Nyein Chan Aye – Burma in Words

စကားလုံးများက ပြောသော ဗမာပြည်

ငြိမ်းချမ်းအေး၊ သြဂုတ် ၆၊ ၂၀၁၃

လူမှုကွန်ရက် အွန်လိုင်း သီချင်းအဖွဲ့တခုမှာ သီချင်းတိပ်ခွေ မျက်နှာဖုံးလေး တခု တွေ့တော့ ဗမာပြည်ရဲ့မီဒီယာ မျိုးစုံက ခေတ်အဆက်ဆက် မှားနေတဲ့ မြန်မာစာ အမှား ကိစ္စ နဲ့ ဆက်စပ်တဲ့ တိုင်းပြည်ရဲ့ အဓိက ပြဿနာ အကြောင်း ပြောချင်လာတယ်။

နိုင်မြန်မာ ရေး သီချင်း တပုဒ် ကို တိပ်ခွေ သီချင်းစာရင်း မှာ “ချစ်သံအဓိဌာန်” လို့ လုပ်ထားတာ (အခုမှ) သတိထားမိတယ်။

နာမည်ကြီး သီချင်းပါပဲ။  ကျနော်တို့ကတော့ “ကိုယ်ရည်ရွယ်ထားတာ တဆောင်လုံး” ဆိုပြီး အဆောင်ရှေ့မှာ အော်လေ့ ရှိတဲ့ သီချင်းလေးပါ။ 

ခု တိပ်ခွေမှာ သီချင်းခေါင်းစဉ် စာလုံးပေါင်း သတိထားမိလိုက်တော့ စိတ်ထဲ “ဟယ်..” ကနဲ ဖြစ်သွားတယ်။  မကျေနပ်တာနဲ့ သီချင်းစာအုပ် ပြန်ရှာကြည့်တယ်။  အတူတူပါပဲ။  မှားတာပါပဲ။

“သံအဓိဌာန်” ဆိုတဲ့ မြန်မာစကားလုံး မရှိပါ။  သီချင်းနာမည် အမှန်က “ချစ်သန္နိဋ္ဌာန်” ပါ။

“နိုင်မြန်မာ” လို မြန်မာစကားလုံး ကဝိ၊ ဂီတစာဆို အကျော်အမော် က မမှားနိုင်ဘူးလို့ ယူဆတယ်။  အဲဒီအချိန် ၁၉၈၅ “ချွဲမနေနဲ့” တေးစု စီစဉ်သူများ (သို့) မျက်နှာဖုံး စာလုံးရေးသူများ ရဲ့ လိုအပ်မှု ဖြစ်ဖို့ ပိုများတယ်။

ဒီကိစ္စ မှားတာမှာ အဆိုရှင် “ခင်မောင်ထူး” ပါ မှားတာပါ။  “သန်နိတ်ထန်” လို့ ဆို မှ မှန်ပါမယ်။  “သန်ဒိတ်ထန်” ဆိုတဲ့ အသံထွက် က အမှားပါ။  လူအများလည်း မှားကြပါတယ်။

“သန္နိဋ္ဌာန်” = “သန္နိဋ္ဌာန” ပါဠိ က ဆင်းသက် တဲ့ စကားလုံး။  မြန်မာလို “ဆုံးဖြတ်ချက်” လို့ အဓိပ္ပာယ် ရတယ်။

ပါဠိ  “အဓိဋ္ဌာန” က လာတဲ့ “အဓိဋ္ဌာန်” = စိတ်၌စွဲမြဲစွာ ပြဋ္ဌာန်း တည်ဆောက်၊ သတ်မှတ်ခြင်း နဲ့ အဓိပ္ပာယ် က နီးစပ်မှု ရှိပေမယ့် အသုံး ကွဲတယ်။  အမြဲလည်း မှားတတ်ကြတယ်။

မြန်မာစာ ပညာရှင်တွေ ဆိုရင်တော့ ပိုပြည့်စုံအောင် ရှင်းပြနိုင်ပါမယ်။

နောက်တခုက ဒီတေးစု သီချင်းစာရင်း မှာ “မျှော်တော်ယောင်” ကိုလည်း “မျှော်တော်ရောင်” လုပ်ထားပါသေးတယ်။  ဒါလည်း ခင်မောင်ထူး အခွေ စီစဉ်သူများ (သို့) မျက်နှာဖုံး စာလုံးရေးသူများ အမှားပါပဲ။  ဂီတစာဆို ဂျေမောင်မောင် ရဲ့ အမှား မဟုတ်ပါ။  “မျှော်တော်ယောင်” မူရင်းဗားရှင်း အောင်ဇော် “တိမ်မျောရိပ်ကပြန်လာပါ” တေးစု မှာ “မျှော်တော်ယောင်”  လို့ပဲ ရေးတယ်။  နောက်ပိုင်း ဂျေမောင်မောင် ကိုယ်တိုင် ပြန်ဆိုရာမှာလည်း စာလုံးပေါင်း အမှန်ပဲ သုံးတယ်။

အမှားတွေ အထပ်ထပ်ပြုပါများ၊ မြင်ပါများရင် အမှန် လို့ ထင်တတ်ကြတယ်။  ဗမာပြည်မှာတော့ စာလုံးပေါင်း ကိစ္စ၊ အသံထွက်ကိစ္စ တင်မကပါ။  သမိုင်း အပါအဝင် တိုင်းပြည်ရဲ့ အရာရာ၊ အကြောင်းကြောင်း လို့တောင် ဆိုရပါမယ်။  လိမ်တာ တွေ ထပ်၊ အမှားတွေ ကျော့ကာ လူတွေကလည်း အမှန်လို့ပဲ ထင်မြင်နေတယ်။  ထားပါ။  မြန်မာစာ အကြောင်းပဲ ဆက်ပါမယ်။

ဆလိုင်းသွှအောင် ရဲ့ “အချစ်ဖော်ကောင်” သီချင်း အကြောင်း ကျနော် တခါ ပြောဖူးတယ်။ အဲဒီ သီချင်း YouTube တင်တော့ ဂီတ ချစ်သူ တယောက်က မှတ်ချက်ပြုတယ်။ “ပညာတွေ မသုံးစေချင်ဘူး” ဆိုတဲ့ တေးစာသားကို ဆလိုင်းသွှအောင် က အသံဝဲဝဲလေးနဲ့ ဆိုသွားတာ ချစ်စရာ သိပ်ကောင်းတယ် ဆိုပြီး ဆိုခဲ့ဖူးတယ်။  မှတ်ချက်ပြုသူကို အဲဒီတုန်းက ဘာမှ ပြန်မပြောဖြစ်လိုက်ပါဘူး။  ဒါပေမယ့် တကယ်က ဆလိုင်းသွှအောင် ဆိုသွားတဲ့ “ပင်ညာ” ဆိုတာက “ပညာ” ရဲ့ မြန်မာလို အသံထွက် အမှန်ပါ။

မြန်မာစကားကို မိခင်ဘာသာစကား အနေနဲ့ ပြောနေသူတွေ တချို့၊ ဒီ အသံထွက် အမှန် သိမှု အားနည်းလေ့ရှိတယ်။  ပါဠိ က လာတဲ့ “ပညာ” လို “သညာ” လို စကားလုံးတွေကို မြန်မာ လို အသံထွက်အမှန် ထွက်ရင် “ပင်ညာ”၊ “သင်ညာ” လို့ ထွက်ရပါတယ်။  ဆလိုင်းသွှအောင် ရဲ့ မိခင်ဘာသာ စကား မဟုတ်တဲ့ သူ့ရဲ့ ဒုတိယ ဘာသာစကား မြန်မာစာ၊ မြန်မာစကား ကျွမ်းကျင်နှံ့စပ်မှု ကို သူ့ရဲ မြောက်များလှတဲ့ မှတ်တိုင် သီချင်းများ ဖွဲ့ဆိုမှုတွေကနေ တဆင့် သတိပြုနိုင်တယ်။

ကျနော် က မြန်မာစာ (စာလုံးပေါင်း၊ အသံထွက်၊ သဒ္ဒါ) အမှား ဆိုရင် သိပ် ရှက်တတ်တယ်။  ဒုတိယ ဘာသာစကား အင်္ဂလိပ်စာ အမှားဆိုရင်တော့ မမှားအောင် ကြိုးစားတတ်ပေမယ့် တကယ်လို့ မှားသွားရင် မရှက်တတ်ပါ။  ရှက်စရာလည်း မလိုပါ။  မိခင်ဘာသာစကား ဆိုရင်တော့ ရှက်ဖို့လိုတယ်လို့ ယုံကြည်တယ်။

ကျနော် YouTube မှာ သီချင်းတွေ တင်တိုင်း တတ်နိုင်သလောက် စာလုံးပေါင်း အမှားကင်းအောင် ကြိုးစားတယ်။  ဆောင်းပါးတွေရေးရာမှာလည်း အမှားနည်းအောင် ကြိုးစားတယ်။  ဒါပေမယ့် လွတ်သွားတဲ့ ချွတ်ချော်မှုလေးတွေ ရှိဆဲပါပဲ။  သတိထား ပြင်ဖို့ပါပဲ။

မိခင်ဘာသာစကား ကျွမ်းကျင်မှု အားနည်းလာခြင်းဟာ တိုင်းပြည်ရဲ့ ပညာရေး အဆင့်အတန်း နိမ့်ကျမှုကို ပြခြင်း တခု ပါ။  ခေတ်သစ် ပညာရေး သုတေသီတွေ နဲ့ ပညာရေး ဆိုင်ရာ ပညာရှင်တွေက ဆိုပါတယ်။  မျက်မှောက် ခေတ် မှာ ပညာတတ် ဆိုသူကို အဓိပ္ပာယ် ဖွင့်ရင် အချက်တချက် အနေနဲ့ “မိခင်ဘာသာစကား ကျွမ်းကျင်မှု” ကိုပါ ထည့်ပြီး ဖွင့်ရပါမယ်လို့ ဆိုတယ်။

ဆိုတော့ မိခင်ဘာသာစကား မကျွမ်းကျင်၊ သေချာ မတတ်၊ မနှံ့စပ်ရင် “ပညာမတတ်သူ” လို့ ဆိုနိုင်ပါတယ်။

ဆိုတော့ မြန်မာစာ၊ စကားကို မိခင်ဘာသာ စကားအနေနဲ့ သုံးနေသူတွေ ကျွမ်းကျင်မှု မရှိသေးရင် “ပညာမတတ်သူ” လို့ သတ်မှတ် ရပါမယ်။

ဆိုတော့ ကျနော် ကိုယ်တိုင် အပါအဝင် အတော်များများ ဗမာပြည် မှာ “ပညာမတတ်သူများ စာရင်း” ဝင် ပါမယ်။

ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) စကား ငှား သုံးရရင် “ဘွဲ့ရပညာမတတ်သူများ” အဖွဲ့ဝင်တွေပေါ့။  မနည်းလှပါ။  တလှေကြီးပဲ လို့ ဆိုချင်ပါတယ်။

ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် အတွက် အမှတ် စနစ်နဲ့ လျှောက်တဲ့အခါမှာ မိခင်ဘာသာစကား ကျွမ်းကျင်မှု ကိုလည်း အမှတ်ပေးပါတယ်။  အပိုပြောတယ် မထင်ပါနဲ့။  ဗမာတွေ မြန်မာစာ ဖြေတာ အမှတ် မရ၊ မကောင်းတတ်ပါ။  IELTS က ပိုကောင်းနေတတ်တယ်။

ဗမာပြည် မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ တလွဲဆံပင်ကောင်းမှု တမျိုးလို့ပဲ ဆိုရပါမယ်။

တိုင်းပြည်ရဲ့ အထွေထွေ ချွတ်ခြုံကျမှု နဲ့ ဆိုင်ပါတယ်။ 

ကျနော် အမြဲ ပြောလေ့ရှိတယ်။  မိမိ ယဉ်ကျေးမှု၊ ထုံးတမ်း၊ ဘာသာစကား ထိန်းသိမ်းချင်ရင်၊ မပျောက်ပျက်စေချင်ရင်၊ စည်ပင်စေချင်ရင် အရင်ဆုံး လုပ်ရမှာက တိုင်းပြည်ရဲ့ အထွေထွေ လူမှု၊ စီးပွား ကို မြှင့်တင်ဖို့ပါ။

