>
အာရီဇိုးနား ဓမ္မရသကျောင်း ယဉ်ကျေးလိမ္မာနဲ့ မြန်မာစာသင်တန်း ဆင်း
မိုးမခမမိတ်ဆွေတဦး (အာရီဇိုးနား)
ဧပြီ ၂၊ ၂၀၁၁
၂ဝ၁ဝ ခု ဇူလိုင်လ ( ၁၈ ) ရက်နေ့ က ဓမ္မရသကျောင်းနေရာသစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ဒုတိယ အကြိမ်မြောက် ဗုဒ္ဓယဉ်ကျေးမှုနှင့် အခြေခံ မြန်မာစာ အရေး၊ အဖတ် သင်တန်းကို ၂ဝ၁၁ ခု မတ်လ( ၆ ) ရက်နေ့တွင် စာမေးပွဲကျင်းပပြီး၊ သင်တန်းဆင်းပွဲနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ၂ဝ၁၁ ခု၊ မတ်လ ( ၂ဝ ) ရက်နေ့ က ပရိသတ်( သင်တန်းဆင်း ကျောင်းသား၊ကျောင်းသူ များ၊ မိဘများ၊ ဓမ္မမိတ်ဆွေများ ) တရာခန့် တက်ရောက်၍ အောင်မြင်စွာကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၁ နာရီတွင် စတင်ပြီး၊ ဓမ္မရသကျောင်း ဆရာတော် အရှင်ဝိမလ (ဒီပဲယင်း) က အဖွင့်စကားမိန့်ကြားခြင်း၊ ဆရာ တပည့်အပြစ်များပြုမိပါက တောင်းပန်ခြင်း နှင့် တပည့်များ၏ မူလလက်ဦးဆရာ ဖြစ်သောမိဘများ၏ ကဏ္ဍ အရေးကြီးပုံကို အသိပေး သတိပေးနှင့်သြဝါဒများပေးပါသည်။
ကျောင်းသား/သူ ( မိခင် ) ။ ။ ကလေးများ ဘုန်းတော်ကြီးသင် ယခု သင်တန်းကျောင်းကိုတက်ခြင်းဖြင့်၊ ဘာသာတရား၊ ဘုန်းကြီးကျောင်းနှင့် ဘုန်းတော်ကြီးများကို မစိမ်းတော့ပါ။ ကျေးဇူးကြီးလှပါတယ်။
ကျောင်းသား/သူ ( ဖခင် ) ။ ။ ယခုသင်တန်းမှာ အပြင်ပန်းအမြင်အရ သေးပေမဲ့ အနှစ်သာရပိုင်း အရတော့ ကြီးမားလှပါတယ်။ စာပေ ယဉ်ကျေးမှုနှင့် ဘာသာတရားကို သိခြင်းဖြင့် မိမိတို့လူမျိုးကို ချစ်တတ်သည့် စိတ်များ မွေးဖွား လာနိုင်ပါတယ်။
ထို့နောက် ကျောင်းသားမိဘများထဲမှ မိခင်တဦးနှင့် ဖခင်တဦးတို့က ကျေးဇူးတင် စကားများပြောကြား ကြပါသည်။ ထို့နောက် ဓမ္မရသကျောင်း ဆရာတော်က သင်တန်းနည်းပြ လုပ်အားပေးဆရာမ (၃)ဦး အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုကြေးများအား လည်ကောင်း၊ သင်တန်းဆင်းပွဲသို့ တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူ ( ၄၂ ) ဦးအား ဆုကြေးငွေနှင့် သင်တန်းဆင်း လက်မှတ်များအားလည်းကောင်းပေးအပ်ပါသည်။ (မှတ်ချက်။ ။ ကြို/ပို့ မရှိပါသဖြင့် အလယ်တန်းကျောင်းသူတဦး သင်တန်းဆင်းပွဲသို့ မတက်ရောက်နိုင်ပါ။)
နေ့လည် (၁) နာရီတွင် ကြွရောက်လာသည့် ဧည့်ပရိတ်သတ် အပေါင်းက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု(ဗုဒ္ဓသာသနာ အဓွန့်ရှည်ပါစေ) သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်ပြီးနောက်၊ အလှူရှင်များက ကြွရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းအား မုန့််ဟင်းခါး၊ ခေါက်ဆွဲကြော်/ သုပ်၊ အကြော်စုံ၊ စသည့် တနိုင်တပိုင် မြန်မာ့စားမြိန်ဖွယ်များနှင့် နိုင်ငံတကာ မုန့် မျိုးစုံတို့ဖြင့် ကြွေးမွေးဧည့်ခံပါသည်။
ဒုတိယ အကြိမ် သင်တန်းကို သင်တန်းသား/သူ ( ၅ဝ ) ဦးဖြင့် စတင်ခဲ့ပြီး၊ မူလတန်း ( အခြေခံ မြန်မာစာ အရေး၊ အဖတ်တန်း) က ( ၂၁ ) ဦး၊ သူငယ်တန်း ( သင်ပုန်းကြီးတန်း ) က ( ၁၅ ) ဦး၊ အကြီးတန်း ( မြန်မာစာ အရေးအဖတ်တတ်သူများ အတန်း ) က ( ၇ ) ဦး၊ စုစုပေါင်း ( ၄၃ ) ဦး သင်တန်းပြီးသည်အထိ တက်ရောက်ခဲ့ပါသည်။
သင်တန်း ( ၇ ) လ ကာလအတွင်း၊ ကျောင်းသား/သူများ ၏ မိဘများ နှင့် စေတနာရှင် များ က ကလေးများ အတွက် အစားအသောက်များ အပါတ်စဉ်လှူဒါန်းခြင်း၊ ကျောင်းအတွက်လိုအပ် သောပစ္စည်းများ မိမိတို့ တတ်အားသ၍ ရံဖန်ရံခါ လှူဒါန်းခြင်းများပြုခဲ့ကြပါသည်။
သင်တန်းဆင်းပွဲ အတွက်လည်း အလှူငွေ ၁၆၅၇ ( ဒေါ်လာ )လှူဒါန်းကြပြီး၊ ၎င်း အလှူငွေများထဲ မှ အတန်းလိုက် ပ၊ ဒု၊ တ ရရှိသော ကျောင်းသား/သူ များတွက် ဆုကြေးငွေများ၊ လုပ်အားပေး ဆရာမ သုံးဦးအတွက် ဂုဏ်ပြုဆုကြေးငွေနှင့် အထွေထွေဂုဏ်ပြုလက်ဆောင်များ၊ စသည်တို့အတွက် ၁၂၃ဝ ဒေါ်လာနှင့် ၈၂ဆင့် ကို သုံးစွဲခဲ့ပါသည်။ လက်ကျန်ငွေ ၄၂၆ ဒေါ်လာ နှင့် ၁၈ ဆင့် ကို နောင်ဖွင့်မည့် သင်တန်းတွင် လိုအပ်သော နေရာများတွင် သုံးစွဲရန် ရည်ရွယ်ထားပါသည်။
ဆုကြေးရရှိသော ကျောင်သား/သူ တချို့က မိမိတို့ရရှိသော ဆုကြေးငွေများကို မိမိတို့တက်ရောက်ခဲ့သော ဓမ္မရသကျောင်းသို့ ပြန်လည်လှူဒါန်းသွားကြပါသည်။
ကျောင်းဆင်းပွဲတွင် လုပ်အားပေးနေကြသော ပြည်သူ့ဂုဏ်ရည်(အရီဇိုးနား) လုပ်အားပေးများထံသို့လည်း ကျောင်းဆင်းပွဲလာ ပရိတ်သတ်များက ၂ဝ၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)၌ ကျင်းပမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ဒုတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲအတွက် အလှူငွေ ၂ဝ၂ ဒေါ်လာကို ပေးအပ်လှူဒါန်းသွားကြပါသည်။
ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများက ကျောင်းကို ဆက်လက်ဖွင့်ထားပါရန် ဓမ္မရသကျောင်း ဆရာတော်ထံ လျောက်ထားရာ၊ ဆရာတော်မှဖြေကြားသည်မှာ – အခြေမကျသေးသော ဓမ္မရသကျောင်းတွက် လိုအပ်သည်များကို လုပ်ဆောင်ရန်၊ ရာသီဥတု ပူပြင်းသော အရီဇိုးနား နွေရာသီတွက် ပြင်ဆင်ရန်၊ နောက်တကြိမ်သင်တန်းတွက်ပြင်ဆင်ရန် နှင့် ဝတ်အသင်းများ ဖွဲ့စည်းရန် စသော အကြောင်းများကြောင့် သင်တန်းကျောင်းကို ခေတ္တနားနေခြင်းမျှသာဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ရပြီးသောစာများ မပျောက်ပြက်စေရန် အမြန်ဆုံးပြန်လည်ဖွင့်နိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။
အညွှန်း –
ဓမ္မရသ ဘလော့ ။ ။ http://dhammayathavihara.blogspot.com/
ပြည်သူ့ဂုဏ်ရည် ။ ။ http://2011.citizenofburma.org/







