Uncategorized

Wutt Hmoe (Former Staff) – Articles

သြဂုတ်၂၀၁၃ လျှပ်စစ်ဝန်ကြီး၏ လွှတ်တော်ဖြေကြားချက်၊ လျှပ်စစ်ဈေးနှုန်းနှင့် ဝန်ဆောင်မှုအခြေအနေ – ကောက်နုတ်ချက်
ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)
သြဂုတ် ၁၉၊ ၂၀၁၃

လွှတ်တော်မှ သတင်းတစ်ခုထွက်လာသည်။
မေးနေပြီ…မြင်းကောင်ရေကြေးတွေ..ထိမ်းသိမ်းစောင့်ရှောက်ခတွေ…မေးဘို့ တစ်ခုကျန်သွားတယ်..၁၀% losses ..no load losses တွေ..။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးအောင်ကြိုင် ညောင်ဦးမဲဆန္ဒနယ်က ပုဂံ-ညောင်ဦး မြို့နယ်တွင် လျှပ်စစ်မြစ် ရေတင် ၅ ခုရှိပါကြောင်း၊ ကျေးလက်နေလူတန်းစားများ ဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဒေသဆန်ဖူလုံရေး အတွက်လည်းကောင်း၊ ဆီထွက်သီးနှံများ စိုက်နေသည့် သဲဆန်သောမြေပေါ်မှာ မြေပြုပြင်ပြီးတော့ ဘောင်များခတ်ပြီး စပါးများ စိုက်ပျိုး ခဲ့ပါကြောင်း၊ ထို့နောက် မီတာခများက တိုးလာပြီး ထိန်းသိမ်း စောင့်ရှောက်ခ တစ်နှစ် သိန်း ၁၅၀၀ ကျနေပါသောကြောင့် တောင်သူ လယ်သမားများထံမှ ကောက်ခံရငွေနှင့် အရှုံးပေါ်နေသဖြင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ရပ်ရတော့မလို ဖြစ်နေပါကြောင်း၊ တောင်သူလယ်သမားများ ကလည်း မြေပြုပြင်ခြင်း၊ လေးဘောင်များပြုလုပ်ရခြင်းဖြင့် အကုန်အကျများစွာ ခံပြီး စပါးစိုက်ခဲ့ကြရာ ယခုတွက်ခြေကိုက် သောအခါမှ ရပ်တန့်ပြီး အခြားသီးနှံများကို စိုက်ရမလို ဖြစ်နေပါကြောင်း၊ ထို့ကြောင့် တွက်ခြေကိုက်သော စပါးကိုပင်စိုက်ချင်ကြသောကြောင့် ကြာရှည်စိုက်ပျိုးနိုင်ရန်နှင့် ဌာနလည်း အရှုံးမပေါ်စေရန် အတွက်လည်းကောင်း၊ တောင်သူ လယ်သမားများအား ထောက်ထားညှာတာသောအားဖြင့် မီတာထိန်းသိမ်းစောင့်ရှောက်ခနှင့် မီတာခများကို ၅၀ ရာခိုင်နှုန်းအထိလျော့ချ ပေးနိုင်/မပေးနိုင် ကို မေးမြန်းရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦး မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခများကို တစ်ယူနစ်လျှင် အိမ်သုံး ၃၅ ကျပ်နှုန်းနှင့် စက်မှုလက်မှု လုပ်ငန်းသုံး ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပါကြောင်း၊ လျှပ်စစ်မြစ်ရေတင်ဓာတ်အားခများကို တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့်သာ ကောက်ခံလျက်ရှိပါကြောင်း၊ မီတာထိန်းသိမ်းစောင့်ရှောက်ခအနေနှင့် အိမ်သုံးမီတာမှာ ၁၀၀၀ ကျပ်နှုန်းနှင့် စက်မှုလက်မှုလုပ်ငန်းသုံးအတွက် ၅၀၀၀ ကျပ်နှုန်းဖြင့်သာ ကောက်ခံလျှက်ရှိပါကြောင်း၊ မီတာထိန်းသိမ်းစောင့်ရှောက်ခကို ၁၉၄၈ခုနှစ် လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေ အရ ၁၉၅၁ ခုနှစ် ကတည်းက စည်းကြပ်ကောက်ခံခဲ့ပါကြောင်း၊ ၎င်းအပြင် ထရန်စဖော်မာတပ်ဆင် အသုံးပြုသည့် လုပ်ငန်းများကိုလည်း မီတာထိန်းသိမ်းစောင့်ရှောက်ခအပြင် တပ်ဆင်ထားသည့် ထရန်စဖော်မာ၏ ဝန်အားအလိုက် မြင်းကောင်ရေကြေးကို လစဉ်တွက်ချက်တောင်းခံလျက်ရှိပါကြောင်း၊ ပုဂံ-ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင် ၅ ခုရှိပြီး ထရန်စဖော်မာ ၄ လုံး၊ စုစုပေါင်းတပ်ဆင် အင်အား ၅၂.၅ MVA ရှိရာ လစဉ်မြင်းကောင်ရေကြေးစုစုပေါင်း၁၁၂၆၀၂၀၀ ကျပ်နှင့် မီတာထိန်းသိမ်းစောင့်ရှောက်ခ ၃၅၀၀၀ ကျပ်ဖြစ်ပါကြောင်း၊ လစဉ်စုစုပေါင်း ကျသင့်ငွေမှာ ၁၁၂၉၅၂၀၀ ကျပ်ဖြစ်ပြီး တစ်နှစ်လျှင် ၁၃၅၅၄၂၄၀၀ ကျပ်ကောက်ခံလျှက်ရှိပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားတစ်ယူနစ်ထုတ်လုပ်မှု ပျမ်းမျှကုန်ကျ စရိတ်မှာ ၇၈ ကျပ်ခန့်ရှိပြီး တစ်ယူနစ် ပျမ်းမျှရောင်းဈေးမှာ၅၆ ကျပ်ဖြစ်၍ တစ်ယူနစ်ကို ၂၂ ကျပ်အရှုံးခံပြီး ရောင်းချနေရပါသောကြောင့် မီတာထိန်းသိမ်းခ၊ မြင်းကောင်ရေကြေးနှင့် မီတာခများကို တစ်နိုင်ငံလုံးတစ်ပြေးညီကောက်ခံလျှက်ရှိပြီး အရှုံးခံရောင်းချနေရပါသောကြောင့် ၅၀ရာခိုင်နှုန်းအထိ လျှော့ချပေးရန် အစီအစဉ်မရှိသေးပါကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားသွားပါသည်။
အပြည့်အစုံကို-
● ကောက်နုတ်ချက်
လျှပ်စစ်ဒုဝန်ကြီးကလည်း သူ့အလုပ်၊ သူလုပ်သည်။ ယခင်က မရှိဘူး၊ မသိဘူး၊ ကုန်ဘီ .. ဘသုံးလုံး စနစ်မှ၊ ယခုအခါ အချက်အလက်များဖြင့် တိကျနိုင်သမျှဖြေကြားသွားသောကြောင့် မဆိုးလှပါဟု ပြောရပါမည်။ ယခင် စစ်အာဏာပိုင်များလက်ထက်ကလို ပုဂ္ဂလိက မီဒီယာများ ဆွဲစိခံရမှာ၊ သိပ်မကြောက်ရသောကြောင့်လည်း မီဒီယာအားဖြင့် အစိုးရ မထုံတထေးလုပ်နေပုံများကို ဖွင့်ပြနိုင်သောကြောင့်၊ ဒုဝန်ကြီးလုပ်ရသူအဖို့ တော်တော်ခက်ခဲ့နေပါသည်။ လွှတ်တော်ကိုယ်စားလှယ်ကလည်း ကိုယ့်ဒေသခံများက အတင်းကျပ်ခိုင်းသောကြောင့် လွှတ်တော်တွင်မေးမြန်းရရှာသည်။ ကျနော်လည်း ကိုယ်တတ်နားလည်သည့်ဖက်မှာ အမှန်တရားကို ရေးပါမည်။ သမ္မာတရားတော့မဟုတ်ပါ။ လောကတွင် မှန်တိုင်းလဲမကောင်းသောကြောင့် ၂ဖက်မျှပြီး ကြည့်ရှုဝေဖန်ပါရစေ..။
မဂ္ဂာဝပ် ၅၂.၅ ရေတင်စက်မော်တာ၊ပန့်သည် ၂၄နာရီမပျက်လည်ပတ်ပါက တစ်နှစ်လျှင်လျှပ်စစ် ကီလိုဝပ်နာရီသန်းပေါင်း Kwh-million 460 သုံးရမည်ဖြစ်သည်။ လက်ရှိလျှပ်စစ်ဈေး တစ်ယူနစ် 1kwh = 56 kyat နှုန်းဖြင့်ဆိုပါက နှစ်စဉ် ကျပ်ငွေ ၁၃၅၅သိန်း ပေးနေရသဖြင့်၊ အသုံးပြု kwh-million 2.4 သာရှိသည်ကိုတွေ့ရသည်။ တနည်းအားဖြင့် 0.5% of capacity ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ဈေးနှုန်းမတတ်နိုင်သောကြောင့် ရေတင်စက်များမှာ Optimized Use တတ်နိုင်သမျှလည်ပတ်ချိန်နည်းအောင် ရေတင်ပေးနေသည်ကို တွေ့ရသည်။ 
အစိုးရသည် အရှုံးခံလုပ်ပေးနေရသည်ဟု ပြောဆိုခြင်းများ မလုပ်သင့်တော့ပါ။ နိုင်ငံတကာတွင် အစိုးရက အခမဲ့လုပ်ပေးရသည့် ဝန်ဆောင်မှုများမှ
– ကာကွယ်ရေးစရိတ်၊
– ပြည်သူ့ရဲနှင့်အုပ်ချုပ်ရေးစရိတ်
– စာသင်ကျောင်း
– ကျန်းမာရေး
– ရေကာတာ၊ ဆည်မြောင်းများ
– လမ်းဖေါက်လုပ်ခြင်းများ
– လျှပ်စစ်ဓါတ်အားနှင့်လောင်စာဆီ
– မိုးလေဝသ၊ ရေဒီယို၊ တီဗီ၊ 
– ဘေးမဲ့တောများ၊ မြစ်ချောင်းအင်းအိုင်၊ သဘာဝထိန်းသိမ်းရေး၊ 
စသည်တို့ဖြစ်သည်။ 
ယခုအခါ ဆက်သွယ်ရေး၊ လမ်းဖေါက်လုပ်ခြင်း၊ လျှပ်စစ်၊လောင်စာဆီများကို ပုဂ္ဂလိက လုပ်ခွင့်ပေးပြီး၊ အခွန်ပဲကောက်မည့် စနစ်သို့ချီ တက်နေပါသည်။
သို့သော် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လယ်သမားများအား အခြေခံစားဝတ်နေရေးအတွက် ကာကွယ်ပေးထားရမည့်အချက်များတွင်
– လယ်ယာမြေဈေးမတက်ရေး (လယ်လုပ်သူတိုင်း၊လယ်ပိုင်ခြင်း)
– စုပေါင်းလယ်ယာများ
– ဆယ်မြောင်းရေများအခမဲ့ပေးခြင်း
– မျိုးစေ့၊နည်းပညာ၊ချေးငွေများ အခမဲ့ပေးခြင်း ..စသည်တို့လိုအပ်ပါသည်။
အထက်ပါစာရင်းအရ ရေလိုအပ်သောအချိန်သည် တစ်နှစ်လျှင် ၁၂လ လစဉ်အချိန်ပြည့် မြစ်ရေတင်စက်ကို တင်နေရမည်မဟုတ်ပါ။ ယခုတင်ပြချက်တွင် တစ်လ ကျပ်သိန်း၁၁၂သိန်း၊ ပုံမှန်သုံးနေသဖြင့် မြစ်ရေတင်စက်မှာ ၁၂လလုံး သုံးစွဲနေသည့်ပုံဖြစ်နေသည်။ အချို့လများ လယ်ယာမစိုက်ချိန်တွင် မြို့ရွာရေသုံးစရာအတွက် ရေတင်စက်သုံးနေရသည့်သဘောရှိသည်။ မည်သို့ပင်ဖြစ်စေ တစ်နှစ်ကျပ်သိန်း၁၃၀၀ခန့်မှာ နိုင်ငံတော်အတွက် အခမဲ့ပံ့ပိုးရမည်ဖြစ်သဖြင့် နိုင်ငံတော်သမ္မတအမိန့်ဖြင့် အရှုံးပေါ်နေသော လျှပ်စစ်ဝန်ကြီးဌာနအတွက် ဘတ်ဂျတ်ထပ်မံပံ့ပိုးပေးရမည်။ တစ်နိုင်ငံလုံးတွင် လျှစ်စစ် ရေတင်စက်ပေါင်း ၃၆၇ခုအတွက် ၁၀၆ မဂ္ဂဝပ်လိုအပ်မည်ဖြစ်သည်။ (ဇယားကိုကြည့်ပါ)။  မကွေးတိုင်း မြစ်ရေတင်လျှပ်စစ်လိုအပ်ချက်သည် တနိုင်ငံလုံး၏ တစ်ဝက် ၅၀.၄၉ ရှိသောကြောင့် နိုင်ငံတော်မှ မြစ်ရေတင်စရိတ် တစ်နိုင်ငံလုံးအတွက် အခမဲ့ထောက်ပံလျှင်ပင် ကျပ်သိန်းပေါင်း ၂၆၀၀ သာရှိမည်ဖြစ်သည်။ ဒေါ်လာအားဖြင့် US$2.6 million သာရှိမည်။ ပုလဲနှင့်ကျောက်စိမ်း ရောင်းချရငွေ တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်း ၄၀၀၀ခန့် ဘယ်ရောက်သွားပါသနည်း။ လယ်သမားများ ဆင်းရဲမွဲတေမှုအတွက် ဒေါ်လာ ၂.၆သန်းကို အလိုက်သိသိ ထုတ်မပေးပဲ၊ ဆင်းရဲမွဲတေနေသော လယ်သမားများ အော်ဟစ်ချိန်ထိ တမင်စောင့်နေသကဲ့သို့ ဖြစ်သည်။ 
မှတ်ချက်။  ကန့်သတ်ကုန်ဖြစ်သော လောင်စာဆီ၊ နိုင်ငံခြားအရက်၊စီးကရက်များ၊ ကျောက်မျက်၊ ဓါတ်ငွေ့၊ ရွှေ၊ ကြေးနီ၊ နီကယ်၊သတ္တုများ သွင်း/ထုတ် ပါမစ်ဖြင့် ရောင်းစားသူများ ထံမှ အခွန်မှန်ကန်စွာကောက်ပါက ဒေါ်လာသန်းပေါင်း ထောင်နှင့်ချီပြီး ရရှိမည်ဖြစ်သည်။ ထိုငွေများကို လယ်သမားများ ဆင်းရဲမွဲတေမှုအတွက် လယ်မြေ၊ရေရရှိရေး၊ မျိုး၊ ချေးငွေ ၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အသုံးပြုပေးလိုသည့် အိပ်မက်လည်း မက်နေဆဲဖြစ်ပါသည်။ 
လျှပ်စစ်ဌာနမှ ဓါတ်အားဆုံးရှုံးမှုများ၊ ခရိုနီစက်ရုံများကို အခမဲ့ပေးနေခြင်း၊ ခြစားလို့ကောင်းမည့် ဘီအိုတီများ ဥပမာ – နေရောင်ခြည်လျှပ်စစ်ဓါတ်အားရုံ US$250 million Project .. မရေးလိုပါ။ လယ်သမားများ အခြေခံလိုအပ်ချက်မှာ ရေပေးနိုင်ရေးကို အခမဲ့ပေးဖို့ ဟိုရှောင်၊သည်ရှောင်လုပ်ပေးနေရသော လျှပ်စစ်ဒုဝန်ကြီးကိုလည်း သနားမိပါသည်။

အဖြေမှာလည်း အခမဲ့ပေးဖို့ နေနေသာသာ လျှပ်စစ်ဝန်ကြီးဌာနက အရှုံးပေါ်နေသဖြင့် ၅၀% လျှော့ပေးရန်ပင် မဖြစ်နိုင်ဟု ဖြေသည်။ ကျနော်သာ ဒုဝန်ကြီးဖြစ်လျှင် လျှော့ပေးရန်၊ စီမံဘဏ္ဍာဝန်ကြီး၊ ဘက်ဂျက်ဌာနသို့ တင်ပြပေးပါမည်..ဟု တာဝန်ခံဖြေကြားမည်ဖြစ်သည်။ ထိုသို့ တာဝန်ခံဖြေကြားလိုသူ ကျနော့်မှာ ရာထူးမတိုးပဲ၊ အလုပ်ကပဲ ထွက်ရပြီး ဝန်ထမ်းဟောင်းတစ်ဦးအမည်ဖြင့် စာပဲရေးနေရပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts