>New Mayers Appointed by USDP Government

>

ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန် ပြောင်းလဲခြင်းကို တရားဝင်ထုတ်ပြန်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၈၊ ၂၀၁၁
 ယမန်နေ့ ဧပြီ ၆ရက် နေ့စွဲဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်များ ခန့်အပ်သည့် အမိန့်ကြေညာစာကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ရာထူးတွင် ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးအောင်သိန်းလင်း (ဗိုလ်မှူးချုပ်ဟောင်း ) အစား ယခင်က ဂျပန်နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဦးလှမြင့်ကို ပြောင်းလဲ ခန့်အပ်လိုက်ပြီး မန္တလေးမြို့တော်ဝန်ရာထူးကိုမူ ယခုလက်ရှိ တာဝန်ယူထားသူ ဦးဖုန်းဇော်ဟန် (ဗိုလ်မှူးချုပ်ဟောင်း) အားဆက်လက်ခန့်အပ်ခဲ့သည် ကိုတွေ့ရသည်။
ယခင်က မြို့တော်ဝန် အဆင့်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးနှင့် အဆင့်ချင်း တူညီစွာ သတ်မှတ်ထားခဲ့ပြီး မည်သည့် ၀န်ကြီးဋ္ဌာန လက်အောက်တွင်မှ မရှိပဲ နအဖ စစ်အစိုးရ ခေါင်းဆောင် ထံသို့သာတိုက်ရိုက် အစီရင်ခံခဲ့ရသည်။ ယခုအခါ မြို့တော်ဝန် ရာထူးသည် တိုင်း ဒေသကြီးလွှတ်တော်ရှိ တိုင်းဒေသကြီး ၀န်ကြီးချုပ် လက်အောက်တွင် ရှိပြီး တနည်းအားဖြင့် တိုင်းဒေသကြီး လွှတ်တော်တွင် စည်ပင်သာယာရေး ၀န်ကြီးဌာန ၀န်ကြီးဟုလည်း ခေါ်ဆို သုံးနှုန်းထားသည်ကို ယခုတပတ်ထုတ် သတင်းစာဖေါ်ပြချက် အရ သိရသည်။
ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းမှာ နအဖ စစ်အစိုးရလက်ထက်က ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် အတူ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ တစ်ဦးဖြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အရေးအခင်းအား ဖြိုခွဲရာတွင် ကြံ့ဖွံ့အဖွဲ့က စည်းရုံးထားသည့် စွမ်းအားရှင်များကလည်း ပါးကွက်သားများအဖြစ် ပါဝင်ခဲ့သည်။ အဆိုပါ ကာလက ဆန္ဒပြသူများအား ဖမ်းဆီးပြီး စည်ပင်သာယာရေး ကော်မီတီပိုင် အင်းစိန် ဂျီတီအိုင်တွင် ထားရှိခဲ့သည်။
ဦးအောင်သိန်းလင်းမှာ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲကာလတုန်းက တောင်ဥက္ကလာမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အတိုက်အခံ လူငယ် ကိုယ်စားလှယ်လောင်းများနှင့် အတိုက်အခံ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ ထိုသို့အနိုင်ရရှိရန် မဲသမာမှုများ ရှိခဲ့သည်ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။
မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်မှာလည်း လာဘ်စားမှုဖြင့် မန္တလေးမြို့တွင် နာမည်ကြီးသူဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ယခုအချိန်ထိ မန္တလေးမြို့တော်ဝန်အဖြစ် တောက်လျှောက်တာဝန်ယူ ခဲ့သူဖြစ်သည်။
ယခု အသစ်တက်လာသည့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၃ ဆင်းဖြစ်ပြီး စစ်တပ်တွင် ဗိုလ်မှူးချုပ် အဆင့်ထိ တာဝန်ယူခဲ့သည်။ ၂၀၀၂-၀၅ ခုနှစ်တွင် ဘရာဇီးလ်နှင့် အာဂျင်တီးနားအတွက် ပူးတွဲတာဝန်ယူကာ ၂၀၀၅ မှ ၁၀ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်  တာဝန်ယူခဲ့သူဖြစ်သည်ဟု သိရှိရသည်။
ယခု အစိုးရသစ် မတက်မီအထိ မြန်မာနိုင်ငံတွင် မြို့တော်ဝန် သုံးဦးခန့်အပ်ထားရှိခဲ့ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ ဖြစ်သော်လည်း ယခုအစိုးရသစ်လက်ထက်တွင် နေပြည်တော်ကို မြို့တော်ဝန်ရာထူး မခန့်အပ်တော့ပဲ နေပြည်တော်ကောင်စီ အဖြစ်ဖွဲ့စည်းကာ ကောင်စီဥက္ကဌအဖြစ် ဦးသိန်းညွန့် (ယခင် ဗိုလ်မှူးကြီး) ကိုလွန်ခဲ့သည့် ၃၀ ရက်နေ့က သမ္မတက အမိန့်ကြေညာစာဖြင့် ခန့်အပ်ခဲ့သည်။