မောင်တူး

Maung Too – Articles

သက်ရှိပန်းချီ – အပိုင်း (၉)
မောင်တူး
သြဂုတ် ၃၊ ၂၀၁၃
အလီကြေအောင် သွားကျက်ပါဦးဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော် ကမ်ပူးခြား (ကျဆုံး)
ငါးနှပ်ခြောက် မြင်ဖူးသူများကြပါမယ်။ ငါးနှပ်ငါး အရှင်ကိုတော့ မြင်ဖူးသူနည်းလိမ့်မယ်။ ငါးနှပ်အရှင်တွေ ဖမ်းချက်စားနေပါတယ်။
ငါးနှပ်ခြောက်။ ဖုတ်စားစား၊ ကြော်စားစား၊ ခရမ်းချဉ်သီးနဲ့ ချက်စားစား အဆင်ပြေတယ်။ ငါးနှပ်ခြောက်ကို ကိုင်တွယ်လို့ လဲ ကောင်းတယ်။ ဒါပေမယ့် ပင်လယ်ထဲက ဖမ်းတဲ့ ငါးနှပ်ငါးကတော့  တကယ့်နှပ်ချေးလို ပျော့စိစိ၊ ငရုတ်သီး၊ ကြက်သွန် ဆီသတ်ပြီး ချက်ရင်တောင် မချက်တတ်ရင် ငါးတွေ အကုန်ကြေမွကုန်ပါမယ်။ သူ့မှာ လျှို့ ဝှက်ချက် ရှိတယ်။ ငါးနှပ်ကို မန်ကျီးရေ လောင်းရတယ်။ ပင်လယ် ငါးဖမ်းလှေတွေမှာ မန်ကျီးသီး အမှည့်အမြဲပါတယ်။ မန်ကျီး အချဉ်နော်။ အချို မဟုတ်ဘူး။ ငါးနှပ်ဟင်း စချက်တာနဲ့ လောင်းချလိုက်။ ဒါဆို နှပ်လိုဖြစ်တဲ့ ငါးက အချဉ်ရေကြောင့် အသား တင်း သွားပြီး ငါးအကောင် ပုံစံမပျက်တော့ဘူး။
ကျနော်တို့ စားနေတာက ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ထင်တယ်။ ကျနော်တို့ သပိတ်စခန်း ရှိရာ သုံးခွမြို့ ကနေ ဆုတ်လာပြီး အရှေ့ စူးစူး ပင်လယ်ပြင်အ၀မှာ လှေတစင်းကို ကျနော်တို့ ငှားပြီး မွန် သို့ မဟုတ် ကရင်နယ်စပ်ကို မောင်းပို့ ခိုင်းနေတာပါ။ လှေသမားတွေကလဲ လိုလိုချင်ချင် ပို့ ပေးတယ်။ စက်ဆီဘိုး ပေးတာတောင် မယူပါ။ လှေပေါ်မှာ ဆန် ဆီ ဆား အပြည့် ပါနေပါတယ်။ နောက်မှ သိရ တာက ကမ်းနားက ငါးဖမ်းလှေပိုင်ရှင်တွေက သပိတ်မှောက် ကျောင်းသားတွေ ဆုတ်လာရင် သူတို့  ခိုင်းတဲ့အတိုင်း သွားလိုရာကို လိုက်ပို့ ဆိုပြီး ပြောထားလို့ ဒီလှေသမားတွေက လိုက်ပို့ တာ ဖြစ်ပါတယ်။ သိကြတဲ့ အတိုင်းပါဘဲ။ အဲသည် အချိန်က မဆလ စစ်တပ်ကနေ ၈၈၈၈ သပိတ်မှောက် ဆန္ဒပြသူတွေ ထောင်နဲ့ ချီပြီး သတ်ထားချိန်လေ။ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တတိုင်း တပြည်လုံးက မဆလနဲ့ စစ်တပ်ကို အသံတောင် မကြားချင်ဖြစ်နေချိန်။
လှေပေါ်မရောက်ခင် ကျနော်တို့ သပိတ်စခန်းကနေ ဆုတ်လာတော့ ဘုရားကြီးကျေးရွာမှာ စခန်းချ ပါတယ်။ ဘုရားကြီးရွာ ဘုရားဝင်းထဲမှာပါ။ ပထမတော့ ကျနော်တို့ လို လက်နက်ကိုင် တော်လှန်ရေး သွားမယ့် အဖွဲ့ တွေဘဲ ရှိတယ်ထင်တာ။ ဘယ်ဟုတ်မလဲ။ ရရာ သေနပ်၊ အတို၊ အရှည်၊ ဓါး၊ လှံတွေကို ကိုင်ထားတဲ့ သုံးခွတမြို့ လုံးက လူတွေ ၁၀၀၀ လောက်ရှိမယ်။ ကျနော့် သူငယ်ချင်း ၅  ယောက်ဆိုရင် (သူတို့ နာမည်တွေတော့ မပြောတော့ပါဘူး) သူတို့ ဟာ ကျနော်တို့ ၈၈၈၈ သပိတ်စခန်းကို မလာခဲ့ကြ ပါဘူး။ သပိတ်လဲ မမှောက်ဘူး။ သူတို့  ၅ ယောက်လုံးက ချမ်းသာကြတယ်။ တချို့ ဆိုရင် တရုပ်လူမျိုး တောင်ပါတယ်။ တရုပ်တွေဟာ စီးပွါးရေးဘဲ လုပ်ကြတာဆိုတော့ သူတို့ ကျနော်တို့ နောက်ကို လိုက် မယ် မထင်ဘူး။ ဘယ်ဟုတ်မလဲ ကျနော့် သူငယ်ချင်း ၅ ရောက် သေနပ် ၅ လက်နဲ့ ဘုရားကြီးရွာ စခန်းကို ရောက်လာတာ။ သူတို့ က စစ်တပ်ကို ပြန်တိုက်မယ်။ ကျနော်တို့ သပိတ်တပ်နဲ့ ပေါင်းမယ်။ ဒီလို။ ကျနော်တို့ ကလဲ သူတို့ ကို လက်ခံတယ်။ နောက်မှ သိရတာက။ သုံးခွမြို့ နယ် ရဲစခန်းကနေ ရှစ်မျက်နှာ သပိတ်ကို ရဲတပ်ဖွဲ့ ဝင် အားလုံး ဆန္ဒနဲ့ သေနပ်တွေ အပ်ချိန်မှာ အပြင်ထွက်နေတဲ့ ရဲတပ်ဖွဲ့ ဝင် ၅ ဦးရှိတယ်။ သူတို့ က သေနပ် ၅ လက် ကျန်နေသေးပြီး မအပ်ရသေးတာကို ပြောတော့ ကျနော့် သူငယ်ချင်းတွေ သူတို့ ဆီက တောင်းပြီး လိုက်လာတာ။
အဲသည်အချိန်မှာ မိုးတွင်းကြီးပေါ့။ စက်တင်ဘာ ၂၃ ရက်နေ့ ။ ခလရ ၉၀ စစ်တပ်ကလဲ လှေတွေနဲ့  စစ်သားအပြည့် ဘုရားကြီးကို ဆင်းလာနေပြီ။ လူအုပ်ကြီးကလဲ ချောင်းဘေးတွေကနေ ၀ပ်စောင့်ပြီး ပစ်မယ် ခတ်မယ်။ လှံနဲ့ ထိုးလို့ ရရင် ထိုးမယ်။ ဓါးနဲ့ ခုတ်လို့ ရင် ခုတ်မယ်။ လူတိုင်းက စိတ်ပါနေတယ်။ မဆလကို တော်တော့်ကို မုန်းနေကြတာ။ အဲသည်အခါ သပိတ်ခေါင်းဆောင် ရန်ကြီးအောင် ဦးစိန်ဝင်း ကဘဲ ဆုံးဖြတ်ပါတယ်။ ငါတို့ ဆီ အခုလာနေတဲ့ ခလရ ၉၀ တပ်သားတွေကို တိုက်လို့ နိုင်ကောင်း နိုင်မယ်။ ဒါပေမယ့် နောက်ထပ် အင်အားတွေ အများကြီး ထပ်လာလိမ့်မယ်။ သူတို့ ဘက်က ထိခိုက် သေကျေတွေ ဖြစ်ရင် တနယ်လုံးကို အညှိုးထားပြီး ချေမုန်းလိမ့်မယ်။ ဒီတော့ ကျုပ်တို့ ဆုတ်ပေးမယ်။ ကျုပ်တို့ ဘက်မှာ စစ်သင်တန်းလဲ မရှိဘူးတဲ့။ ဒီတော့ အသေကျေ တိုက်ရင် သပိတ်စခန်းသားတွေ အချေမုန်း ခံရနိုင်တယ်တဲ့။ ဆုတ်မယ်။ ပင်လယ်ဝရောက်ရင် လှေငှားပြီး ကရင် မွန် နယ်စပ်ဘက်ကို ထွက်မယ် ဆိုပြီး ဆုံးဖြတ်ကြတယ်။
နောက်ပိုင်း ဘုရားကြီးကျေးရွာ ဆရာတော်ဘုရားကဘဲ ပန်ကြားပြီး ကျနော်တို့ ဆီက သေနပ်တွေ သိမ်းတယ်။ စစ်တပ်ကို အပ်မယ်ပေါ့။ ကျနော်တို့ လဲ မီးကျိုးမောင်းပျက်တွေသာ အပ်ပြီး ကျန် သေနပ် တွေကိုတော့ ဆက်ယူလာတယ်။
နောက်ပိုင်း သိရတာက ကျနော် မိဘတွေ အပါအ၀င် သပိတ်မှောက် ကျောင်းသားတွေရဲ့ မိဘတွေ အားလုံးကို သုံးခွမြို့  မှာ စစ်တပ်က ဖမ်းထားပြီးပြီ။ ဒါးစာခံပေါ့။ တကယ်လို့ များ ကျနော်တို့ သူတို့ ကို ပြန်တိုက်ရင် မိဘတွေကို ဘယ်လို လုပ်မယ်မသိဘူး။ ဒါပေမယ့် ကျနော်တို့ က လက်နက် တချို့ အပ် ပြန်ဆုတ်သွားလို့ မိဘတွေကို ပြန်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ လဲ ပင်လယ်ပြင် ခရီးနဲ့  တော်လှန်ရေး နယ်မြေကို ဆက်ထွက်လာခဲ့ပါတယ်။ ဒီခရီးမှာ ရန်ကြီးအောင် ဦးစိန်ဝင်းကတော့ နယ်စပ်ထိ မရောက်လိုက်ပါဘူး။ သူ့ ရဲ့ ခြေတဖက် မသန်တဲ့ ကျန်းမာရေး အခြေအနေ၊ စစ်တပ်တွေက ပိုက်စိပ်တိုက် လမ်းတွေ ပိတ်ထားတာမို့ လှေသမားက တဖက်ကမ်း အရောက် ပို့ ပေးခဲ့ပေမယ့် တောင်စွန်း ဘီးလင်း အရောက်မှာ လမ်းခရီး မသာယာလို့ ပြန်ပို့ ခဲ့ရပြီး နောက်ပိုင်း သူပုန်းအောင်း နေထိုင်တဲ့ ခရမ်းမြို့ နယ်နဲ့ က၀မြို့ နယ် အစပ်က ရေကျော်ရွာမှာ အဖမ်းခံလိုက်ရပါတယ်။ နောက်ပိုင်း ထောင်တွင်းမှာ နှိပ်စက်ဒါဏ်တွေနဲ့ ဝမ်းကိုက်ပိုးကြောင့် အင်းစိန်ထောင် ဆေးရုံမှာ ကျဆုံးခဲ့ရပါတယ်။
ဒီလို ပြောနေချိန် နောက်ထပ် သုံးခွမြို့ သပိတ်ကနေ လက်နက်ကိုင် တော်လှန်ရေး ရောက်လာပြီးမှ ကျဆုံးသွားခဲ့သူ တယောက် အကြောင်းလဲ ပြောပြချင်ပါတယ်။ သူကတော့ ကိုတင်သိန်းပါ။ သုံးခွမြို့ ၊ အောင်ပန်းစိန်ရွာက ဖြစ်ပါတယ်။ သုံးခွသပိတ်ကနေ တောခိုလာသူတွေဟာ များသော အားဖြင့် ဘုရားသုံးဆူ နယ်စပ်ကို ရောက်ပါတယ်။ ကျောင်းသားတပ်ရင်း ၁၀၁ နဲ့ ၁၀၂ တို့ မှာ ၀င်ရောက်ကြပါ တယ်။ ကျောင်းသားတပ်မတော် ဗဟို ဌာနချုပ် ရိက္ခာမှူးနဲ့  အရန် ဗဟိုကော်မတီဝင် ရဲဘော် ချစ်ကိုကို ဟာ သုံးခွမြို့ နယ်၊ ညောင်လန်းကုန်းရွာ သပိတ် ခေါင်းဆောင်ပါ။ အခု အမေရိကားမှာ ရှိနေပါတယ်။ သုံးခွမြို့ နယ် လက်ပံကျေးရွာက မောင်သိန်းဇော် က ကနေဒါမှာ အခု ရှိနေပါတယ်။ နောက်ထပ် လက်ပံရွာကပဲ ကျောင်းသားလေး တယောက်လဲ ဘုရားသုံးဆူကနေ ဘန်ကောက်ရောက်လာတုန်း ကျနော် ဒီဗွီဘီ သတင်းထောက် သင်တန်း တက်ရင်းက တွေ့ လိုက်ပါသေးတယ်။ နောက်တယောက် ကတော့ ကျောင်းသားတပ်ရင်း ၂၀၉ ဘက်ကို ရောက်လာသူ ကိုတင်သိန်းပါ။ သူက အောင်ပန်းစိန် ရွာသားပါ။ ကံဆိုးချင်တော့ ၂၀၉ တပ်ရင်းမှာလဲ သူ တပ်သားအဖြစ် မ၀င်ဖြစ်ပဲ ပြည်တွင်းထိုးဖေါက်ရေး လုပ်ငန်းတွေကိုပဲ ပြန်လုပ်ဘို့ သွားရင်းက မထင်မရှား ကျဆုံးသွားခဲ့ရပါတယ်။ ဒါတောင်မှ ကျောင်းသား တပ်ရင်း ၂၀၉ က ဒုရင်းမှူး ကိုမောင်ဦးက ပြန်ပြောပြလို့ ကျနော်သိရတာပါ။ အောင်ပန်းစိန် ကိုတင်သိန်းနဲ့ ကျနော် တောထဲမှာ မဆုံဖြစ်ခဲ့ပါဘူး။ နောက်တယောက်ကတော့ အဘ ရဲထွန်းအောင်ပါ။ သူကတော့ သူ့ နည်းသူ့ ဟန်နဲ့  မာနယ်ပလောကို ရောက်လာပြီး ဗဟို ၂ ဖွဲ့ ကွဲချိန် ကိုမိုးသီးဇွန် ဘက်မှာ ရှိနေခဲ့ပါတယ်။ သူက သုံးခွမှာ ကျနော်နဲ့ တရပ်ကွက်ထဲ တလမ်းထဲပါ။ သူကတော့ နောက်ပိုင်း လွိုက်ကော် ငြိမ်းချမ်းရေးအဖွဲ့ ထဲမှာ တာဝန်ယူရင်က အိမ်ထောင်ကျပြီး ကယားပြည်မှာပဲ ရှိနေမယ်ထင်ပါတယ်။
ကျနော်တို့ သုံးခွသပိတ်ခေါင်းဆောင် ဦးစိန်ဝင်းကို ဘီးလင်းတောင်စွန်းကနေ ပြည်တွင်းကိုဘဲ ပြန်ခေါ်သွားရတဲ့ အကြောင်း နောက်တခု ရှိပါသေးတယ်။ အဲ့ဒါကတော့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စစ်တပ် အာဏာသိမ်းစမှာ တောထဲဘက် သွားတဲ့ သပိတ်မှောက်ကျောင်းသားတွေကို စစ်တပ်က မတားဆီးခဲ့ပါဘူး။ နောက် ၁၀ ရက်ကျော် ကျနော်တို့ သွားတဲ့ အချိန်မှာတော့ မသွားဘို့  တားတဲ့အပြင် တချို့ ကျောင်းသားအဖွဲ့ တွေကို စစ်တပ်က ရှင်းပစ်တာတွေ လုပ်လာပါတယ်။ တောထဲက ကရင်သူပုန် စခန်းတွေကိုလဲ မရောက် အိမ်လဲ ပြန်မရောက်ပဲ အာဏာသိမ်း စစ်တပ်တွေက ဖမ်းပြီး နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ ရှိခဲ့ပါတယ်။ ဒါတောင် နောက်ပိုင်းမှာ သူပုန်ဘက်ကို လက်နက်ချလာတဲ့ န၀တ အစိုးရ စစ်သားတွေနဲ့ ပေါ်တာပြေးတွေက ပြောပြလို့ သိရတာပါ။ တယောက်ထဲ ၂ ယောက်ထဲက ပြောတာ မဟုတ်ပါ။ မျက်မြင်တွေ့ ခဲ့သူ တော်တော်များများက ပြောပြခဲ့ကြပါတယ်။ ကျောင်းသားတပ်မတော်မှာ ၂၅ နှစ်အတွင်း ကျဆုံး သေဆုံး စုစုပေါင်း ၆၀၀ ကျော်ထဲမှာ အဲ့သလို တောခိုစ န၀တ တပ်သားတွေက သတ်ပစ်ခဲ့သူတွေ အရေအတွက် ဘယ်လောက်များများ ရှိခဲ့မယ်ဆိုတာ စာရင်းကောက်လို့ ရနိုင်မယ်မထင်ပါ။ တကယ်တော့ ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ စစ်တပ်၊ ထောက်လှမ်းရေး၊ ရဲနဲ့ သတင်းပေးတွေ မျက်စေ့အောက် မှာပဲ သုံးခွ ပြန်ဝင်ပြီး တော်လှန်ရေး နယ်မြေကို ပြန်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရောက်လာတာက ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၄ ကို ပါ။ နောက်ပိုင်း တပ်ရင်းပေါင်းလိုက်တော့ တပ်ရင်း ၂၀၄-၂၀၅ ဖြစ်သွားပါတယ်။ နောက်ပိုင်းထပ်ပြီး ၁၉၉၄ ခုနှစ်လောက်မှာ ကျနော်တို့ နဲ့ ၂၁၆ ၊ ၂၀၉ နဲ့  ၂၁၀ တို့ ပေါင်း တပ်ရင်း ၃ ဆိုပြီး ကယားပြည်နယ်၊ ကရင်နီ နယ်မြေကိုလဲ ရောက်သွားခဲ့ဘူးပါတယ်။
ရဲဘော်ကမ်ပူးခြား
ကျနော်တို့ မြို့ နယ်က တောခိုခဲ့တဲ့ သူတွေအပြင် အတူတွဲတိုက်ခဲ့တဲ့ နောက် ရဲဘော် တဦးကိုလဲ အမှတ်တရ ရှိနေပါတယ်။ ရဲဘော် ကမ်ပူးခြား ဖြစ်ပါတယ်။ သူဟာ ၈၈၈၈ တောခိုစမှ စာ သိပ်များများ မတတ်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ အနစ်နာခံတယ်။ အပင်ပမ်းခံတယ်။ အလုပ်လုပ်ရင် တွက်ကပ်လေ့ မရှိ။ ကြိုးစားတဲ့ ရဲဘော်ပါ။ သူ့ ကို ကျနော် သတိရနေပါတယ်။ ဒါကြောင့်လဲ သူဟာ မာနယ်ပလော ခံစစ်မှာ ခြေတဖက် ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ စိတ်ဓါတ်မကျခဲ့ပါဘူး။ သူဟာ သူတပါးပြောတာကို လွယ်လွယ်နဲ့ ယုံတတ်သူတော့ မဟုတ်ပါ။ သူဟာ မွတ်ဆလင် တဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာရေး နဲ့ ပတ်သက်လို့ လဲ ကျနော်တို့ တပ်ထဲမှာနေစဉ် သူနဲ့ အချင်းများတာ မရှိခဲ့ပါ။ တစုံတယောက်က သူကို အကြောင်းအရာတခု ပြောလိုက်ရင် စဉ်းစားနေပြီးမှ ဝေဖန်ချက် ပြန်ပေးပါတယ်။ ဒါပေမယ့် အချက်အလက်နဲ့ ပြောရင်တော့ သူ လက်ခံပါတယ်။ လွယ်လွယ် လက်ခံသူ တော့ မဟုတ်ပါ။ သူဟာ ၁၉၉၂ ခုနှစ်မှာ ခြေတဖက်ပြတ်ခဲ့ပေမယ့် ရောဂါနဲ့ ကွယ်လွန်ချိန် ၂၀၁၂ ဒီဇင်ဘာအထိ တပ်တွင်း စက်ချုပ်ရဲဘော်၊ နောက်ပိုင်း ဒေါက်တာစင်သီရာမောင်ရဲ့ မယ်တော် ဆေးခန်းမှာ အထည်ချုပ် ရဲဘော်အဖြစ် တာဝန်ထမ်းသွားခဲ့သူပါ။
သူနဲ့ ပတ်သက်တဲ့ မှတ်သားစရာ တခုကတော့ အလီသွားကျက်လိုက်ပါဦး ဆိုတာပါဘဲ။ သူဟာ ခြေတဖက် ပြတ်အပြီး စက်ချုပ်သင်ပါတယ်။ ဒါပေမယ့် စာကောင်းကောင်း မတတ်ခဲ့တော့ ပိတ်စ အတိုင်း အထွာတွေမှာ သူ နားမလည်တော့ပါ။ သူ့ ဆရာက သူ့ ကို အလီအရင်ကျက်ခိုင်းရပါတယ်။ သုံးလေးရက် အလီကျက်လို့ အလီရမှ အတွက် အချက်တွေ သင်ရပါတယ်။ အဲ့သည်တော့ အင်္ကျီညှပ် ကို သူ့ ဆရာက စသင်ပါတယ်။ ဒါကို မှတ်သားထားတဲ့ ရဲဘော် ကမ်ပူးခြားဟာ နောက်ထပ် သူ့ ထံမှာ စက်ချုပ် လာသင်သူတိုင်းကို အညှပ်မသင်ခင် အလီကျက်ခိုင်းလေ့ရှိပါတယ်။ အလီ ရပြီးသူတွေမို့  ရပြီးကြောင်းပြောရင်လဲ လက်မခံပါ။ င့ါတုန်းက ၃ ရက်လောက် ကျက်ခဲ့ရတာကွာလို့ ပြောတတ်ပါ တယ်။ ဒီစကားကို မှတ်ထားကြပြီး ကမ်ပူးခြား ပြောသလို အလီကျက်လိုက်ဦးဆိုပြီး ပြောလေ့ရှိကြတာ မှတ်မိနေပါတယ်။
နောက်ပိုင်းမှာ ရဲဘော် ကမ်ပူးခြားဟာ စာသင် အလီကျက်ပြီး ဒေါင်းအိုးဝေ၊ ခေတ်ပြိုင်စာအုပ်တွေကို ဖတ်နေတတ်ပါတယ်။ သူကိုယ်တိုင်တောင် ဆောင်းပါးလေးတွေ ရေးခဲ့ပါသေးတယ်။ နေ့ သစ် ဘလော့ အင်တာနက် စာမျက်နှာမှာ သူရေးခဲ့တဲ့ မွှေးသည့်ပန်းများထဲမှ ဦးငြိမ်း ဆောင်းပါးလေးကို ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။ ဦးငြိမ်းကတော့ မုတ္တမမြို့ ၊ ပုလဲ ရတနာ ဘုန်းတော်ကြီးကျောင်းက ရဟန်းတော် ဦးကုသလ ဘ၀နဲ့ သံဃာနဲ့ ကျောင်းသားသတ်ခဲ့တဲ့ မဆလအစိုးရကို ပြန်တိုက်မယ်ဆိုပြီး လူထွက် တောခို လာသူပါ။ ရဲဘော်ကမ်ပူးခြားနဲ့ အတူတွဲ စစ်တိုက်ရင်း ကျဆုံးခဲ့ပါတယ်။ ကမ်ပူးခြား မတတ်တတတ် ရေးခဲ့တဲ့ ဆောင်းပါး ကောက်နှုတ်ချက် ဦးငြိမ်းဂုဏ်ပြု ကဗျာကို ဖတ်ကြည့်ကြပါ။ 
“ကျနော် ကဗျာမရေးတတ်ပါ။ ၃ တန်းအောင်ပြီး ၄ တန်းနှစ်မှာ တောထဲရောက်ခဲ့ပါသည်။ တောထဲမှာပဲ တိုက်ရင်းခိုက်ရင်းနဲ့ အကိုကြီး တွေဆီက စာကို အချိန်ရသမျှ သင်ယူပါတယ်။ သူတို့ရေးသော ဖတ်သောကဗျာလေးများက နားထောင်ကောင်းပါတယ် ကျနော် လည်း ရေးချင်တယ်။ ရေးပါလို့အားပေးတဲ့ နောင်တော်ကြီးတွေဆီက ကဗျာရေးပို့တော့ သူတို့က တည်းဖြတ်ပေးကြပါတယ်။  
ခုလည်း ကျနော်ခံစားနားလည်သလို စပ်ဆိုပြီး ဦးငြိမ်းကို ဂုဏ်ပြုလိုက်ပါတယ်။  

ဓါတ်ပုံ http://burmeserebel.blogspot.com

အတိတ်က ပုံရိပ်

……….

 ပုံရိပ်အထင်ရှားလျှက် 

အကြင်နာတရားတွေက သူ့နှလုံးသားထဲ
စုပြုံ .. ။

ဒါပေမဲ့ သူဟာ သူမျက်လွှာကို မှိတ်ပစ်ခဲ့တယ်။
သူ့မျက်ဝန်းထဲက ပုံရိပ်တွေက
ပျိုမြစ်စိမ်းလန်းခြင်း။

သူ့အသိ အာရုံထဲမှာ အလွန်ရဲရင့်တဲ့
နီလွင်ရင့်ရင့်အရောင်တွေ…။

သူ့ရဲ့အကြားအရုံထဲမှာလည်း
ငရဲပွက်ထ
အသံတွေ ဆူဆူညံညံနဲ့။

ဒါကြောင့် သင်္ဃန်း ဝတ်ရုံဖယ်ရှား
စိတ်ပုတီးကို ဘုရားစင်ပေါ်မှာ ထားခဲ့ပြီ…။

နံရံက ဓား
အဓမ္မကိုရင်ဆိုင်ဖို့ ကိုင်ဆွဲ…။

မတရားမှုတွေ
သွေးတွေ..
မျက်ရည်စက်တွေ.. အတွက်
မောင်းပြန်ကိုကိုင် ဒေါင်းအလံအောက်မှာ
တော်လှန် အသက်ပေးလှူခဲ့တယ်။

ကောင်းကင်ထက်က ကြယ်တပွင့်ပါ ဦးငြိမ်း။

ရဲဘော် ကမ်ပူးခြား
(ABSDF)
2010


 ………………..

ကမ်ပူးခြား (အမည်ရင်း) ရဲဘော် မောင်မောင်သန်း ဖြစ်ပါတယ်။ သူ ကျဆုံးချိန် ကျောင်းသား တပ်မတော်က အခုလို သ၀ဏ်လွှာ ပေးပို့ ခဲ့ပါတယ်။

ရဲဘော်မောင်မောင်သန်း (ခေါ်) ကမ်ပူးခြား ကျဆုံး သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ရဲဘော်မောင်မောင်သန်း (ခေါ်) ကမ်ပူးခြား (ကိုယ်ပိုင်အမှတ် ၃၃၃၃)သည် ၁၉၈၈ ခုနှစ် မကဒတ (ကျောင်းသားတပ်မတော်) စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ တော်လှန်ရေးတာဝန် အရပ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ 


၁၉၈၈ ခုနှစ်၊ KNLA တပ်မဟာ ၁ ဒေသတိုက်ပွဲများ၊ ၁၉၈၉ ခုနှစ် KNLA တပ်မဟာ ၆ ဒေသ တိုက်ပွဲ များ၊ ဥသုထ တိုက်ပွဲ၊ ၁၉၉၂-၉၃ မာနယ်ပလော၊ မဲညောခီး ခုခံစစ်တို့တွင် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ရင်း ၁၉၉၃ တွင် မိုင်းဒဏ်ရာရရှိကာ လက်ဝဲဖက် ခြေတစ်ဖက်ကို စွန့်လွှတ်ခဲ့ရသည်။ 


၁၉၈၈ မှ ၂၀၁၂ ခုနှစ်များအတွင်း အမှတ် ၂၀၈ တပ်ရင်း၊ အမှတ် ၂၀၄ တပ်ရင်း၊ ပြန်လည် ပြုစု ပျိုးထောင်ရေးဌာန၊ စက်ချုပ်ဌာန၊ အမှတ် ၈ တပ်ရင်း များတွင် တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၉၉၇ မှ စတင်ကာ မဲဆောက် မယ်တော်ဆေးခန်း စက်ချုပ်ဌာနတွင် တွဲဖက် တာဝန်ထမ်းဆောင်သည်။ 


ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသော်လည်း တပ်ဦး၊ တပ်မတော်နှင့် ဒီမိုကရေစီရေး တိုက်ပွဲများတွင် ကျရာ၊ နိုင်ရာ တာဝန်များကို ဆက်လက် ထမ်းဆောင်ခဲ့သည်။ 


၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ကျဆုံးခဲ့သည်။ 


ရဲဘော် မောင်မောင်သန်း ခေါ် ကမ်ပူးခြား၏ ကွယ်လွန်ချိန်အထိ တာဝန်ကြေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း များကို မိမိတို့ တပ်ဦး နှင့် တပ်မတော် က ဂုဏ်ယူစွာ အလေးပြုပါကြောင်း နှင့် ကျန်ရစ်သူမိသားစု၊ ရဲဘော် မိတ်ဆွေများ နှင့်အတူ ဝမ်းနည်းကြေကွဲပါကြောင်း ဖော်ပြပါသည်။ ။  

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လ ၁၈ ရက်။

ဒီနေ့ ၈၈၈၈ ငွေရတုမှာ သံဃာတော် ဘ၀က လူထွက် ကျောင်းသားတပ်မတော်မှာ လာရောက်တာဝန် ထမ်းခဲ့သူ ဦးငြိမ်းနဲ့ မွတ်ဆလင် ဘာသာဝင် တဦးဖြစ်တဲ့ ကျောင်းသားတပ်မတော် ရဲဘော်ကမ်ပူးခြားတို့ ၂ ဦးစလုံး ကျဆုံးခဲ့ကြပြီးပါပြီ။ ၈၈၈၈ အရေးတော်ပုံ ၂၅ နှစ်မြောက် မှာ ဦးငြိမ်းနဲ့ ရဲဘော်ကမ်ပူးခြား တို့ ကို ဂုဏ်ပြုလိုက်ပါတယ်။ ကောင်းရာသုဂတိ လားကြပါစေ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts