သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● မြန်မာလျှပ်စစ်ဝန်ကြီးဌာန စံနမူနာယူရမဲ့ ဘင်္ဂလားဒေ့ခ်ျ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင် (မုံရွာ) ● မြန်မာလျှပ်စစ်ဝန်ကြီးဌာန စံနမူနာယူရမဲ့ ဘင်္ဂလားဒေ့ခ်ျ
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၈

ဘင်္ဂလားဒေ့ခ်ျ လျှပ်စစ်ကဏ္ဍရဲ့ မဟာဓါတ်အားလိုင်းက ထုတ်လုပ်စွမ်းအား 15379 MW (Jan-2017) နဲ့  မြန်မာနိုင်ငံ 3500 MW ထက် ၄ ဆနီးပါး သာလွန်နေပါတယ်။ ဒီ ၂ နိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံး နိုင်ငံနှစ်ခုဖြစ်ပြီး လက်ရှိ ရိုဟင်ဂျာ လို့ ကမ္ဘာကခေါ်ဝေါ်တဲ့ ဘင်္ဂလားဒုက္ခသည် ၇ သိန်း မြန်မာနိုင်ငံကထွက်ပြေးတဲ့ ပြဿနာကြီးရင်ဆိုင်နေရတဲ့ ၂ နိုင်ငံ ဖြစ်ပါ တယ်။ လူဦးရေကတော့ ဘင်္ဂလားဒေ့ခ်ျက သန်း ၁၆ဝ ဖြစ်ပြီး မြန်မာကတော့ သန်း ၅ဝ ကျော် ဖြစ်ပါတယ်။ လျှပ်စစ် ထုတ် လုပ်အား ၄ ဆသာနေပေမဲ့ လူဦးရေကလည်း ၄ ဆလောက် များတဲ့အတွက် သူတို့နိုင်ငံမှာလည်း လျှပ်စစ်မလုံလောက်ပါဘူး။ မြန်မာနိုင်ငံအတိုင်း လျှပ်စစ် မလုံလောက်မှုအပြင်၊ လျှပ်စစ် အရည်အသွေးနိမ့်ကျမှု၊ အဂတိလိုက်စားမှု၊ လျှပ်စစ်ကုမ္ပဏီကြီး များ လက်ဝါးအုပ်မှု စတဲ့ အခက်ခဲများစွာရှိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ခ်ျ က 2400 MW ညူကလီယာ လျှပ်စစ်ဓါတ်အားရုံစီမံကိန်း Rooppur ဒေသမှာ စတင်ပြီ ဖြစ်ပါတယ်။ ရုရှား နိုင်ငံထုတ် Rooppur Nuclear Power Plant ကို ၂ဝ၁၈ မှာစတင်ပြီး ၂ဝ၂၃  (၅ နှစ်အကြာ) ပြီးစီးမယ်လို့ ဆိုပါတယ်။  VVER-1200 MW ရီအက်တာ ၂ ခု (Water-Water Energetic Reactors) တပ်ဆင်ပါမယ်။ ရုရှားနိုင်ငံက Russian Rosatom Saate Atomic Energy Corp က လာရောက်တပ်ဆင်ပေးမယ် ဖြစ်ပါတယ်။ ကုန်ကျစရိတ်  မြန်မာနိုင်ငံထက် နည်းပညာမှာ များစွာသာလွန်တယ်ဆိုတာ ဝန်ခံရပါမယ်။

လျှပ်စစ်အရင်းအမြစ်ဖြစ်တဲ့ ရေနံနဲ့ ကျောက်မီးသွေး အနည်းငယ်ပဲထွက်ပါတယ်။ ဒါပေမဲ့ သဘာဝဓါတ်ငွေ့ လုံလောက်စွာ ထွက်တဲ့အတွက် တိုင်းပြည်ရဲ့ လျှပ်စစ်ကဏ္ဍ ၆၆ ရာခိုင်နှုန်းကို သဘာဝဓါတ်ငွေ့မှ ရရှိနေပါတယ်။ စွမ်းအင်အသုံးပြုမှု အ ချက်အလက်များအရ ထင်းမီးနဲ့  သီးနှံအကြွင်းကျန် အပင်များကနေ တိုင်းပြည်ရဲ့ ၅ဝ ရာခိုင်နှုန်း (ထက်ဝက်) စွမ်းအင်များ အသုံးပြုနေပါတယ်။

ဘင်္ဂလားဒေ့ခ်ျမှာလည်း LNG လျှပ်စစ်ဓါတ်အားစီမံကိန်း လုပ်နေပြီဖြစ်လို့ မြန်မာများက လေ့လာအတုယူပြီး မြန်မာ LNG စီမံ ကိန်း ဖြစ်လာပါတယ်။

● ကျေးလက်မီးလင်းမှု အခြေအနေ
၂ဝ၁၅ အချက်အလက်အရ မြို့ပြနေတဲ့ လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်း လျှပ်စစ်ရရှိပြီး၊ ကျေးလက်နေ လူဦးရေရဲ့ ၆၇ ရာခိုင်နှုန်း လျှပ်စစ်ရရှိနေပါတယ်။ ပျှမ်းမျှ ၇၇ ရာခိုင်နှုန်း ပြည်သူလူထုတွေ လျှပ်စစ်ရရှိပါတယ်။ မြန်မာနိုင်ငံကတော့ ၇ဝ ရာခိုင်နှုန်း လူ ထု (ကျေးလက်လူထုများ) လျှပ်စစ်မရရှိသေးတဲ့အတွက် နေရောင်ခြည်စွမ်းအင်သုံး တနိုင်တပိုင်လျှပ်စစ်မီးကို ကမ္ဘာ့ဘဏ် ချေးငွေနဲ့  လုပ်ဆောင်နေပါတယ်။ နေရောင်ခြည်း မီနီဂရစ်များအနည်းငယ်လုပ်ဆောင်ပြီးစီးပေမဲ့ အကျိုးမဲ့ကြောင်း သိရှိလာ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တနိုင်တပိုင် ဆိုလာလျှပ်စစ်များကိုဦးစားပေးပြီး ကျေးလက်မီးလင်းနေရပါတယ်။

ဘင်္ဂလားဒေ့ခ်ျရဲ့ GDP တိုးတက်မှု ၇ ရာခိုင်နှုန်း ထက်သာလွန်အောင် လျှပ်စစ်ကဏ္ဍကို တိုးမြှင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ 15379 MW ကနေ ၂ဝ၃ဝ ခုနှစ်မှာ 34000 MW  (၂ ဆကျော်) ရရှိဖို့ လိုပါတယ်။ မြန်မာနိုင်ငံအခြေအနေက လက်ရှိ 3500 MW ကနေ 14542 MW (၄ ဆ) တက်လာဖို့ လုပ်နေကြပါတယ်။ မြန်မာတွေ ပိုပြီးအားစိုက် အလုပ်လုပ်ကြဖို့ လိုပါ တယ်။ ခုန်ပျံကျော်လွှားလုပ်ကိုင်ဖို့လိုအပ်ချိန်မှာ အလွန်ထက်မြတ်တဲ့ မြန်မာလူငယ်များကို လစာကောင်ကောင်းပေးပြီး၊ အစိုးရ လျှပ်စစ်ကော်ပိုရေးရှင်းများက စီးပွားဆန်ဆန်လုပ်ကြရပါမယ်။ မြန်မာတွေ တရုတ်စတိုင် ကြိုးစားနေပေမဲ့ တရုတ်စ တိုင်အစိုးရက စီးပွားလုပ်တတ်ဖို့ ပညာရှင်များ ပျိုးထောင်နည်း အလွန်အရေးကြီးပါတယ်။

ပြဿနာများကို ရေးပါမယ်။

မြန်မာနိုင်ငံလိုပဲ ဘင်္ဂလားဒေ့ခ်ျအဓိကပြဿနာက ပါဝါဆုံးရှုံးမှု ဖြစ်ပါတယ်။ နောက်ဆုံးရှုံးမှုကြီးကတော့ ပါဝါဓါတ်အားပေး စက်ရုံတွေတည်ဆောက်တာ သတ်မှတ်ချက်ထက် အမြဲနောက်ကျမှ ပြီးစီးခြင်းပါပဲ။ အခြားပြဿနာများကတော့ …
* ဆောက်ပြီးတဲ့ ဓါတ်အားစက်ရုံကြီးများမှာ စွမ်းရည် Efficiency,
* မတည်ငြိမ်တဲ့ ဓါတ်အားထုတ်လုပ်မှု Erratic power supply,
* လျှပ်စစ်ခိုးယူသုံးစွဲမှု Electricity Thief,
* မီးပျက်တောက်ခြင်း Black Out,
* ပြုပြင်ထိန်းသိမ်းငွေ မလုံလောက်မှု Shortage of Maintenance Cost,
ခြုံကြည့်ရင်တော့ သုံးစွဲသူများ ကျေနပ်ဖွယ်မရှိပါလို့ ပြောရပါမယ်။

၂ဝ၁၄ နိုဝင်ဘာ ၂ ရက် တရက်လုံး တနိုင်ငံလုံး မီးပျက်ပါတယ်။ အေးအေးဆေးဆေးပါပဲ။ မြန်မာနိုင်ငံက အဲဒီလောက် မဆိုး သေးဖူးလို့ ပြောရမလားမသိပါ။ အိန္ဒိယနိုင်ငံကဝယ်တဲ့လျှပ်စစ်အတွက် သွယ်တန်းထားတဲ့ မဟာဓါတ်အားလိုင်း ပြဿနာ ကြောင့်၊ တနိုင်ငံလုံး မဟာဓါတ်အားလိုင်းစနစ်ကိုထိခိုက်ပြီး တရက်လုံး၊ တနိုင်ငံလုံး မီးပျက်သွားခြင်း ဖြစ်ပါတယ်။ နည်းပညာ ပိုင်းမှာလည်း များစွာအားနည်းတဲ့သဘောရှိပါတယ်။ ပထမတော့ ဒီပြဿနာက ဘင်္ဂလားဒေ့ခ်ျ မဟာဓါတ်အားလိုင်း အ ဟောင်းနဲ့  အိန္ဒိယကလာတဲ့ မဟာဓါတ်အားလိုင်း အသစ် စနစ် ၂ ခု ချိတ်ဆက်ပြဿနာကြောင့်လို့ အပြစ်ပုံချပါတယ်။  သေချာစွာ စုံစမ်းစစ်ဆေးမှု ရလဒ်ကတော့ အဲဒီလို မဟုတ်ပဲ ညံ့ဖျင်းတဲ့ လျှပ်စစ်စီမံထိန်းသိမ်းမှု လုပ်ရပ်တွေကြောင့်ဖြစ်ပါတယ်။ လျှပ်စစ်သွယ်တန်းစနစ် ညံ့ဖျင်းခြင်း၊ ဖြန့်ဖြူးမှုစနစ် အခြေခံအဆောက်အဦများ ညံ့ဖျင်းမှုများကြောင့် ဒီတရက်လုံး တနိုင်ငံ လုံး မီးပျက်ခြင်းဖြစ်ရပါတယ်။ နောက်ပိုင်းတော့ မဖြစ်သေးပါဘူး။

● လျှပ်စစ်ဓါတ်အား အရင်းအမြစ်များ
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက မြန်မာနိုင်ငံလို ရေချို အရင်းအမြစ် အလွန်နည်းပါးတဲ့အတွက် ဈေးသက်သာပြီး၊ အရည်သွေးကောင်းတဲ့ ရေအားလျှပ်စစ် မလုပ်နိုင်ရှာပါဘူး။  ရေအားလျှပ်စစ်က လက်ရှိသုံးနေတဲ့ လျှပ်စစ်ရဲ့ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ရေနံလည်း အနည်းငယ်ပဲ ထွက်ပါတယ်။ သဘာဝဓါတ်ငွေများစွာ ထွက်လာတဲ့အတွက် သဘာဝဓါတ်ငွေအပေါ် မှီခိုပြီး လျှပ်စစ်ထုတ်ရ ပါတယ်။

၂ဝ၁၁ ခုနှစ်မှာ သဘာဝဓါတ်ငွေ့တွင်းပေါင်း ၇၉ခု ကနေ ၂၃ ခုက  တရက်ကို 2000 millions of cu ft (MMCFD) ထုတ်လုပ် နေပါတယ်။ တပ်ဆင်ထားတဲ့ လျှပ်စစ်ဓါတ်အားစက်ရုံများ လိုအပ်ချက်က 2500 MMCFD ဖြစ်ပြီး တိုင်းပြည်ရဲ့ ပျမ်းမျှ GDP တိုးတက်နှုန်း ၇ရာခိုင်နှုန်းအထက်မီဖို့  လျှပ်စစ်ဓါတ်အား ပိုမိုထုတ်လုပ်ဖို့  လိုနေပါတယ်။ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၁၁ ရာခိုင် နှုန်းကို နေအိမ်များကသုံးကြပါတယ်။ အိမ်သုံး၊ ဆိုင်သုံး ချက်ပြုတ်ဖို့အတွက် CNG Compressed Natural Gas , LPG Liquefied Petroleum Gasကို ၁ ရာခိုင်နှုန်းလောက် အသုံးပြုပါတယ်။