ဒါကလည်း အခြေခံ နိုင်ငံရေး စနစ်ကို စ ပြင်ရမှာပါ။  အားလုံးရဲ့ ရေသောက်မြစ် က နိုင်ငံစနစ်၊ နိုင်ငံရေး မှာ အခြေတည်တယ်။  ဒါကနေပြီး ဆင့်ပွား ပြဿနာ၊ ဆင့်ပွား ရောဂါ တွေ ဖြစ်လာတာပါ။

ပင်မ နိုင်ငံရေး စနစ် ရောဂါကြောင့် ဆင့်ပွားရောဂါ အနေနဲ့ ကျန်းမာရေး အဆင့်အတန်းကျ လူတန်းစေ့ မနေနိုင် ဖြစ်လာတယ်။  ရောဂါ ထူပြောလာတယ်။  ကမ္ဘာ မှာ အမြစ်ပြတ် ပျောက်ကွယ်၊ မျိုးတုံးပြီး ရောဂါတွေ တိုင်းပြည်မှာ ဆက်ရှိနေတယ်။  မသေသင့်တဲ့ လူတွေ၊ ကလေးတွေ ဆက်သေနေရတယ်။  တိုင်းပြည်ရဲ့ အဖိုးတန် သားကောင်းတွေ ဆုံးရှုံးကုန်တယ်။

ရေသောက်မြစ် နိုင်ငံရေး ပြဿနာကြောင့် တွဲလျက် ပညာရေး အဆင့်အတန်းလည်း နိမ့်ကျလာတယ်။  နယ်ပယ်တိုင်းမှာ ကျွမ်းကျင်မှု မရှိသူတွေသာ များလာတယ်။

အခြေခံ နိုင်ငံရေးစနစ် အားနည်း၊ ပျက်ယွင်းမှုကြောင့် “လူ့စွမ်းအား အရင်းအမြစ်” ကဏ္ဍလည်း တိုင်းပြည်မှာ လျော့ပါး လာတယ်။  တဘက်ကလည်း တိုင်းပြည်ရဲ့ “သဘာဝ အရင်းအမြစ်” တွေဟာ လူ့စွမ်းအား အရင်းအမြစ် လျော့နည်းခြင်း ရလဒ် ကျွမ်းကျင်၊ လိမ္မာ ပါးနပ်စွာ စီမံအုပ်ချုပ်နိုင်မှု ကင်းမဲ့ခြင်း နဲ့ နိုင်ငံရေး စနစ်မကောင်းခြင်းရဲ့ အကျိုး အုပ်ချုပ်သူ နဲ့ အခွင့်ထူးခံ လူတန်းစား တရပ် က ထင်သလို စိတ်ကြိုက် ယူငင်၊ သုံးစွဲ ကိုယ်ကျိုး ရှာမှု ကြောင့် သဘာဝ အရင်းအမြစ်ပါ မျိုးတုံးကုန်တယ်။

ဒီလိုနဲ့ ဧရာဝတီ ဟာ အသက် ငင်နေတယ်။  ခါကာဘိုရာဇီ ဟာ အမြဲ ငိုပွဲဆင် နေရတယ်။

နိုင်ငံရေး စနစ် မကောင်းမှုကြောင့် တိုင်းပြည်ရဲ့ “စီးပွားရေး” ကလည်း နာလန် မထူနိုင်ဖြစ်ရတယ်။  ဒီလိုနဲ့ “ဆင်းရဲ မွဲတွေမှု” ဟာ မြင့်မားလာတယ်။  “အကျင့်ပျက် လာဘ်စားမှု” နဲ့ “ရာဇဝတ်မှု” တွေ များလာတယ်။  တပါတည်း “စာရိတ္တမဏ္ဍိုင်” က ဒေဝဒတ် ငယ်ထိပ်ပေါက်တဲ့ အထိ အဝီစိ ကို ဆင်းသွားတယ်။

လူတွေဟာ လူမှု၊ စီးပွား၊ အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်ကနေ အစုလိုက်၊ အပြုံလိုက် အများအပြား စွန့်ခွာနေရတယ်။  အနေ၊ အစား ချောင်တယ်လို့ ဆိုနိုင်သေးတဲ့ ပညာတတ် အလယ်လတ်တန်း အလွှာ နဲ့ တိုင်းပြည်မှာ အမြဲ အခွင့်ထူးခံနေနိုင်တဲ့ ထိပ်တန်း လူ့မလိုင် အလွှာ က လူငယ်တွေပါ တိုင်းပြည်ကို စွန့်ခွာဖို့ ကြိုးစားလာတယ်။  ကြံစည်လာတယ်။  ဆိုခဲ့တဲ့ အထဲမှာ (တိုင်းပြည် ကို အပြီးစွန့်ဖို့ စိတ်ကူးမရှိပေမယ့်) ကျနော်လည်း အကျုံးဝင်တယ်။

ဆိုခဲ့တာတွေ အားလုံးဟာ တိုင်းပြည်ပျက်ခြင်းရဲ့ လက္ခဏာတွေပါပဲ။  တနည်းအားဖြင့် “ကျရှုံးနိုင်ငံ” တခု ရဲ့ ဝိသေသ တွေလို့လည်း ဆိုနိုင်တယ်။

ဒီလို နောက်ခံ အနေအထားမှာ တိုင်းပြည် ရဲ့ လူမျိုး ဘာသာစကား၊ ယဉ်ကျေးမှု ဟာလည်း ရှေ့တန်းမရောက်နိုင်ပါ။ 

တောင်ကိုးရီးယား ဟာ စစ်အာဏာရှင်စနစ်အောက် တိုင်းပြည် ရောက်နေပြီး နိုင်ငံရေး စနစ် ပျက်ယွင်းနေတုန်းက ကိုးရီယား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမ ကမ္ဘာ မှာ မထင်ပေါ်၊ ဘယ်သူမှ အလေးဂရု၊ မပြုခဲ့ပါ။  အခု မျက်မှောက်ခေတ်မှာတော့  Soul မြို့တော်က Gangnam ဆိုတဲ့ ရပ်ကွက်လေးတခုက လူမှုဖက်ရှင် တခု ဟာ “Gangnam Style” ဂီတ နဲ့ အတူ ကမ္ဘာ့ အရှေ့၊ အနောက် နေရာ အနှံ့အပြား ကို သက်ရောက်နေပါပြီ။  ဒါတောင် ကိုးရီယား တိုင်းပြည် တခြမ်းက အာဏာရှင်စနစ်အောက် မှာပဲ ရှိပါသေးတယ်။

လူအများက မန္တလေး ရဲ့ နောက်ပေါက် တရုတ်မိသားစုများ ရဲ့ မျိုးဆက်သစ် သားသမီးများ မြန်မာစကား မပီ၊ မတတ်၊ မသင်ဘဲ တရုတ်စာပဲ သင်ကြတာကို အပြစ်မြင် ထောက်ပြကြတယ်။  ကျနော်က ပြန်ပြောလေ့ရှိတယ်။  “လူ့မလိုင် ရေပေါ်ဆီ အသိုင်းအဝန်း က မြန်မာတွေရဲ့ သားသမီးတွေရော မြန်မာစကား ပီ၊ တတ်၊ မြန်မာစာ ကြိုးစား သင်နေကြလို့လား” ဆိုပြီး ပြန်မေးခွန်းထုတ်ပါတယ်။

ကျနော် အမေရိကန် ကျောင်း ISY က ပုဆိုး ဝတ်ရမှာ ရှက်တဲ့၊ မြန်မာလို ပြောရမှာ ရှက်တဲ့၊ မြန်မာစာ ကောင်းကောင်း မသင်ဖူးတဲ့ ဗမာနိုင်ငံက နာမည်ကြီး ဒိတ်ဒိတ်ကြဲ အလိ တွေ ရဲ့ သားသမီး တွေကို မျက်မြင်တွေ့ဖူး၊ ရင်းနှီးဖူးတယ်။  အထက်ပါ မေးခွန်းက ရမ်းသမ်း မှန်းဆ ထုတ်ခြင်းမျိုး မဟုတ်ပါ။

မိမိ တိုင်းပြည်ရဲ့ အထွေထွေ အဆင့်အတန်း အနေအထားမြင့်လာတဲ့အချိန်၊ နိုင်ငံတကာ မှာ ပေမီ၊ ဒေါက်မီ ဖြစ်လာတဲ့ အချိန် တပါတည်း အလိုလို မိမိ ယဉ်ကျေးမှု၊ ဘာသာစကား အဆင့်အတန်းလည်း မြင့်လာပါမယ်။  အဲဒီလို မြင့်လာတဲ့ အခါ ဘယ်သူ့ ကိုမှ ရိုက်ပြီး ယဉ်ကျေးမှု ကို ထိန်းသိမ်းခိုင်းစရာ၊ ဘာသာ စကားကို သင်ယူခိုင်းစရာ မလိုတော့ပါ။  ကိုရီယား ယဉ်ကျေးမှု၊ ဂီတ၊ ရုပ်ရှင်၊ ဘာသာစကား၊ အစားအစာ ရေပန်းစား လာသလို ဗမာပြည်ရဲ့၊ မြန်မာတွေရဲ့ Soft Power တွေလည်း တပါတည်း အလိုလို ရေပန်းစား နိုင်ငံတကာ မှာ ရှေ့တန်းရောက်၊ သတင်းဖြစ်၊ လူအများ လိုက်လံ ကျင့်သုံး၊ သင်ယူ၊ လေ့လာ ကြမှာ ဖြစ်တယ်။

ဗမာ့ သမိုင်းမှာ အကြီးကျယ်ဆုံး ခေတ် တခု ဖြစ်တဲ့ ပုဂံခေတ်မှာ အဲဒီခေတ် နဲ့ အညီ (ကမ္ဘာနဲ့ အလားတူ) သက်ဦးဆံပိုင် အာဏာရှင် ပဒေသရာဇ် နိုင်ငံရေး စနစ် ကျင့်သုံးပေမယ့် ကောင်းမွန်တဲ့ မင်းအစိုးရ နဲ့ အုပ်ချုပ်မှုရှိတော့၊ တနည်းအားဖြင့် ကောင်းမွန်တဲ့ နိုင်ငံရေး စနစ်ရှိတော့ ဒေသတွင်းမှာ ကြီးကျယ်ခမ်းနား၊ ထည်ဝါစွာ နေနိုင်ခဲ့တယ်။  ဒေသတွင်းရဲ့ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဗိသုကာ၊ အနုသုခုမ  ရပ်ဝန်းအားလုံးရဲ့ ဗဟို ချက်မ ဖြစ်ခဲ့ဖူးတယ်။

ဆိုတော့.. ဆိုချင်တာကို နိဂုံးချုပ် ဆိုရရင် ပြဿနာ ရင်းမြစ်ကို မြင်နိုင်ရပါမယ်။  ဒီမင်း၊ ဒီလူ၊ ဒီစနစ်၊ ဒီအလုပ်၊ ဒီအချိုးတွေနဲ့ မဖြစ်ဘူးဆိုတာ သိရပါမယ်။  နိုင်ငံရေး ပြဿနာ မရှင်းဘဲ တိုင်းရင်းသား ပြဿနာ၊ လူမှု၊ စီးပွား၊ကျန်းမာ ပြဿနာ အစုံစုံ ဘယ်တော့မှ ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါ။  တပါတည်း တိုင်းပြည် နဲ့ လူမျိုးရဲ့ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ ဘာသာစကား ကလည်း မျက်နှာငယ် ဆက်လက် နိမ့်ကျနေဦးမှာ၊ ဓားမနောက်ပိတ်ခွေး ဖြစ်နေဦးမှာ ဖြစ်တယ်။

စာဖတ်သူအများ၊ အထူးသဖြင့် အာဏာရှင် နောက်မြီးဆွဲလျက် အမျိုး၊ ဘာသာ အော်နေသူ ဆရာ များ တွေးခေါ် ဆင်ခြင်နိုင်ဖို့ပါ။

ငြိမ်းချမ်းအေး

၀၅၊ သြဂုတ်၊ ၂၀၁၃