K ငြိမ်းချမ်း စာအုပ်စင်

သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ
K (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈

စာရေးဆရာ လင်းဆက်ငြိမ်းချမ်းနဲ့ နေဇင်ထွန်းတို့ရေးသားတဲ့ သုညဒီဂရီအောက်မှာ တစ်ပတ်တာ(ဘေကျင်း၊ ဟန်ကျိုး၊ ရှန် ဟိုင်း) အမည်ရတဲ့ ခရီးသွားစာပေဆောင်းပါးများ စုစည်းမှုစာအုပ် ဇွန်လအတွင်းမှာ ထွက်ရှိလာပါတယ်။

ယခုစာအုပ်မှာ စာရေးဆရာလင်းဆက်ငြိမ်းချမ်းရေးသားတဲ့ ပျံသန်းခဲ့သောတစ်ရက်တာ၊ သိသလောက်ဘေကျင်း ဖြတ်ခနဲ ဘေကျင်း၊ အရှိန်ပြင်းပြင်း ဟန်ကျိုသို့နှင်၊ ဟန်ကျို၏နှလုံးသည်းပွတ်(သို့မဟုတ်)West Lake)၊ ဘုရားမြေ တရားမြေ လင် ယင်၊ စုန့်ခေတ်ရောက်သွားသော ၂၁ရာစုလူသား၊ Xi Xi ပျော်ဝင်ခြင်း၊ Dream Town(သို့မဟုတ်) အိပ်မက်တို့စံပျော်ရာ၊ ပိုးကမ္ဘာ၊ လူလုပ်မြစ်တစ်စင်း၊ ရှန်ဟိုင်း(သို့မဟုတ်) အမြင့်ပျံ၊အမြင့်ပြိုင်၊ သုတ်သုတ်မြန်မြန် ရန်ကုန်အပြန်စတဲ့ ဆောင်းပါး ၁၂ပုဒ် ပါဝင်ပြီး နေဇင်ထွန်းရေးသားတဲ့ အိုတရုတ်ပြည် အိုကူမင်း၊ ဘေကျင်းမှာ တစ်ညတာ၊ မက်ထရိုပိုလီယန်မြို့ကြီးထဲက အတိတ်ခေတ်ရဲ့ဘ၀ဟန်ပန်၊ အိပ်မက်မြို့ထဲက အိပ်မက်မက်တော့တဲ့တတိယကမ္ဘာသားတစ်ယောက်၊ ကံကြမ္မာကို စေ စားနိုင်တဲ့အမြင့်က အရှေ့တိုင်းပုလဲပျံသန်းခဲ့သော တစ်ရက်တာ စတဲ့ဆောင်းပါး ၅ပုဒ် ပါဝင်ပါတယ်။

စာရေးသူတို့အမှာစာမှာတော့ “ခရီးသွားဒေသတစ်ခုချင်းစီအလိုက် အသေးစိတ်ဖွဲ့ဆိုနိုင်ဖို့ရာ မဖြစ်နိုင်၊သို့သော် ဖွံ့ဖြိုးမှု အားကောင်းနေပြီဖြစ်သော တရုတ်ခရီးသွားလုပ်ငန်းအကြောင်း မြင်သမျှတွေ့သမျှကို မိမိတို့၏စိတ်ခံစားမှုဖြင့် ပုံဖော် နိုင်ခဲ့သည်ဟု ယုံကြည်မိပါသည်။

ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ပြန်ရောက်တော့ တစ်ဦးက ရသဟန် ခရီးသွားဆောင်းပါးရေးဖြစ်သည်။ နောက်တစ်ဦးက သူအားသန်ရာ အက်ဆေးပုံစံဖြင့် ဖွဲ့ဆိုသည်။ ခရီးစဉ်တစ်ခုတည်းကို ရေးဖွဲ့ကြခြင်းဖြစ်သော်လည်း အရသာချင်းကတော့ မတူ။ ယင်းကြောင့်ပင် ခရီးစဉ်တစ်ခု အရသာနှစ်မျိုးကို စာအုပ်အဖြစ် စုစည်းလိုက်ခြင်းဖြစ်သည်။

မတူညီသောယဉ်ကျေးမှုကို တို့ထိလိုသူများအတွက် ရည်ရွယ်ပါသည်။ အရှိန်ယူခါစ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် သူတို့ဆီက ခရီးသွားလုပ်ငန်းက ဒီလိုပါဟုလည်း ပြောပြချင်သော ရည်ရွယ်ချက်ရှိပါသည်။”လို့ရေးသားထားပါတယ်။

တရုတ်ပြည်ရဲ့အံ့မခန်းမြို့ကြီးများအကြောင်းနဲ့ မြို့ပြဂေဟစနစ်ဆောင်ရွက်ပုံများကိုဖတ်ရှုရမှာဖြစ်ပြီး စာအုပ်တန်ဖိုး ၄၀၀၀ ကျပ်ဖြင့် နွယ်နီစာပေက ဖြန့်ချိထားပါတယ်။

(ယခု မိုးမခစာအုပ်စင်ကဏ္ဍတွင် စာအုပ်မိတ်ဆက် ဖော်ပြပေးစေလိုပါက မိုးမခစာအုပ်စင်ကဏ္ဍအတွက် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက်သွယ်နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts