ဆိုးတာကိုဘယ်သူ လုပ်သလဲ။”

”မေးခွန်း နှစ်ခု။ ယုတ်မာစွာသော မာရ်နတ်သည် သီလာထေရီကို သိလိုရင်းနှင့်… မေးမြန်း ရှာလေတော့ သတည်း … လို့ လုပ်လိုက်ရင်၊ ခင်ဗျားတို့ … ဘာလုပ် အုံးမှာလဲ။”

”မာရ်နတ်ရဲ့ စိတ်ထား မှန်ရဲ့လား၊ သီလာထေရီကို ရူးသွားအောင်၊ စိတ်နောက် သွားအောင်၊ ကြောက် သွားအောင် မေးခွန်းထုတ်တာမဟုတ်လား။ အဲဒီလို ခြိမ်းခြောက်တဲ့၊ မေးခွန်းထုတ်တဲ့ မာန်နတ်က မေးမြန်း ရှာလေတော့ သတည်း..လို့ လုပ်ရင်၊ ခင်ဗျားတို့ ဘာလုပ်ဦးမှာလဲ။ အော်..တော်တော် ဆိုးအုံး မယ့် သူတွေပဲ။ ”

”ဒီလောက် ယုတ်မာတဲ့ အမူကြီး လွန်ကြူးတော့မယ့် မာရ်နတ်ကို ခင်ဗျားတို့ ၀ိုင်း ပြီးတော့ “သာဓု”ု ခေါ်ဖို့ စဉ်းစားရင်မာရ်နတ်အားပေးရာ မကျဘူးလား။ အဲဒါပဲ… လူတွေက အဲဒါ အကျင့်က တော်တော်ပါ နေတယ်။ မာရ်နတ် အားပေး ဆိုတာ မလုပ်ကောင်းဖူး…ပရိတ်သတ်ရေ.. နော်။ ဘုန်းကြီးတို့ ပရိသတ်ကြီး .. ကြည့်လုပ်..”

“ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ကောင်းပါတယ်၊ သဘောတူပါတယ၊် နော် … ဒါ ကြည့်လုပ် ရတယ်။ အခု ဘုန်းကြီးက ပလ္လင်ပေါ်က .. “သတည်း….” ဆိုရင် ခင်ဗျားတို့ ဘာခေါ် မှာလဲ။ မကောင်းတဲ့ ဥစ္စာကြီး .. သတည်း.. လို့ ချရင်၊ ခင်ဗျားတို့က “သာဓု …” ဆိုရင် … “သိပ်ကောင်းတယ်ဟေ့..” ဆိုတော့ အကုန်လုံး မာရ်နတ်ရဲ့ အပေါင်းအသင်းတွေ ဖြစ်မကုန် ဘူးလား။”

အော်.. အ၀ီစိ ဒေါ့ ကွန် ထောင်ပြီး အကုန် သွားမယ်။ နော်.. နိဗ္ဗာန် ဒေါ့ ကွန် ထောင်လို့ တက်မှာ မဟုတ်ဘူး။ အ၀ီစီ ဒေါ့ ကွန်က ဆွဲအားက ကောင်းနေတယ်။ အဲဒီ မာရ်နတ်ရဲ့ ခြိမ်းခြောက်မူကို ဘုန်းကြီးတို့ ကလည်းပဲ၊ ပုလ္လင်ပေါ်က ကိုယ်တော်တွေ ကလည်းပဲ၊ တရားဟောတဲ့ ဘုန်းကြီးတွေက လည်းပဲ၊ ဒီလို မကောင်းတဲ့ ကိစ္စကြီးတွေကို .. “သတည်း..” လို့ လုပ်ရင်၊ ဘုန်းကြီးကော တော်လား..။ ဒါကြောင့် လုပ်ကို မလုပ်ဘူး.. သူတို့က ပါးစပ်ပြင် နေတယ်။ မကောင်းတာ ၀ိုင်း အားပေး မလား။ အဲဒီတော့ ဘုန်းကြီးက “ သတည်း …” မချဘူး။”

” ရွှေရုပ်လေးလို လှတာကို ဘယ်သူ လုပ်သလဲ။
ရွှံ့ရုပ်လို ဆိုးတာကို ဘယ်သူ လုပ်သလဲ … လို့ မေးတာ၊ ဘယ်သူလဲ … လူလား၊ နတ်လား လို့ သီလာထေရီက ဆင်ခြင်ကြည့်တော့၊ ယုတ်မာတဲ့ မာရ်နတ်ပဲ လို့ သိသွားတယ်။ သိလည်း သွားရော သူ့မေးခွန်း ဆင်ခြင် ကြည့်တော၊ အဖြေကို အဲသည်မှာ ဖြေတာ။

” အကြောင်းရှိုလို့ ဖြစ်နေတာပါ … ”
မာရ်နတ်ရဲ့ အမေးနဲ့ သီလာထေရီရဲ့ အဖြေ …။
သီလာထေရီရဲ့ အဖြေက …
“အကြောင်းရှိုလို့ ဖြစ်နေတာပါ၊ အကြောင်း ကုန်ရင်တော့ ကုန်သွားမှာပဲ …” တဲ့။ အကြောင်းကို တွေ့အောင် ရှာ။ မာရ်နတ် ဆိုတဲ့ သစ်ပင် တပင် ပေါက်တယ် ဆိုတာ မြေကြီး ရှိရမယ်။ မျိုးစေ့ ရှိရမယ်၊ ရေရှိရမယ်၊ သုံးခု စနစ်တကျ ပေါင်းစပ်မိတော့မှ အပင်ပေါက်တယ်။ အဲဒီ အပင်ကမှ အကိုင်းအခက်၊ အသီး သီးပြီး၊ အစေ့ ပြန်ရတယ်။ အဲဒီအစေ့ကမှ တစ်ခါ … မြေကြီး၊ ရေနဲ့ ပြန် ပေါင်းပြီးတော့၊ တခါ အပင် ပြန် ဖြစ်တယ်။

အကြောင်း၊ အကျိုး၊ အကျိုး ထဲက အကြောင်း၊ အဲသည်လို ဆက်တိုက်ကြီး လည်ပတ် သွားနေတာကို “သံသရာ” ခေါ်တယ်။ နောက်တခါ … ပြဿနာ တခုခု ပေါ်လာရင်၊ အမှန်တရားနဲ့ အကြောင်းနဲ့ အကျိုးကို စနစ်တကျ ဆင်ခြင် တတ်ဖို့ အရေးကြီးတယ်။”

ဟောဒီ သံသရာကြီး ဘာကြောင့် လည်နေရသလဲ ဆိုတာကို၊ စဉ်းစား ကြည့်ကြဖို့တော့ လိုနေပြီ။ဒီတော့ မကောင်းမူကို အားပေးခြင်း၊ ထောက်ခံခြင်း အဖြစ်တွေကို၊ မကြုံမိအောင် ကြိုးစားကြည့်ဖို့၊ ကောင်းပါတယ်။

အခုထိ သူတို့ အသက်ရှင်နေရတဲ့ အကြောင်းလေးကို စဉ်းစား ကြရအောင်။ အဆိပ်ပင် ရေလောင်းသလို ဖြစ်မသွားမိအောင်၊ သတိလေး ထားလိုက် ကြရအောင်လား။ မြန်မာပြည်သူ၊ ပြည်သား အပေါင်း ဘေးအန္တရာယ် အသွယ်သွယ်ကို သတိနှင့်ယှဉ်ကာ တွန်းလှန် သွားနိုင် ကြပါစေသတည်း။

( အယ်ဒီတာမင်းများ – သာဓု ခေါ်မှာလား၊ ကျမကတော့ ဆရာတော်ကြီး တရားကို သာဓု ခေါ်ပါတယ်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts