>Nyo Htet (Lan Thit Oo) – Poem

>

ရှစ်လေးလုံး အထိမ်းအမှတ်ကဗျာ
ညိုထက် (လမ်းသစ်ဦး)
သြဂုတ် ၅၊ ၂၀၁၁

ပုံကို ဒီနေရာ ကယူပါတယ်။

ဟော့ဒီကဗျာကို
“ရှစ်လေးလုံး အထိမ်းအမှတ်ကဗျာ” လို့ အမည်ပေးထားတယ်

တကယ်တော့
ကဗျာပါ အကြောင်းအရာတွေက
ရှစ်လေးလုံးနဲ့ သိပ်ဆိုင်လှမယ် မဟုတ်ဘူး။

(ဒါပေမယ့်)
ဒီကဗျာကိုရေးတဲ့
ညိုထက် (လမ်းသစ်ဦး) ဆိုတဲ့ငနဲကတော့
ရှစ်လေးလုံးမှာ ဖြစ်တည်လာတဲ့ သတ္တ၀ါတကောင်ဖြစ်နေပြန်တယ်။

ကိုင်း …
စလိုက်ကြရအောင်။

စံတော်ဝင်ဖြစ်တည်မှုဝါဒီတွေ တွေးသလိုမျိုး
၁ – ငါ ဘာမှားခဲ့သလဲ
၂ – ငါ ဘာ့ကြောင့် ဒီခေတ်ကြီးထဲ လူဖြစ်ခဲ့ရတာလည်း
၃ – ဒီဘာသာစကားပြောသူတွေကြား

ငါနေချင်၏/ မနေချင်၏
စုံစမ်းမေးမြန်းမှုမရှိ
ငါ့ကို အတင်းတွန်းပို့လွှတ်ခဲ့တဲ့ နတ်ဘုရားတွေကို
ငါအလွန်မုန်းတီးမိ၏။

“တာရာလင်းယုန်”ကရေးတယ်
တရုတ်စကားပုံဆိုလားပဲ
“သူရဲကောင်းဆိုတာ တွန်းပို့ခံရတာ” ဆိုပဲ။

ဟုတ်ပါလိမ့်မယ်
ဘ၀က အရင်စတယ်လို့ ယုံကြည်ခဲ့ပေမယ့်
ဟေ့လူ “ယန်းပေါ့ဆက်” ခင်ဗျားပြောသလိုပဲ
ဖြစ်တည်မှုက ဘ၀ထက် အရင်စခဲ့တာပါ။

“တာရာလင်းယုန်” ရေ …
ဟုတ်ပါ့ဗျာ
တွန်းပို့ခံနေရတာဗျ
ဖြစ်တည်မှုတွေရှိရာကို
ကျနော်တို့ ဘ၀တွေ တွန်းပို့ခံနေရတာ။

အဲဒီလိုနဲ့
“ငါဘာလို့ ဒီလောက်အရေးပါသွားရတာလည်း” ဆိုတာဆီကို

အဲဒီ “အရေးပါရလေခြင်း” ဖြစ်တည်မှုဆီကို
“ကမ္ဘာကျော်ဇာတ်လိုက်” ဆိုတဲ့ ကိစ္စကြီးဆီကို
အရက်သောက်လိုက်
ကဗျာရေးလိုက်
သူပုန်ထလိုက်
နေထိုင်လာခဲ့တဲ့ ငါ့ဘ၀ဟာ တွန်းပို့ခံခဲ့ရတယ်။
စွဲချက်တင်ကြတယ်

“ငါဟာ
အစွဲအလန်းကြီးသူ” ဆိုပဲ။
တကယ်တော့ (ငါဟာ …)
အချစ်ကြီးသူပါ
ဒါပေမယ့် …
ဒါပေမယ့် …
… … … … … … …

အဲဒီအချစ်ကြီးသူဟာ
တကယ့် တကယ်ချစ်ရပြန်တော့လည်း
တ၀တ်တပျက်တွေပဲ
ချစ် … ချစ်နေရပြန်တယ်။

“တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား အလေးပြု”
ကွယ် … ထားလိုက်ပါတော့
တို့ဖြစ်တည်မှုတွေ မတူကြတော့ဘူး။
မောင်ချောနွယ်အတုရေ … ဆရာချော
ဘ၀အတုတွေနဲ့ နေခဲ့ရဖူးသလား
“ကဗျာဆရာဆိုတာ
ကိုယ့်နှလုံးသားကိုယ် မီးပုံရှို့ပြီး
လှုံရဲသူတွေပါ အမေ” တဲ့လား ဆရာချော

ဒီမှာဗျာ ဖြစ်ပုံက
ကျနော့်ကဗျာတွေက ကျနော့်ဘ၀ကို ပြဌာန်းပေးနေသတဲ့
ကျနော့်ကဗျာတွေက ကျနော့်အတွက် ဇာတ်ညွန်းတွေတဲ့
ကျနော့်ကဗျာတွေက ကျနော့်ဖြစ်တည်မှုတွေတဲ့
ဘ၀တဲ့။

သိဒ္ဒထ္ထလှိုင်
တကယ်ပဲခင်ဗျား
တဘ၀ထဲနဲ့
၅၅၀ ဇာတ်တော်ထဲနေခဲ့ရတယ်ဆိုတာ ဟုတ်ရဲ့လား
ကျုပ်ဘ၀ကတော့ဗျာ
အဖန်ဖန်သေရ
အကြိမ်ကြိမ်ပြန်ထ
တကယ့်ကို “ဘ၀အသင်္ချေ”ပါပဲဗျာ။

ပြောရဦးမယ်
ခင်ဗျားရဲ့ “သားပြန်လာပြီအမေ”ကဗျာဟာ
ခင်ဗျားလည်းသိမှာပါ

ကျနော့်ဘ၀အတွက် ဇာတ်ညွှန်းဖြစ်ခဲ့ရတယ်ဆိုတာ။
ဖြစ်နေတာတွေအပေါ်
ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်ချင်ရဲ့

အဲဒါ
ငါ့ရဲ့ ငိုကြွေးခြင်းပါပဲ။
ဟေ့လူတွေ …
ဇေယျလင်း၊ မင်းခိုက်စိုးစံ
ခင်ဗျားတို့ပြော ပြောနေကြတာ ဘာတဲ့
“ဘာသာစကားတွေက
ကဗျာရဲ့ ရင်ခုန်သံကို အကန့်အသက်ဖြစ်စေသတဲ့” ဟုတ်စ။

ဒီမှာဗျာ
ဘ၀တခုလုံး
ကဗျာအလုပ်ခံထားရတာ
ခင်ဗျားတို့ပြောပြောနေတဲ့
ဘာသာစကားမဲ့ ကဗျာ
(အဲဒီဘာသာစကားမဲ့ကဗျာကို လက်မခံခဲ့ပေမယ့်)
အဲဒါဟာ ကျုပ်ဘဝ
ကျုပ်ဘ၀ဟာ ကဗျာ
ကဗျာဟာ ကျုပ်ဘဝ

(ထင်ပါတယ်)
ခင်ဗျားတို့ ကျုပ်ကို အားကျနေရောမယ်
ကဗျာဆိုတာ
(ကျုပ်အတွက်တော့) ဘာသာစကားကိုကျော်ခဲ့ပြီ
ဝတ်ဝတ်ကွဲအောင်ကျော်ခဲ့ပြီ
လွမ်းကြပါတော့ ကိုယ့်လူတို့ရေ …။

ဟေ့လူ ကိုထိန်လင်း
ခင်ဗျားက ပါဖောမန့်အတ်တွေ လုပ်ဦးမယ် ဟုတ်စ
ဆုံချင်သေးသဗျာ
ခင်ဗျားက ပါဖောမန့် လုပ်နေတဲ့အခိုက်မှာ
ဘ၀တခုလုံး ကဗျာမှုပြုခဲ့ရသူ ကျုပ်က

ဟော့ဒီကဗျာကို
အော်ကြီးဟစ်ကျယ် ရွတ်ဆိုလိုက်ချင်သေးတယ်။
ဘ၀ကိုယ်၌က
ပါဖောမန့်အတ်ဖြစ်နေတဲ့ ကဗျာဆရာကျုပ်နဲ့
ပါဖောမန့်အတ် ခင်းကျင်းပြသမယ့်
ပန်းချီဆရာခင်ဗျား
ဆုံလိုက်ကြရင်တော့
ရင်ခုန်စရာ အကောင်းသား။
မှတ်မိသေးတယ်
ကိုထက်မိုးရယ်
တင်ကိုဦးရယ်
ကိုဝင်းချိုရယ်
ကျုပ်ရယ် …။

ကိုထက်မိုးက သူ့ဈာပနကို ခင်းကျင်းပြသထားတယ်
တင်ကိုဦးက သူ့ပန်းချီကားတွေကို ခင်းကျင်းပြသထားတယ်
ကိုဝင်းချိုက ပန်းချီပြပွဲကို သူ့ဂီတနဲ့ အားဖြည့်တယ်။

ကျုပ်လား
ကျုပ်က
ကိုထက်မိုးအလောင်းကိုထားခဲ့ပြီး သူတို့နဲ့လိုက်သွားတယ်
ပြီးတော့ တောင်းဆိုတယ် …

“ကဗျာရွတ်ချင်တယ်”
“အိုကေ”
ကိုထက်မိုးအတွက်ရေးထားတဲ့ “ပုန်ကန်သူဈာပန” ကဗျာကို
“အသုဘချခါနီး
မြေအိုးကြီးကို ရိုက်ခွဲချလိုက်သလိုမျိုး”
အကွဲကွဲ အပြဲပြဲ ရွက်ဆိုတယ်
ကိုဝင်းချိုက နစ်မြောစွာတီးခတ်တယ်
တင်ကိုဦးက ငေးနေတယ်။
ကျုပ်အာသီသတွေက
တခါတခါ ထူးဆန်းတယ်
“လေဘာတီရုပ်ထု”ကို အလေးနီပြုခဲ့တယ်
“ရွှေတီဂုံ” ဘုရားကို အလေးနီပြုချင်တယ်

(ဒါပေမယ့်)
ဟောင်ကောင်မှာ တရုတ်နီအလံကိုတွေ့ပေမယ့်
အလေးနီ မပြုခဲ့ပြန်ဘူး။
ဟိုပြော … ဒီပြောတွေကို သတိရသွားတယ်
ဒဂုန်တာရာဟာ ဖြစ်တည်မှုဝါဒီဆိုပဲ
(သူများပြောတာပါ
ကျုပ်တော့လည်း သိပ်မသိပါဘူး)
ချေဂွေဘားရားဟာ ဖြစ်တည်မှုဝါဒီ ဆိုပဲ
(သူများပြောတာပါ
ကျုပ်တော့လည်း သိပ်မသိပါဘူး)
ဟိုဟာ … ဒီဟာတွေကို သတိရသွားပြန်တယ်
အဲဘတ်ကမြူးက ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီးမှ
ဖြစ်တည်မှုဝါဒီတွေနဲ့ ပေါင်းမိတာဆိုပဲ
(သူများပြောတာပါ
ကျုပ်တော့လည်း သိပ်မသိပါဘူး)
ယန်းပေါ့ဆန်က ဖြစ်တည်မှုဝါဒီဖြစ်ပေမယ့်
ဆိုဗီယက်ရဲ့ အထူးဧည့်သည် ဖြစ်ခဲ့တယ်ဆိုပဲ
(သူများပြောတာပါ
ကျုပ်တော့လည်း သိပ်မသိပါဘူး)

ထားပါတော့။
ကျုပ်ဘ၀ကို ကျုပ်
စိတ်နာနေရတာတွေကများတယ်
အဲဒါကိုပဲ ကျုပ်ပြောချင်တာ။
ကဗျာတဲ့ …

တဘဝ
ကြုံခဲ့ရသမျှ အဖြစ်အပျက်တွေထဲကမှ
နှလုံးသားအပေါ် ရိုက်ချက်အပြင်းဆုံးဖြစ်ရပ်ကို
စကားလုံးတွေနဲ့ အဓိပ္ပါယ်ဖွင့်ပြီး
ကဗျာလုပ်ခဲ့တယ်။
(ဖြစ်ပုံက …)
အဲဒီလို ရေးခဲ့တဲ့ကဗျာတွေကိုပဲ
ကျုပ်အတွက် ဘ၀ဖြစ်စေသတဲ့
ဇာတ်ညွှန်းဖြစ်စေသတဲ့။

ဘာလည်းဟဲ့ ငါ့ဘဝ
အဲဒီအတုတွေကို ထမ်းပိုးနေရတဲ့ ငါ့ဘဝ
လူတကာက
(သူတို့ရဲ့ မဖြစ်ညစ်ကျယ်အသိလေးနဲ့)
ဆရာလုပ်ချင်နေကြတဲ့ငါ့ဘဝ
(တကယ်တော့လည်း အဲဒီလူတွေအကုန်လုံး
ဆရာဖြစ်သင်တန်း မအောင်ခဲ့ကြပါဘူး)
တွန်းပို့ခံနေရတဲ့ ငါ့ဘဝ
တဘ၀လုံး ဓာတ်ရှင်ဖြစ်နေရတဲ့ ငါ့ဘ၀။

တခါက ရေးခဲ့တာလေးကို သတိရမိတယ်။
နံ၊ ထိ၊ ကြား၊ သိ ခဲ့ရသမျှ
ကိစ္စ အ၀၀ကို
အသင့်လျှော်ဆုံး တုန့်ပြန်လိုက်တာလေ
မှတ်ကရော
“ထွီ”
…. ….. …..