အညာမြေမှာ ဧရာဝတီဖြတ်သန်းစီးဆင်းသွားတယ်

နိုင်ဦးညို (ဖိုးဇီးရိုး)
ဧပြီ ၁၂၊ ၂၀၁၂

မြန်မာအစ
ပုဂံက ဖြစ်ဖြစ်
တကောင်းက ဖြစ်ဖြစ်
ကျောက်ဆည်က ဖြစ်ဖြစ်
ဒါမြန်မာဘဲ ဒါဗမာဘဲ
ဒါအညာဘဲ

ဒီအညာမြေ
အပူပိုင်းဒေသ
မိုးခေါင်လို့
ရေပဲရှားရှား
နေပူ လေပူလို့
အသားပဲမည်းမည်း
ဒါအညာရဲ့သင်္ကေတ
ဒါအညာရဲ့သဘာဝ …။

ဒီအညာမြေမှာ
ပုဂံရှိတယ်
အင်းဝရှိတယ်
ပင်းယရှိတယ်
ရွှေဘိုရှိတယ်
အမရပူရရှိတယ်
ရတနာပုံရှိတယ်
အနော်ရထာရှိတယ်
အလောင်းဘုရားရှိတယ် …။

ဒီအညာမြေမှာ
ကျုပ်တို့ရဲ့ဘိုးဘွားဘီဘင်တွေ မွေးဖွားခဲ့တယ် …။
ကျုပ်တို့ရဲ့အသွေးအသားတွေ စတင်ခဲ့တယ် …။
ကျုပ်တို့ရဲ့ ဘဝရပ်တည်မှုတွေ ရှိခဲ့တယ် ….။

ဒီအညာမြေမှာ
ဧရာဝတီ ဖြတ်သန်းစီးဆင်းခဲ့တယ် …။
ဒီမြစ်ရိုးမှာ အစုန်အဆန်သွားခဲ့တယ် …။
ဒီမြစ်ရေကို သောက်ခဲ့တယ် …။
ဒီမြစ်ရေကို သုံးခဲ့တယ် …။
ဒီမြစ်ကရေနဲ့ ဒီမြေကစပါး
ပေါင်းဖက်လို့ ကျုပ်တို့ရဲ့အသက်တွေ
ရှင်သန်ခဲ့တယ် …။

အညာမှာ မြန်မာ မြန်မာမှာ အညာ
မြန်မာရှိမှ အညာရှိမယ်
အညာရှိမှ ကျုပ်တို့ရှိမယ်
မြန်မာရှိမှ ကျုပ်တို့ရှိမယ်
အညာရဲ့သမိုင်း မရိုင်းရအောင်
မြန်မာရဲ့သမိုင်း မရိုင်းရအောင် ….

ဒီအညာမြေမှာ
ဧရာဝတီ ဖြတ်သန်းစီးဆင်းသွားတယ်
ဧရာဝတီ ဖြတ်သန်းစီးဆင်းသွားတယ် … ။

One thought on “အညာမြေမှာ ဧရာဝတီဖြတ်သန်းစီးဆင်းသွားတယ်

  1. We liked U Pain’s bridge,Taung Tha Man,Innva,Mandalay,Burma on Burma’s long democratic revolution and although we loved our country,were exiled by Junta Regimes.

Comments are closed.