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရဲ့ သုံးစွဲနေတဲ့ ရေနံ (လောင်စာဆီ) နဲ့  CNG ဓါတ်ငွေကို ပြည်ပကနေ တင်သွင်းရပါတယ်။ တွက်ချက်မှု များအရ အဲဒီလောင်စာတင်သွင်းမှုကြောင့် နိုင်ငံရဲ့ GDP ကို ၂ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လောင် စာဆီ၊ CNG, LPG များက တိုးပြီးတင်သွင်းနေရပါတယ်။ ကုန်ထုတ်လုပ်ငန်း အများစုက ပြည်ပတင်သွင်းတဲ့ လောက်စာတွေ အသုံးပြုရလို့၊ တွက်သား သိပ်မကိုက်လှပါဘူး။ လက်ရှိ သဘာဝဓါတ်ငွေ့တွင်းများကလည်း ၂ဝ၂ဝ နောက်ပိုင်းဆိုရင် ကုန် ဆုံးတော့မယ်ဖြစ်လို့ ဘင်္ဂလားဒေ့ခ်ျ စွမ်းအင်အခြေအနေက မကောင်းပါဘူး။

ဒါကြောင့် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားရုံများ ဆောက်ဖို့  ကျောက်မီးသွေးတွင်းများကို ပြန်လည်အသုံးပြုဖို့  အစိုးရက လုပ်ဆောင်နေပါတယ်။ ၂ဝဝ၆ ခုနှစ်တုန်းက ကျောက်မီးသွေး လျှပ်စစ်တည်ဆောက်ဖို့  အစိုးရက ကြိုးပမ်းခဲ့ချိန် ပြည်သူလူထု နဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးများ အပြင်းအထန်ဆန္ဒပြခဲ့လို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ၂ဝ၁ဝ မှာပြန်လုပ်ဖို့ကြိုးစားချိန် ပြည်သူလူ ထုက တပတ်ကြာအောင် ခရီးရှည်ချီတက်ဆန္ဒပြလို့ ပြန်ရပ်ဆိုင်းခဲ့ရပါတယ်။  ဒါပေမဲ့ အခုအချိန်မှာတော့ ဘင်္ဂလားပတ်ဝန်း ကျင်အဖွဲ့များကလည်း နိုင်ငံအခြေအနေကို နားလည်သွားလို့ အပြင်းအထန်မကန့်ကွက်တော့ပါ။ 1320 MW ကျောက်မီးသွေး ဓါတ်အားစက်ရုံကို Rampal ဒေသမှာ အိန္ဒိယနိုင်ငံ NTPC ကုမ္ပဏီက တည်ဆောက်နေပါတယ်။
.
● လေ၊ နေရောင်ခြည်း ဓါတ်အားများ
ဘင်္ဂလားဒေ့ခ်ျအစိုးရက စုစုပေါင်းထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက်ကို လေအား၊ နေရောင်ခြည်အား အသုံးပြုဖို့  စီမံထားပါတယ်။ လက်ရှိ ၁၅ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေပြီး၊ လေရဟတ်နဲ့  ၁.၉ မဂ္ဂါဝပ် ထုတ်လုပ်လျှက် ရှိပါတယ်။ National Renewable Energy Policy of 2008 ကို ချမှတ်ထားပါတယ်။

● ဘင်္ဂလားဒေ့ခ်ျ ပြည်ပလျှပ်စစ်ဝယ်ယူခြင်းနဲ့  LNG လျှပ်စစ်

၂ဝ၁၇ မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသုံးစွဲနေတဲ့ လျှပ်စစ် စုစုပေါင်းပမာဏရဲ့  ၂၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံက ဝယ်ယူ အသုံးပြု ရပါတယ်။ ပြည်တွင်းက ရနိုင်သမျှ အရင်းအမြစ်များမှ လျှပ်စစ်ထုတ်လုပ်နေပေမဲ့ မလုံလောက်ပါဘူး။ ၂ဝ၁၇ ခုနှစ်မှာ LNG လျှပ်စစ် ဓါတ်အားစက်ရုံ 750 MW  MITSUI  ဂျပန်နဲ့  ဘင်္ဂလာဒဒေ့ခ်ျ ဖက်စပ်တည်ဆောက်နေပါတယ်။ တချိန်မှာပဲ နောက် ထပ် အကြီးစား LNG လျှပ်စစ်စက်ရုံ 3600 MW ကို Khulna ဒေသမှာ တည်ဆောက်ဖို့  ကြေငြာပါတယ်။ ပြည်ပက တင်ပို့တဲ့ လျှပ်စစ်ကို မှီခိုနေရခြင်းက ကင်းဝေးအောင် ကြိုးစားကြပါတယ်။ ဒါပေမဲ့ LNG ဓါတ်အားစက်ရုံအတွက် လိုအပ်တဲ့ LNG ဓါတ်ငွေ့ရည်ကိုတော့ နိုင်ငံခြားကပဲ ဝယ်ရပါမယ်။ ပြည်တွင်းက ထွက်တဲ့ သဘာဝဓါတ်ငွေတွေနဲ့  တိုင်းပြည် လျှပ်စစ်လိုအပ်မှု မဖြည့်ဆည်းနိုင်တော့ LNG စက်ရုံ တည်ဆောက်ရပါတယ်။ LNG ဓါတ်အားပေး စက်ရုံကို ဂျာမဏီနိုင်ငံ Siemens AG က တည်ဆောက်မယ်ဖြစ်ပြီး၊ တနေ့ကို LNG ဓါတ်ငွေ့ရည် ပမာဏ ..125 million cu ft (MMCF) ပြည်ပက တင်သွင်းဖို့  သဘောတူညီချက်ရယူပြီး ဖြစ်ပါတယ်။ အိန္ဒိယ-ဘင်္ဂလားဒေ့ခ်ျနယ်စပ် ကမ်းလွန်ပင်လယ်မှာ NLG ဓါတ်ငွေ့ရည် သိုလှောင် ကန်များ တည်ဆောက်ဖို့ ရှိပါတယ်။ 

LNG သိုလှောင်ဖိုကအတွက် ဘင်္ဂလားဒေ့ခ်ျ ကုမ္ပဏီနဲ့  မလေးရှား LNG ကုမဏီများ ဖက်စပ်စုပေါင်းပြီး ရေပေါ်မှာပေါ်တဲ့ FSRU (Floating Storage & Fixed Jetty based Degasification Unit) ကို တည်ဆောက်ကြမယ် ဖြစ်ပါတယ်။ မလုပ် နိုင်သေးပါဘူး။ LNG လျှပ်စစ်ကို တရုတ်နိုင်ငံမှာ ဈေးကြီးလို့ မသုံးကြပါဘူး။ ဂျပန်နိုင်ငံမှာ အမြောက်အများ တယူနစ် ၄ဝဝ ကျပ်အထက် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံက တယူနစ် ၄ဝဝ ကျပ်နဲ့ ထုတ်လုပ်ပြီး တယူနစ် ၁၅ဝ နဲ့  အရှုံးခံပြီး ရင်းနှီး မြှုတ်နှံမှုများကို ဆွဲဆောင်မဲ့ သဘောပါ။

ဒါနဲ့လည်းမလုံလောက်သေးလို့ ၂ဝ၁၈ ခုနှစ်မှာ တရုတ်နိုင်ငံက လျှပ်စစ် ၁၅ဝဝ မဂ္ဂါဝပ်ဝယ်ယူဖို့  မြန်မာနိုင်ငံကို ဖြတ်သန်းပြီး မဟာဓါတ်အားလိုင်းသွယ်တန်းဖို့  ဘင်္ဂလားဒေ့ခ်ျ-မြန်မာ-တရုတ် MoU စာချုပ် ၂ဝ၁၈ နှစ်ဆန်းကာလ ချုပ်ဆိုကြပါတယ်။ မြန်မာနိုင်ငံက ဓါတ်အား ဖြတ်သန်းခရမယ်ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့  တည်ဆောက်ရေးတွေကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

● မြန်မာများ ဘင်္ဂလားဒေ့ခ်ျလျှပ်စစ်ကို လေ့လာသုံးသပ်ခြင်း
၁။ ဒါကြောင့် မြန်မာ လျှပ်စစ်အာဏာပိုင်များ ဘင်္ဂလားဒေ့ခ်ျဆီက လေ့လာသင်ယူဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံနဲ့  ဘင်္ဂ လားဒေ့ခ်ျနိုင်ငံ ၂ ခုက အိမ်နီးချင်းလည်းဖြစ်ပြီး၊ လျှပ်စစ် အလွန်လိုအပ်နေကြပါတယ်။ ဘင်္ဂလားဒေ့ခ်ျကတော့ စက်မှုလုပ်ငန်း များ မြန်မာနိုင်ငံထက် အများကြီးဖွံ့ဖြိုးတိုးတက်ပါတယ်။ မိမိလိုအပ်တဲ့လျှပ်စစ်ရရှိဖို့  ပြည်ပက လောင်စာဝယ်ယူ တင်သွင်း ခြင်းက တိုင်းပြည်တိုးတက်မှုကို ဟန့်တားနေတာ သိကြပါတယ်။ ဒါကြောင့် နည်းပညာလည်း ပိုပြီးသာလွန်တဲ့အတွက် ညူ ကလီယာ ဓါတ်အားစက်ရုံ တည်ဆောက်ရပါတယ်။

● လျှပ်စစ် အရင်းအမြစ်များ
၂။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ရေနံမဖြစ်စလောက်ထွက်လို့ တနေ့ကို လောက်စာဆီ 26160 bbl / day တင်သွင်းရပါတယ်။ မြန်မာကတော့ လောင်စာဆီ 15870 bbl / day တင်သွင်းရပါတယ်။ မြန်မာနိုင်ငံက ရေနံစိမ်း 15000 bbl / day ထွက်ပါ သေးတယ်။ သဘာဝဓါတ်ငွေ့ဆိုရင် ဘင်္ဂလားဒေ့ခ်ျက လက်ရှိ တစ်နှစ်ကို 26.8 billion Cu Meter ထွက်ပြီး မြန်မာနိုင်ငံ ကတော့ 17.5 billion Cu Meter ပဲ ထွက်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျက သူတို့ထွက်သမျှ အကုန်လုံး ပြည်တွင်းသုံးလို့တောင် မလောက်ငှပါ။ မြန်မာကတော့ 13.9 billion Cu Meter ကို ပြည်ပ တင်ပို့ရောင်းချပါတယ်။ ဓါတ်ငွေ့မထုတ်လုပ်ခင် က တည်းက ထိုင်း၊ တရုတ်နိုင်ငံများနဲ့  အရောင်းစာချုပ်ချုပ်ပြီး ဖြစ်ပါတယ်။ (2016 CIA Data)

ဒီနေရာမှာ မြန်မာနိုင်ငံက ထွက်သမျှ သဘာဝဓါတ်ငွေ ၉ဝရာခိုင်နှုန်း လောက်ကို တရုတ်၊ ထိုင်းနိုင်ငံများထံ ရောင်းချနေပြီး၊ နောက်ဆုံး ထွက်တဲ့ MPRL A-6 သဘာဝဓါတ်ငွေ့ကိုတောင် အများစုကို ထိုင်းနိုင်ငံကိုပဲ ရောင်းချမဲ့အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတွင်းထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ပြည်ပရောင်းချပြီး LNG ဓါတ်ငွေရည်တင်သွင်း လျှပ်စစ်ထုတ်လုပ်မဲ့ စီမံကိန်းလုပ် ဆောင်ရတာ ဝမ်းနည်းစရာကောင်းပါတယ်။ အခု ဘင်္ဂလားဒေ့ခ်ျက LNG trader တွေနဲ့ LNG  1.5 million mt/year ၁ဝ နှစ်ရောင်းဖို့ ညှိနှိုင်းနေရဆဲပါ။ မြန်မာနိုင်ငံအစိုးရကတော့ ….

၃။ ရေအားလျှပ်စစ်မှာတော့ မြန်မာနိုင်ငံက မကုန်ဆုံးနိုင်တဲ့ ရေချို အရင်းအမြစ် အမြောက်အများ ရှိပါတယ်။ ရေအားလျှပ်စစ် ဌာနမှ သုတေသန၊ လေ့လာချက်များအရ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ မဂါဝပ်ပေါင်း 35000 MW (၃သောင်းခွဲ) ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ 2000 MW လောက်ပဲ စီးပွားဖြစ်အသုံးပြုနေပါတယ်။ ရေအားလျှပ်စစ်ကို စီးပွားဖြစ် အသုံးပြုနိုင်ဖို့ ယခင်က တရုတ်၊ ထိုင်းကုမ္ပဏီများနဲ့ တဖတ်သတ်စာချုပ်များစွာ ချုပ်ဆိုထားပါတယ်။ အဲဒီစာချုပ်များကို ပြန်လည် အသစ် ချုပ်ဆိုပြီး ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အမြန်ဆုံးလုပ်ဆောင်ရပါမယ်။

၎။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက လေ့လာဖို့အကောင်းဆုံးကတော့ အဂတိမတိုက်ဖျက်နိုင်ခြင်း ဖြစ်ပါတယ်။ သူတို့နိုင်ငံက မြန်မာ နိုင်ငံလို တိုင်းရင်းသားလက်နက်ကိုင်များစွာမရှိပေမဲ့၊ အစိုးရအရာရှိကြီးများ၊ ပြည်သူလူထုတတွေရဲ့ COI Conflicts of Interest (တနည်းအားဖြင့် ကိုယ်ကျိုးကြည့်လွန်းခြင်း၊ အဂတိလိုက်စားမှု) ကြောင့် တိုင်းပြည်တိုးတက်သင့်သလောက် မတိုးတက်တာကို တွေ့ရပါမယ်။ ကမ္ဘာ့ဘဏ်က အခု မြန်မာနိုင်ငံမှာလုပ်သလို ကျေးလက်မီးလင်းရေးစီမံကိန်းတွေ လုပ် ဆောင်ရာမှာ အစိုးရဌာနဆိုင်ရာကအစ ကျေးလက်ခေါင်းဆောင်များအထိ အဂတိလိုက်စားမှုမထိန်းနိုင်တဲ့အတွက် ကမ္ဘာ့ ဘဏ် စီမံကိန်းချေးငွေများကို ရပ်ဆိုင်းခဲ့ရပါတယ်။

၅။ မြန်မာနိုင်ငံကတော့ NEP National Electrification Plan နဲ့ ကျေးလက်ဒေသ တနိုင်တပိုင်မီးလင်းဖို့ လုပ်ဆောင်သူများ လေ့လာဖို့ လိုပါတယ်။ တရုတ်နိုင်ငံမှာတော့ အဲဒီလို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်လူထုထဲက ပညာတတ်၊ ကေဒါများကိုပဲလုပ်ကိုင်စေပြီး အစိုးရဌာနဆိုင်ရာများ လာရောက်မချယ်လှယ်တဲ့စနစ်ကို သုံးပါတယ်။ ကိုယ့် ဒေသလူထုကပဲ စုပေါင်းလုပ်ကိုင်တဲ့ဓလေ့ကို ပျိုးထောင်ပေးတော့ အလျှင်အမြန် ကျေးလက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ တရုတ် ပြည်ပါ။ မြန်မာနိုင်ငံကလဲ တရုတ်စတိုင်ကို လုပ်ဆောင်နေပါတယ်။ Mini-grid များအတွက် ဒေသခံများကို ဥပဒေပြဌာန်းပြီး လုပ်ပိုင်ခွင့်ပေးလိုက်ရင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ကျွန်းများလို လျှပ်စစ်ဘွိုင်လာလုပ်ငန်းလေးများစွာ ပေါ်လာပါလိမ့်မယ်။

မြန်မာနိုင်ငံကတော့ ဘင်္ဂလားဒေ့ခ်ျလို စက်မှုလုပ်ငန်းမဖွံ့ဖြိုးတဲ့အတွက် ထုတ်တဲ့လျှပ်စစ်အားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းက အိမ် သုံးပါတယ်။ လူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်ရှိတဲ့ ကျေးလက်ပြည်သူများက ချက်ပြုတ်ဖို့ ထင်းမီးသွေးပဲသုံးကြပါတယ်။ လျှပ်စစ်နဲ့ ဓါတ်ငွေ့ကို မြန်မာမြို့ကြီးများတောင် လောက်ငှအောင် မသုံးနိုင်သေးပါဘူး။ NEP စီမံကိန်းက မဟာဓါတ်အားလိုင်း ၁ဝ နှစ် အတွင်းမရောက်နိုင်တဲ့ ကျေးလက်ဒေသများကို မီနီဂရစ်များတည်ဆောက်ခြင်း၊ တနိုင်တပိုင် ဆိုလာမီးများဖြင့် မီးလင်းခြင်း များလုပ်ဆောင်ဖို့ အဓိကဖြစ်ပါတယ်။

၆။ နောက်ဆုံး လျှပ်စစ်အရင်းအမြစ်ကတော့ အိမ်နီးချင်းနိုင်ငံများက လျှပ်စစ်ဓါတ်အားဝယ်ယူခြင်း ဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ခ်ျနိုင်ငံက အိန္ဒိယကနေ 4000 MW နီးပါး လျှပ်စစ်ဝယ်ယူသုံးစွဲပါတယ်။ တတ်နိုင်ရင် ပြည်တွင်းထုတ်လုပ်နိုင်တာ အ ကောင်းဆုံးဖြစ်ပေမဲ့ မထုတ်လုပ်နိုင်ခင် ကြားကာလမှာ ပြည်ပက လျှပ်စစ်ဝယ်ယူရပါမယ်။ မဟာဓါတ်အားလိုင်းနဲ့  ဓါတ်အား ခွဲစက်ရုံများပဲ တည်ဆောက်ရမယ်ဖြစ်လို့ ဓါတ်အားစက်ရုံထက်စီမံကိန်း Project Management ပိုလွယ်ပါတယ်။ အဂတိ လည်း နည်းပါးပါတယ်။ မြန်မာနိုင်ငံကို အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများက လျှပ်စစ်ရောင်းချလိုပါတယ်။ မြန်မာ နိုင်ငံကတော့ ဝယ်ယူဖို့  အသေချာ စဉ်းစားနေဆဲဖြစ်ပါတယ်။

● နိဂုံး (မြန်မာနိုင်ငံလျှပ်စစ်)
အထက်ပါ သုံးသပ်ချက်များနဲ့  မြန်မာ့နိုင်ငံရေးအခြေအနေအရ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် အလိုအပ် ဆုံးက အဂတိတိုက်ဖျက်ရေးနဲ့  တတ်သိပညာရှင်များ တရုတ်နိုင်ငံလို အစိုးရက ထိုက်သင့်တဲ့ လစာစရိတ်များပေးပြီး လုပ် ငန်းခွင်သင်တန်းများ စနစ်တကျလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နည်းလမ်းကတော့ မြန်မာစတိုင်ပဲဖြစ်မှာပါ။ သို့သော် တရုတ်၊ စင်ကာပူ၊ တောင်ကိုးရီးယားများကို စံနမူနာယူရမှာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ခ်ျရဲ့ အားနည်းချက်များ (ဥပမာ အဂတိလိုက် စားမှုကို မတားဆီးနိုင်ခြင်း၊ ဌာနဆိုင်ရာများမညီညွတ်လို့ စီမံကိန်းနှောင့်နှေး၊ စရိတ်ပိုကုန်ကျခြင်း) တွေကို သခန်းစာယူရ မယ် ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များလှတဲ့ မြန်မာနိုင်ငံမှာ နယ်စပ်ဒေသ လျှပ်စစ်ဖွံ့ဖြိုးဖို့  ငြိမ်းချမ်းရေးအပေါ် လုံးဝ မူတည်နေပါ တယ်။ နယ်စပ်ဒေသ ကောင်းစွာမလုပ်နိုင်သေးခင် ငြိမ်းချမ်းတဲ့ဒေသများမှာ အရှိန်အဟုန် မြှင့်တင်လုပ်ဆောင်ရပါမယ်။ အထူးသဖြင့် တည်ဆောက်မှုများမှာ ဌာနဆိုင်ရာများက ပစ္စည်း၊ လူတင်သွင်းရာမှာ Immigration & Custom ဖြေလျော့မှု များစွာလုပ်ရပါဦးမယ်။ ဒေသခံများကို ရော်ကြေးပေး၊ ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လမ်း၊ အလုပ်ကိုင် စတဲ့ ကူညီပံ့ပိုးမှုများ လုပ်ပေး ရပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ နည်းပညာရယူဖို့  ၅ နှစ်လောက် နိုင်ငံခြားကုမ္ပဏီကြီးများနဲ့  အလုပ်ခွင်၊ သက်မွေးပညာ သင်တန်းများ ဖွင့်လစ်ပေးရမှာ ဖြစ်ပါတယ်။ စာချုပ်ချုပ်တဲ့အခါ နိုင်ငံသားတက္ကနီရှင်၊ အင်ဂျင်နီယာများကို လေ့ကျင့် သင်ကြားမှု အစီအစဉ်ပါရှိအောင် ပြတ်သားတဲ့စာချုပ် (Training Package, value with $$$ အပါအဝင်) ချုပ်ဆိုရပါမယ်။

ဘင်္ဂလားဒေ့ခ်ျ လျှပ်စစ်ကိုလေ့လာရင်၊ ဒီစာရေးသလို တထိုင်ထဲနဲ့ လေ့လာလို့မရပါဘူး။ မြန်မာပညာရှင်အဖွဲ့ လူငယ်၊ လူကြီးများနဲ့ လေ့လာရေးစီမံကိန်းတစ်ခု ရေးဆွဲရပါမယ်။ လူကြီးတွေချည်းပဲ သွားနေလို့မဖြစ်ပါ။ လူငယ်၊ လူလတ် အင်ဂျင် နီယာပညာရှင်များ၊ ငွေစာရင်းပညာရှင်များ၊ စီမံကိန်း Project Management ပညာရှင်များ ပါဝင်ရပါမယ်။ Touch & Go လို ရောက်ပြန် လေ့လာရေးမဟုတ်ပဲ စက်ရုံတခုကို အနည်းဆုံး တပတ်လေ့လာ၊ မေးမြန်းရပါမယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတဝှမ်း တလလောက် အဖွဲ့များခွဲပြီး သွားရောက်လေ့လာ၊ ကြည့်ရှု၊ မေးမြန်း၊ မှတ်တမ်းတင်ခြင်း၊ မြန်မာအဖွဲ့ငယ်များ အပြန်လှန် ဆွေးနွေးခြင်း၊ ဒီလို အဖွဲ့မျိုးတွေ အလျှင်းသင့်သလို ထိုင်း၊ မလေးရှား၊ တောင်ကိုးရီးယား၊ တရုတ်၊ ဂျပန် စသဖြင့် မကြာခဏ လွှတ်ပေးခြင်း၊ အစီရင်ခံစာများ တင်ပြ၊ မှတ်တမ်းတင်ခြင်း၊ မြန်မာစီမံကိန်းများမှာ လက်တွေ့အသုံးချခြင်း စတဲ့ ခေါင်း ဆောင်ပျိုးထောင်ခြင်းများ လုပ်နေကြပြီလို့ မျှော်လင့်ပါတယ်။

ဇော်အောင် (မုံရွာ)
၁၉ ဇွန် ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts