News Features

Chin National Conference 1989 (An Laung Shwee)

၁၉၈၉ ပထမ အကြိမ် ချင်းအမျိုးသား ညီလာခံ
အမ်းမ်လောင်ရွှီ၊ သြဂုတ် ၁၄၊ ၂၀၁၃
                    ၂၀၁၃ မေလအတွင်းက ပြည်တွင်းပြည်ပသတင်းဌာနများက ချင်းအမျိုးသားညီလာခံ ကျင်းပမည့် သတင်းများကိုဖေါ်ပြနေကြသည်။စာရေးသူလည်း ချင်းတစ်ဦးဖြစ်သဖြင့် ချင်းလူမျိုးများ တိုးတက် ဖွံ့ဖြိုးရေး၊ ချင်းစာပေယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ချင်းများစည်းလုံးညီညွတ်ရေးတို့နှင့် ပတ်သက်လျှင် စိတ်ဝင်စားမြဲ ဖြစ်ပါသည်။
                    သတင်းပါအချက်များအနက် မှားခြင်းမကမှားလေသော အချက်၂-ချက်ကို သတိပြုမိသည်။ သတင်းရေးသူ၏အမှားလား၊ သတင်းပေးသူ၏အမှားလားဟု မသိတတ်နိုင်။
                    ပထမအမှားမှာ ချင်းလူမျိုးတို့တွင် အမျိုးကွဲပေါင်း ၅၀-ကျော်ရှိသည် ဟူသော ဖေါ်ပြချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့က တိုင်းရင်းသား ၁၃၅-မျိုးပင် ရှိသည်ဟုမမှန်မကန် ကာလကြာရှည် ဖေါ်ပြခဲ့ကြရာ၌၊ ချင်းအမျိုးကွဲ ၅၀-ကျော်ဟုထည့်သွင်းခဲ့၏။ထို ၅၀-ကျော်ကိုယခုတိုင် သတင်းဌာနများက သံယောင်လိုက်ပြီး၊ကိုးကားနေကြဆဲ ဖြစ်သည်။ချင်းအားလုံးသည် ဘာသန္တရစကားအားဖြင့် တစ်မျိုးတည်းသာ ဖြစ်သော်လည်း ၊ဒေသန္တရစကားများ ကွဲပြားမှုကြောင့် တစ်ဦးနှင့် တစ်ဦး ချက်ချင်း ပြောဆိုဆက်သွယ်နိုင်မှု ခက်ခဲခဲ့ကြ၏။ ထားဝယ်စကားပြောသူနှင့် ယောစကားပြောသူ  အပြောအဆိုခက်ခဲကြခြင်းမျိုး ဖြစ်သည်။
                    ထားဝယ်နှင့် ယောသည် ဗမာတိုင်းရင်းသားများချည်းသာ ဖြစ်၏။ မြန်မာစာပေက လည်းကောင်း၊ မြန်မာရှင်ဘုရင်တို့၏ လွှမ်းခြုံ အုပ်ချူပ်ရေးက လည်းကောင်း၊ မြန်မာတိုင်းရင်းသားများကိုသာ မက၊ အခြားတိုင်းရင်းသားများကိုပါ စုစည်းပေးသကဲ့သို့ဖြစ်ခြင်းကြောင့် မြန်မာစကားသည် ဘုံစကားကဲ့သို့ ရှိနေခြင်းဖြစ်သည်။ ချင်းတို့တွင် မူလက စာပေမရှိခဲ့ပါ။ ရှိအောင် တီထွင်ပြန်တော့လည်း၊ ဘုံစာပေ မရှိခြင်းကြောင့်လည်းကောင်း၊ အနေဝေးခဲ့ကြသောကြောင့်လည်းကောင်း စုစည်းမှု အားနည်းခဲ့သည်။ ထိုအားနည်းချက်က ချင်းမျိုးကွဲများစွာရှိသည်ဟု အထင်ရောက်စေခဲ့သည်။ ထို့အပြင် ထိုသို့ အထင်ရောက်စေသူတို့ရှိခဲ့သည်။
                    ချင်းအမျိုးကွဲ ၅၀-ကျော်ကို ထည့်သွင်းတွက်ချက်ရာ၌ ရယ်ဖွယ်လိလိ အချက်များကို တွေ့ရသည်။ ဥပမာ- မျိုးရိုးအမည် (သို့မဟုတ်) ဒေသအုပ်စုအမည်ကို လူမျိုးအမည်အဖြစ် မှားယွင်းတွက်ချက်ထားခြင်းမျိုး ဖြစ်သည်။ တဖန် အံ့သြဖွယ်ကောင်းသောအချက်တစ်ခုမှာ၊ ရခိုင်ပြည်နယ်နေ ချင်းမျိုးနွယ်အချို့ကို ရခိုင်တိုင်းရင်းသားအုပ်စုထဲ၌၊ ထည့်သွင်းထားခြင်းဖြစ်သည်။ထိုမျိုးနွယ်များမှာ ၂-ခါ ထပ်နေသဖြင့် ၁၃၅- မျိုးရေတွက်ခြင်းမှာ ကချော်ကချွတ် နိုင်လွန်းလှသည်။ဖြစ်ကတတ်ဆန်းနိုင်လွန်းလှသည်။
                    ဘာသာဗေဒ ပညာရှင်များ၊မနုသဗေ ပညာရှင်များသာမက ဒေသသခံတိုင်းရင်းသားများကပါ ထို ၁၃၅-မျိုး ရေတွက်ထားခြင်းသည် ဘယ်လိုမှ ယုတ္တိမရှိကြောင်းအထောက်အထားများဖြင့်၊ တင်ပြလာခဲ့ကြသော်လည်း စစ်အုပ်ချုပ်ရေးကာလတလျှောက် မည်သို့မျှ မပြင်ဆင်ခဲ့ကြချေ။ ဆရာ မနုဿကျော်ဝင်းက ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအမည်အချို့မှာ နှိမ်လိုသဖြင့်၊ ကဲ့ရဲ့ရှုတ်ချသော အသုံးအနှုံးများအဖြစ် အခြားသူတို့ကခေါ်ဝေါ်ခဲ့ကြ၏။ ထိုတိုင်းရင်းသားများကိုယ်တိုင်က အမည်ပြောင်းပေးရန် တင်ပြခဲ့ကြသော်လည်း ၁၃၅-မျိုးစာရင်းပါ အတိုင်းသာ ဆက်လက်ခေါ်စေခဲ့ကြောင်း၊ သဘာဝ မကျကြောင်း ဟောပြောခဲ့ဖူး၏။
                    ပလောင်ဟု အခေါ်ခံခဲ့ရသူတို့က တအာင်း (တအန်း)ဟု ခေါ်ရန် လိုလားနေကြ၏။
                    ချင်းတို့တွင် ပြောဆိုသော ဒေသန္တရစကားများကို စိစစ်ပြီး၊ တူရာတူရာ စုလိုက်လျှင် ၇-စု လောက်သာရှိ၏။ ဇိုမီး၊ မီဇိုး၊ လိုင်၊ လိုင်ဇိုး၊ ခမီး၊ ချိုး၊ အရှို ဟုဖေါ်ပြကြ၏။ အချို့ကလည်း ၆-စုလောက်သာ ရှိသည်ဟုဖေါ်ပြကြ၏။
                    ၂၀၁၃ မေလတွင် မြန်မာနိုင်ငံရှိတိုင်းရင်းသားပါတီများအစည်အဝေးတစ်ခု၌ (တိုင်းရင်းသား ၁၃၅-မျိုးရှိသည်ဟု ဖေါ်ပြခဲ့ခြင်းမှာ စစ်တပ်က ကာလကြာရှည်အာဏာယူထားလိုသဖြင့် အကြောင်းပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုအချက်ကို ကန့်ကွက်ကြောင်း) တင်ပြခဲ့ကြ၏။ စာရေးသူ ထိုတင်ပြချက်ကို လုံးဝ ထောက်ခံပါသည်။
                    ဒုတိယအမှားမှာ ယခုကျင်းပမည်ဟုဆိုသော ချင်းအမျိုးသားညီလာခံသည် ချင်းလူမျိုးတို့၏ ပထမဆုံးညီလာခံဖြစ်ကြောင်း ဖေါ်ပြချက်ဖြစ်သည်။ လုံးဝ မှားပါသည်။ ၁၉၈၉-ခုနှစ်တွင် ဖြစ်မည်။ ထိုစဉ်က ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ ဦးဆောင်မှုဖြင့် ချင်းအမျိုးသားညီလာခံကို အခက်အခဲပေါင်းစုံကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုညီလာခံသို့ မြို့နယ်ပေါင်းစုံ၊ မျိုးနွယ်ပေါင်းစုံ၊ အလွှာပေါင်းစုံမှတက်ရောက်ခဲ့ကြ၏။ CNLD၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူ ဆရာဆလိုင်းရမ်လိန်မှုန်းကတော့ ကွယ်လွန်ခဲ့ပြီ။ အထွေထွေအတွင်းရေးမှုး၊အတွင်းရေးမှုးအဖွဲ့ဝင်များ သက်ရှိထင်ရှား ရှိနေကြပါသေး၏။ (အတွင်းရေးမှုးတစ်ဦးဖြစ်သူ ဆလိုင်းအောင်ထွန်းကတော့ ရဟန်းတော်ဦးအာလောကဘဝဖြင့် ပျံလွန်တော်မူခဲ့ပေပြီ။)
                   ချင်းအမျိုးသားတပ်ဦး( CNF)တွင် ဒေါက်တာလျှံမှုန်းဆာခေါင်းအဖြစ် ပြန်လည်ပေါ်ထွက်လာသူ ဆလိုင်းလျန်မှုန်းသည်(CNLD)တွင် အထွေထွေအတွင်းရေးမှုး လုပ်ခဲ့သူဟု စာရေးသူ အမှတ်ရနေသည်။ ထိုစဉ်က အတွင်းရေးမှုးတစ်ဦးဖြစ်သူ ဆလိုင်းငိုင်ဆာခ်သည် ပါတီမှထွက်ကာ မြို့နယ်တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ယခု တရားလွှတ်တော်ရှေ့နေဖြစ်ကာ၊ INGOလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဟု သိရသည်။ယခုအခါ ဦးဇိုဇမ်တို့၏ ချင်းအမျိုးသားပါတီတွင် ပါဝင်နေသလိုလိုလဲ ကြားရသည်။ကိုလျှန်မှုန်း ၊ကိုငိုင်ဆာခ်တို့မှာ ကိုရမ်လိန်မှုန်းတို့နှင့်အတူ ချင်းအမျိုးသားညီလာခံကို အပင်ပန်းခံဖေါ်ဆောင်ခဲ့ကြသူများဖြစ်ရကား၊ သူတို့ အသိဆုံးဖြစ်ပါသည်။
         ချင်းအမျိုးသားညီလာခံသို့ ကန်ပက်လက်မြို့နယ်မှ တက်ရောက်လာကြသူများတွင် ဦးဆလိုင်းဟန်လင်း၊ မိုင်နန်းချယ်ရီတို့ ပါဝင်သည်။ မင်းတပ်မြို့နယ်မှ တက်ရောက်လာကြသူများတွင် ကုန်သည်ကြီး ဦးအောင်ရှိန်း (နောင်တွင် ကားမှောက်ကာ ကွယ်လွန်သူ)လည်း ပါဝင်သည်။ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာကြီးမှ ကိုစန်းမောင်(ရှေ့နေ)လည်း ပါဝင်သည်။ ထို ၄-ယောက်မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး၊  အခြားသော ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များလည်း ရှိပါသေးသည်။
         ညီလာခံ ဖွင့်လှစ်သောအခါ ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆက်ကပ်ဆုတောင်းသည်။ ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းတော့မပြုကြပါ။ သို့သော် သူတို့နှင့် လွန်စွာရင်းနှီးသော ဥက္ကဌ ကိုရမ်လိန်မှုန်းကို ရီစရာလိုလို ပြောကြသည်။
                    (ရမ်လိန်ရေ … နောက်တခါ ညီလာခံ အခမ်းအနားဖွင့်လှစ်ရင် သံဃာပင့်၊ ပရိတ်ရွတ်ပြီးမှဖွင့်ရင် ပိုမကောင်းဘူးလား။ ဗုဒ္ဓဘာသာကိုလည်း အလှည့်ပေးအုံးလေ။)
                    ကိုရမ်လိန်မှုန်းမှာ မျက်နှာပျက်သွားသော်လည်း၊ အိဒြေ္ဓဆည်ပြီး ပြော၏။
                    (ဓမ္မဆရာတွေ၊ အသင်းတော်တွေရဲ့ ပံ့ပိုးမှု၊ အားပေးမှုလည်း ရထားတော့ သူတို့ဝမ်းသာအောင်လည်း လုပ်ပေးရတယ်။)
                    ပန်းဥယျာဉ်တွင် ပန်းတစ်မျိုးထဲသာ ပွင့်နေခြင်းထက်၊ပန်းမျိုးစုံလင်စွာ ပွင့်နေလျှင်ပိုပြီး လှပသည်။ ချင်းမျိုးနွယ်ပေါင်းစုံသည် နှစ်သက်ရာဘာသာ ကိုးကွယ်ကာ၊ ညီညွတ်နေလျှင် ပိုမိုဂုဏ်ယူစရာ ကောင်းသည်ဆိုသော သဘောထားကြီးမှုမျိုး ရှိခဲ့ကြပါသည်။ (ချင်းပြည်နယ်ကို …… ဘာသာပြည်နယ် ဖြစ်ရမည်ဟု ကြုံးဝါးနေသူတို့ သတိပြုကြပါကုန်။ သင့်ဘာသာရေး အစွန်းရောက်မှုကြောင့် စည်းလုံးရေး မပြိုကွဲပါစေလင့်။)
                      ချင်းအမျိုးသားညီလာခံကျင်းပသောတစ်နေ့တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ တက်ရောက်လာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန်မှတ်သားထိုက်သော စကားများပြောကြားခဲ့သည်။ ဆရာဆလိုင်းဟန်လင်းက ပြန်ပြောပြခဲ့ဖူးသည်။
        (ဒေါ်အောင်ဆန်းစုကြည်ဝင်လာတော့ ရမ်လိန်မှုန်းက တဦးချင်းစီနဲ့ မိတ်ဆက်ပေးတယ်။သူက ရန်ကုန်တက္ကသိုလ်မှာ နည်းပြလုပ်ခဲ့ဖူးတဲ့ ဆရာဆလိုင်းဟန်လင်းပါလို့ မိတ်ဆက်ပေးတော့၊ ဒေါ်အောင်ဆန်းစုကြည်က လှိုက်လှဲဖေါ်ရွေစွာလက်ဆွဲနှုတ်ဆက်ပြီး၊ စကားတစ်ခွန်း ပြောလိုက်တယ်။ ဝါးကနဲ ပွဲကျသွားတော့တာပဲ။ “ဟာ… ဆရာက တယ်စွံပါလား။ ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဝိုင်းလို့နော် …” တဲ့။ ငါ့ ဘယ်ညာမှာ ချင်းရိုးရာဝတ်စုံဝတ်ထားတဲ့ ချင်းအမျိုးသမီး ၂-ယောက် ရှိတာကိုး။ သူတို့ နေရာချပေးတဲ့ အတိုင်း ထိုင်တာပါ။)
             ထိုညီလာခံ မှတ်တမ်းများမှာ အချို့သူတို့ထံတွင် စုံစုံလင်လင် ရှိပေလိမ့်မည်။ ဖေါ်ထုတ်သင့်ပါသည်။ ထိုချင်းအမျိုးသားညီလာခံသည် ပထမဆုံးကျင်းပသောချင်းအမျိုသားညီလာခံ ဖြစ်ဖွယ်ရှိပါသည်။ ၁၉၄၇-လွတ်လပ်ရေး ရခါနီးတွင်၊ ထီးလင်းမြို့၌ ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံ ဆိုတာလည်း ရှိပါသေး၏။
                    ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား တက်ရောက်ခဲ့၏။ ဦးဝမ်းသူမောင်တို့ ဦးဆောင်သော ညီလာခံဖြစ်၏။
             ထို့ကြောင့် ၂၀၁၃-တွင် ကျင်းပမည်ဆိုသော ချင်းအမျိုးသားညီလာခံသည် ဒုတိယအကြိမ် ဖြစ်မည်။ အခက်အခဲအပိတ်အဆို့ကြား၌ပင် ပထမအကြိမ် အောင်မြင်ခဲ့သေး၏။ လွတ်လပ်ပွင့်လင်းမှု အတန်ငယ် ရှိလာသော ယခုအချိန်တွင်၊ ဒုတိယအကြိမ်သည်   ပထမအကြိမ်ထက် ပိုမိုကျယ်ပြန့်သင့်၏။ ပိုမိုလေးနက်သင့်၏။ ပိုမိုစည်းလုံးသင့်၏။ ပိုမိုကာ သဘောထားကြီးသင့်၏။
                    ပထမအကြိမ်ကို မသိမီလိုက်သူများ ရှိနိုင်သည်။ပထမအကြိမ်ကို တန်ဖိုးမထားဘဲ ဖျောက်ဖျက်ပစ်လိုသူများလည်း ရှိကောင်းရှိနိုင်သည်။ ယခင်ကရှိခဲ့သော အစဉ်အလာကို တန်ဖိုးထား ဆက်ခံမှသာ  ၊ယခုလုပ်နေသောအစဉ်အလာကို နောက်လူတွေက တန်ဖိုးထားမည်။အရေးကြီးသောစကားကို ထပ်ပြီးပြောပါရစေ။ ၁၉၈၉-တုန်းက ချင်းအမျိုးသားညီလာခံကိုလုပ်ရတာ၊ အခက်အခဲကြား အနောက်အယှက်ကြား၊ အန္တရယ်ကြားထဲကနေ လုပ်ကြရတာဖြစ်ကြောင်း မမေ့သင့်ပါ။ ယခုအချိန်လို အတိုင်းအတာတစ်ခုအထိ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါ။ ဆန်တစ်အိတ်ထမ်းပြီး ပြေးရတာချင်း အတူတူ နောက်က ကျားလိုက်လို့ ပြေးရခြင်းလား၊ ကျားမလိုက်ပဲ မှန်မှန်သွားရခြင်းလား၊ ကွာပါသည်။
                       မိမိက နေရာတကာ ပထမလုပ်ပြတာဟု ဂုဏ်ယူလိုခြင်းထက်၊ ယခင်အစဉ်အလာကို ဆက်ခံခြင်းက ကောင်းမြတ်သောအင်အား ၂-ဆကို ရနိုင်သည်။ မျက်စိကန်းသူသည် မျက်စိကန်းသူကိုလည်း မမြင်။ မျက်စိကောင်းသူကိုလည်း မမြင်ပါ။ မျက်စိကောင်းသူသည်  မျက်စိကန်းသူကိုလည်း မြင်သည်။ မျက်စိကောင်းသူကိုလည်း မြင်သည်။အမြော်အမြင်ရှိခြင်းက မျက်စိကောင်းခြင်းနှင့် တူပါသည်။
(၂၀၀၃ မေလ၊ ချင်းညီလာခံဆိုင်ရာ ဆက်စပ်သတင်းများ
       http://www.phophtawnews.org/burmese/index.php/news/internal-news/item/294-2013-05-13-12-07-11.html (ချင်းအမျိုးသား ညီလာခံ ကျင်းပရန် ချင်းပါတီများ ပြင်ဆင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts