>Maung Lu Yay – Blessing in Burma 24

>

မင်္ဂလာနှင့် နိုင်ငံရေး ၂၄

မောင်လူရေး
မတ် ၁၀၊ ၂၀၁၁

သမဏာနဉ္စ ဒဿနမင်္ဂလာ = လင်္ကာဆရာက သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏတွေ့ဆုံလေ ဟူ၏။
သူမြတ်ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ပတ်ဝန်းကျင်ကို ငြိမ်းအေး ငြိမ်သက်စေသူတည်း။
ငြိမ်းအေးငြိမ်သက်စေသူဟူသည် စည်းကမ်းရှိသူ၊ ကတိသစ္စာတည်သူ၊ ကောင်းရာကောင်းကြောင်းများ တိုးပွား စေတတ်သူ၊ အလိုရမ္မက်မရှိသူ၊ ကြီးကြီးငယ်ငယ် အသွယ်သွယ်သော မကောင်းမှုအကုသိုလ်တို့ကို အကြွင်းမဲ့ နှိမ်နင်း ထိန်းချုပ်ထားသူကိုဆိုသည်။
နိုင်ငံကိုဦးဆောင်ဦးရွက်ပြုနေကြသူများက နိုင်ငံပိုင်ပစ္စည်းကိုလိုချင်တပ်မက်၍ဖြစ်စေ၊ အယူအဆမတူသူ များကို ချေမှုန်းလို၍ဖြစ်စေ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများ ပျက်ပြားပြီး ပြည်တွင်းတည်ငြိမ် အေးချမ်းမှုမရှိပါက  ထိုအခြေအနေများကို ဖယ်ရှားရမည့်အစား ဒို့အုပ်ချုပ်တုန်း ဒို့စံမည်၊ ဒို့လုပ်တုန်း ဒို့မှန်သည်၊ အေးငြိမ်းမှုမရှိခြင်းသည်ပင် ဒို့သြဇာကို အကြီးမြန်စေသည်ဟု မှားယွင်းသောအယူအဆကို ကိုင်စွဲထားပါက မည်ကဲ့သို့ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအခြေအနေများ ဖြစ်ထွန်းလာနိုင်ပါမည်နည်း။
မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ သူမြတ်ပုဂ္ဂိုလ်သည် မကောင်းမှုကို အနိုင်ယူထားပြီးဖြစ်ရာ သူ့တွင်ရှိသမျှ အတွင်းအပြင် အသွင်သဏ္ဍာန်အားလုံး တည်ငြိမ်အေးချမ်းနေပေသည်။
နိုင်ငံ့ဦးသျှောင်များသည် သူမြတ်များနှင့် မကြာခဏတွေ့ဆုံခြင်းဖြင့် သူတို့၏ တည်ငြိမ်ရိုးရှင်းမှုမှတဆင့် ကိုယ်ကိုယ်တိုင်နှင့် နိုင်ငံအတွက် ငြိမ်းအေးစေမည့် သင့်မြတ်သောအယူအဆများ ကြားနာဆည်းပူး နိုင်လိမ့်မည်။
တဖြည်းဖြည်းနှင့် အထုံးအဖွဲ့များ ဖြိုချဖျက်ဆီးနိုင်ပြီး အငြိမ်းအအေးများ တစ်ဦးမှတစ်ဦး တစ်ဖွဲ့မှတစ်ဖွဲ့ တစ်နယ်မှ တစ်တိုင်း တပြည်လုံးသို့ ပြန့်ပွားလာတော့မည်။
ဤမင်္ဂလာသည် သူမြတ်တို့၏ ငြိမ်းအေးတည်ကြည်ခြင်းကို ဓာတ်ကူး၍ အမူအကျင့်ဆိုးများကို အကောင်းသို့ ပြောင်းယူရန် ရည်ညွန်းပါသည်။

ကာလေန ဓမ္မသာကစ္ဆာမင်္ဂလာ = အချိန်အခါအားလျော်စွာ ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်တာ မင်္ဂလာ။
စုနဲ့ သူ့အဖွဲ့ မနေသာအောင် တဖက်သတ်ဥပဒေလွှာတွေ အမျိုးမျိုး၊ တဖက်သတ်နိုင်ငံရေးအယူအဆတွေ အဖုံဖုံနှင့် ဖွဲ့စည်းပုံကြီး အတည်ပြုပေးလိုက်ရသည့် ၂၀၁၀ရွေးကောက်ပွဲကြီး ကျီးနှင့်ဖုတ်ဖုတ် သုတ်ခြေတင် ပြီးဆုံးသွားလေပြီ။
ယခုအခြေကား ဥပဒေကြမ်းဆိုသဟာကြီးတွေသွင်းဖို့ ခေါင်းပေါင်းစတရမ်းရမ်း တောင်ရှည် တရွှမ်းရွှမ်းဖြင့် အဟမ်း အဟမ်းနှင့် အရမ်းအရမ်းဟန်ပါပါ အရပ်ရပ်က မမတ်တမတ်တို့ လွတ်တော်သို့ ကြွချီပါရမည့် မဟာအချိန်အခါ ကြီးပေတည်း။
၎င်းတို့သည် မိုးပေါ်ကကျလာသော စာချွန်လွှာအရပ်ရပ်ကို မျှတဖတ်ပြီး ဥပဒေပြုသယောင် ဆောင်ကြမည် ဖြစ်သော်လည်း တရားဥပဒေပြုရေး ဆွေးနွေးရမည့်သူများမှာ ရှိရမည့် ဂုဏ်အရည်အသွေးတို့ကိုမူ ဘုရားဟော အတိုင်း ထုတ်ပြရပေအုံးမည်။
ဆွေးနွေးသူသည် မေးခွန်းဖြေဆိုပုံ နည်းလမ်းလေးမျိုး၌ ကျွုမ်းကျင်သင့်သည်။
တိုက်ရိုက်ဖြေဆိုရမည့် မေးခွန်းများ။
ရှင်းပြ၍ အသေးစိတ်ဖြေဆိုရမည့်မေးခွန်းများ။
(မဖြေရဲက မတတ်နိုင်၊ တချို့အမတ်များဝန်များ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတာ မျိုးရှိသည်၊ ဒီလိုလူများကတော့ ဒီအစွမ်းရှိမည်မထင်ချေ)
တုံ့ပြန်မေးမြန်းရမည့်မေးခွန်းများ။
(မေးရဲသူမရှိလောက်ဟု အများက ယူဆကြသည်၊ အကြောင်းမှာ မဲထည့်မလားဟု ပြည်သူကို မမေးရဲဘဲ မဲကဲ့သည့်နည်းသုံးရင်း အမတ် ဖြစ်သွားသောကြောင့်ဟု ဆိုသည်)
မဖြေဆိုဘဲ ပယ်ချသင့်သောမေးခွန်းများ။
(ပါသွားသည့် အတိုက်အခံ တစ်ယောက်နှစ်ယောက် ကောင်းကောင်းကြုံရနိုင်သော အခြေအနေတည်း)
ဆွေးနွေးသူသည် ဆွေးနွေးရမည့် အကြောင်းအရာအပေါ် တိကျသော အမြင်ရှိသင့်သည်။ (ဤလွတ်တော်ထဲတွင်တော့ ဤအချက်မှာ အတိအကျ ချွတ်ချော်ပါလိမ့်မည်၊ အကြောင်းမှာ ဘောင်းဘီ အကျွတ်မှာ နေရာ မလွတ်ချင်သူတွေ၊ ဒီအဖွဲ့ထဲဝင်မှ ဒီလိုနေရမှာဆိုသည့်လူတွေ၊ အမတ်လုပ်ဖို့ စီရင်ချက် အချခံရသူတွေနှင့် နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကိုလုပ်ရတာဆိုသည့် သြဝါဒနှင့်အညီ ငါ့မှာ ဒီဖြစ်နိုင်ခြေလေးပဲ ရှိတယ်ဆိုသူတွေသာ ရှိသည့် “လွတ်ချော်ကြီး” ဖြစ်သောကြောင့်တည်း)
ဆွေးနွေးသူသည် ဆွေးနွေးပွဲစည်းမျဉ်းစည်းကမ်းများကို သတိပြုလိုက်နာသင့်သည်။ (ဒီအချက် ကတော့ အားလုံးပြည့်မှီနိုင်သည်၊ အကြောင်းမှာ လက်ညှိုးထောင် ခေါင်းညိမ့်ကြမည်ဖြစ်သောကြောင့်တည်း)
ဆွေးနွေးသူသည် အခြားမေးခွန်းတစ်ခုကို ကြားဖောက်မေးမြန်းခြင်းဖြင့် ဆွေးနွေးမည့်အကြောင်းအရာကို မပြောင်းသင့်ပေ။
ဆွေးနွေးသူသည် ပဓာနအချက်ကို ရှောင်လွှဲဝေ့ဝိုက်၍ မဖြေဆိုသင့်ပေ။ (အရှောင်အတိမ်း ဂျက်ဆီဂျိမ်းတို့တိုင်းပြည်လတည်း)
ဆွေးနွေးသူသည် အမျက်ထွက်မှု၊ စိတ်ဆိုးစိတ်ကောက်မှုကို မဖေါ်ပြသင့်ပေ။
( အနည်းငယ်သော အတိုက်အခံများ အားရပါးရ ကြုံတွေ့နိုင်သည်)
ဆွေးနွေးသူသည် မတရားသောနည်းလမ်းများဖြင့် အနိုင်ယူရန် မကြိုးစားသင့်ပေ။ ( ဒါကတော့ မရှိဆုံးအရည်အသွေးဖြစ်လိမ့်မည်၊ ဒီအရည်အသွေးရှိလျှင် ဒီလွတ်တော်ရွေးကောက်ပွဲပင် ဖြစ်လာမည်မဟုတ်ပေ၊ ညောင်နှစ်ပင်လမ်းခွဲဟူသော သမိုင်းစာမျက်နှာတစ်ခုကို ဖတ်နေရပေလိမ့်မည်)
ဆွေးနွေးခြင်း၏အကျိုးများမှာ – ဆွေးနွေးသူသည် သူတော်ကောင်း ပညာရှိများနှင့် သူ့ကိုထောက်ခံသူများ၏ ချစ်ခင်ယုံကြည်လေးစားမှုကို ခံရမည်။
ဥပဒေရေးရာများကို ကျကျနနသိရှိပြီး ဥပဒေအရာ၌ အကျိုးအမြတ်ပေါ်လာအောင် ပြဌာန်းနိုင်ပေမည်။
ဆွေးနွေးခြင်းသည် ပြဿနာဖြေရှင်းရေး၌ အလွန်အရေးပါရကား ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်ပြီး အချင်းချင်းကြားမှ ယုံမှားသံသယများကိုပါ ပယ်ရှားနိုင်သည်။
ရဲရဲဆွေးနွေးတော်မူကြပါကုန်။