>Missile and Junta leader

>

စကဒ်ဒုံးကျည်သတင်း မှားယွင်းကြောင်း ချိုကုပ်ဒူးကြီး ပြောပြီ
ရန်လိုကျွဲ
မတ် ၃၊ ၂၀၁၁

ကာတွန်းသရုပ်ဖော် ဘီရုမာ


လူတွေ ၇ ရက်လောက် ငြိမ်ငြိမ်နေကြလျှင် မည်မျှ ကောင်းမည်နည်း။ ရန်လိုကျွဲတို့ သတင်းသမားများ ၇ ရက် အနားရချေမည်။ ထို ၇ ရက်အတွင်း ပေါင်မုန့်တယှက်၊ ၀ိုင်တခွက်ယူပြီး ချစ်သူနှင့်အတူ သစ်ပင်အောက်သွားကာ နွေဦးအလှခံစားရင်း စာဖတ်နိုင်မည်။

ယခုတော့ ထိုသို့ မဟုတ်ရေးချ မဟုတ်ချေ။ လူတွေ ငြိမ်ငြိမ်မနေသဖြင့် ကျွန်ုပ်တို့ အလုပ်ရှုပ်မြဲ ရှုပ်နေရလေသည်။

ယမန်နေ့က ရေဒီယိုသတင်းများတွင် သတင်းထောက်ကြီး ကိုဘာတီးက “ချိုကုပ်ဒူးကြီး စကဒ်ဒုံးကျည် လုပ်နေပြီ — ဒန် တန့် ဒန်” ဟု ဆိုလိုက်သဖြင့် မိုးမခ အယ်ဒီတာတို့က ကျွန်ုပ်ကို ဖိအား ပရက်ရှာများ ပေးလေတော့သည်၊ “လိုက်ပါအုံး ဒီသတင်း” ဟူသတတ်။

သတင်းရင်းမြစ်နှင့် သိကျွမ်းသော ကျွန်ုပ်က ထိုသတင်းနောက် လိုက်ရချေတော့သည်။

ချိုကုပ်ဒူးကြီးတည်ရှိရာ နေပူတော် ဒုက္ခသီရိနန်းတော်သို့ သွားရောက် တွေ့ဆုံရပြန်ပြီ။

နွေဦးရောက်လာပြီ ဖြစ်သောကြောင့် ချိုကုပ်ဒူးကြီးက ပုသိမ်ထီးဆောင်းပြီး နေပူတော်၏ သဘာဝအလှကို ခံစားနေသည်။ အ၀ါရောင်ချိတ် ထဘီလည်း ၀တ်ထားသေးသည်။ ကျွန်ုပ်ကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ပါသည်။

ချိုကုပ်ဒူးကြီး။ ။ ဟေ့ သတင်းသမား – ဘာလာရှုပ်ပြန်ပြီလဲ။
ရန်လိုကျွဲ။ ။ အရမ်း ဟော့တ် ဖြစ်နေတဲ့ အကြောင်းမေးချင်လို့ လာရှုပ်တာပါဗျာ။

ဒူးကြီး။ ။ ဘာလဲကွ အရမ်း ဟော့တ် ဖြစ်နေတာ။ အဆိုတော်မလေး ဗီဗာဟိန်း လား။ အင်း – နိပ်သားပဲ ဒီကလေးမ။ မင်းကြိုက်တဲ့ အေသင်ချိုဆွေထက်တော့ အပုံကြီးသာတယ်လို့ ငါထင်တယ်။ ဟီးဟီး။

ကျွဲ။ ။ အခု ကျနော်လာတာက ဗီဗာဟိန်းသတင်းထက် ဟော့တ် ဖြစ်နေတဲ့ ကိစ္စဗျ။ ဟိုမှာ နိုင်ငံတကာမှာ ပြောကုန်ကြပြီ။

ဒူးကြီး။ ။ ဟင် – ဘာပြောတာလဲ၊ ငါလည်း ဘာမှ မကြားပါလား။

ကျွဲ။ ။ ဒုက္ခသီရိမှာ နေပြီး ဘာတွေ လုပ်နေမှန်းမှ မသိတာ၊ ဒါတွေကို အဘ ဘယ်ကြားမလဲ။ ဖင်လန်နိုင်ငံ Shet Sa Yar Gyi တက္ကသိုလ်က ပါမောက္ခပြောတဲ့ မြန်မာပြည်လက်နက်ကြီးကိစ္စက ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေပြီ ဆိုတဲ့ စိုးရိမ်တကြီးသုံးသပ်ချက်က မီဒီယာတွေမှာ ပါလာပြီ၊ စာလုံးမည်းကြီးနဲ့။ ကဲ – အဘ အဲဒါ ဘာပြောမလဲ။

ဒူးကြီး။ ။ ဟင် – ငါက ဘာပြောရမှာလဲ။ ထပ်ရှင်းပြပါအုံးကွ။ ငါ မသိသေးဘူး ဒီကိစ္စ။

ချိုကုပ်ဒူးကြီး ရုပ်ရှင်ရိုက်နေခြင်း မဟုတ်ပေ။ စာနယ်ဇင်းသမားများ၊ အကဲခတ်များက မြန်မာ့လက်နက်ကြီး ဖန်တီးချက်အကြောင်း အကြီးအကျယ် ရေးသားပြောဆိုနေကြမှန်း သိပုံမပေါ်ချေ။

ကျွဲ။ ။ ဖင်လန်တက္ကသိုလ် ပါမောက္ခက အဲဒီလို စိုးရိမ်ကြောင်း ပြောလိုက်တော့ ပိုလန်အခြေစိုက် မြန်မာသတင်းဌာနတခုက ဘယ်လိုရေးလိုက်တယ် ထင်လဲ၊ နေပြည်တော်ကနေ လက်နက်ကြီးတွေနဲ့ ထိုင်းကို ပစ်ခတ် တိုက်ခိုက်တယ်၊ ဒါပေမယ့် လက်နက်ကြီးက အရမ်း ကောင်းလွန်းတော့ ဘန်ကောက်ကို ကျော်ပြီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ပရိဝိဟာ ဘုရားကျောင်းဝန်းကျင်ကို သွားထိတယ်လို့ ရေးထားတယ်။

ဒူးကြီး။ ။ ဟိုက် ရှာလဘတ်ရည်။ အဲဒီလို ရေးလိုက်ကြတာလား။ ထိုင်း နဲ့ ကမ္ဘောဒီးယားကောင်တွေ နယ်စပ် ဘုရားကျောင်းလုနေတာကို ငါ ကြည့်မရတာ အတော်ကြာပြီ။ အဲဒီလို အမြောက်နဲ့ လှမ်းထုသင့်တယ်ဆိုတာ ငါ အိုင်ဒီယာ မရခဲ့မိဘူး။ လှမ်းထုလိုက်လည်း ကောင်းတာပဲ။

ကျွဲ။ ။ အဘက မထုဘူး ပြောပေမယ့် ရေးကုန်ကြပြီ၊ အဲဒါ နေပြည်တော်က ပစ်လိုက်တဲ့ လက်နက်ကြီး တဲ့။ အကဲခတ်တွေကလည်း ယုံကြတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်နက်ကြီးထိတာလည်း မှန်တယ်၊ ထိုင်း နဲ့ ကမ္ဘောဒီးယား ၂ ဘက်စလုံးက သူတို့လက်ချက်မဟုတ်ဘူးလို့လည်း ငြင်းကြတယ်လေ။

ကျွန်ုပ်၏ ရှည်ရှည်ဝေးဝေး ရှင်းပြချက်များ နားထောင်ပြီး ချိုကုပ်ဒူးကြီးက သဘောခွေ့နေသည်။

ဒူးကြီး။ ။ အဟိ၊ ကြားထဲက ငါက အချောင် နာမည်ကောင်း ရလိုက်တာပေါ့လေ။

ကျွဲ။ ။ အာဆီယံခေါင်းဆောင်တွေတော့ မြွေကိုက်နေပြီ။ ဟိုတလောက ကာတွန်းစောငို ဆွဲလိုက်တဲ့ပုံကိုကြည့်ပြီး သူတို့ ကြောက်နေကြတာ။ အဲဒီပုံမှာ အဘက လက်နက်ကြီးကိုင်ပြီး ပစ်နေတဲ့ပုံ ပါတယ်လေ။ ဒါကြောင့် အသည်းအသန် ကြောက်နေကြတာ။

ကာတွန်း – စောငို

ဒူးကြီး။ ။ အင်း – င့ါမှာလည်း ထွင်ထားတဲ့ လွှတ်တော်တွေမှာ ဘယ်လိုဘယ်လို ကလိမ်ကျ၊ ခြိမ်းခြောက်၊ အနိုင်ကျင့်၊ မျက်လှည့်ပြရမလဲ ဆိုတာ စဉ်းစားနေရတာနဲ့ ဒေသတွင်း ဘာတွေဖြစ်နေတယ် ဆိုတာ သတိမထားမိဘူး။

ကျွဲ။ ။ လွှတ်တော်တွေအကြောင်းတော့ နောက်မှ ပြောဗျာ။ အခု ကျနော့်ကို လက်နက်ကြီးကိစ္စ အရင်ပြောပြ။ မကွေးတိုင်း မင်းလှဘက်မှာ ဆောက်ထားတဲ့ စက်ရုံကနေ လက်နက်ကြီးတွေ ထုတ်နေပြီဆို။

ဒူးကြီး။ ။ မင်းလှက စက်ရုံ?? လက်နက်ကြီး?? ဟုတ်လား ?? အင်း – မင်း ဘာတွေ လာပြောနေတာလဲ သတင်းထောက်လေးရယ် —။

ကျွဲ။ ။ အိပ်ပျော်ဟန်ဆောင်တာတော့ မဟုတ်ဘူးနော်။ ကဲ – ဒီလို – ဒီလို၊ မနေ့က သတင်းတွေမှာ သတင်းထောက်ကြီး ကိုဘာတီးက ပြောတယ် – “ချိုကုပ်ဒူးကြီး စကဒ်ဒုံးကျည် လုပ်နေပြီ” တဲ့။

ဒူးကြီး။ ။ ဘာ??? ဘာဒုံးကျည် ?????
ကျွဲ။ ။ စကဒ်ဒုံးကျည် တဲ့၊ စကဒ်ဒုံးကျည်။ အဲဒီ စကဒ်ဒုံးကျည် ထွင်နေပြီ တဲ့။

ချိုကုပ်ဒူးကြီး တွေဝေသွားသည်။ ဆောင်းထားသည့် ပုသိမ်ထီးကို ပိတ်ပြီး ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်သည်။ စကဒ်ဒုံးကျည် ဟူသော စကားလုံးကို ရေရွတ်ပြီး စဉ်းစားခန်းဝင်နေသည်။ ခဏအကြာတွင် ဟက်ဟက်ပက်ပက်၊ အော်ကြီးဟစ်ကျယ် ရယ်လေသည်။

ဒူးကြီး။ ။ ၀ါးဟားဟားဟား၊ ၀ါးဟားဟားဟား၊ ဘူးထွား ဟားဟားဟား – – –
ကျွဲ။ ။ ဘာလဲ၊ ဘာလဲ၊ စကဒ်ဒုံးကျည် ထွင်နိုင်လို့ ဂုဏ်ယူနေတာလား။

ဒူးကြီး။ ။ ဟားဟားဟား – ထွင်တာကတော့ ဟုတ်ပါတယ်။
ကျွဲ။ ။ ထွင်တာ ဟုတ်ပြီဆိုရင် ပြောဗျာ၊ ဘယ်တုန်းက ထွင်တာလဲ၊ ဘယ်နိုင်ငံက နည်းပညာလဲ။

ဒူးကြီး။ ။ အဟိ၊ ငါ ထွင်တာက စကဒ်ဒုံးကျည် မဟုတ်ဘူး ကွ။ စကတ်လုံချည်ကွ၊ စကတ်လုံချည်။ ယတြာချေဖို့ ၀တ်ရတဲ့ ချိတ်လုံချည်တွေက ၀တ်နေကျ မဟုတ်တော့ ခဏခဏ ကျွတ်ကျတယ်။ ဒါကြောင့် ကျွတ်မကျအောင် ထွင်လိုက်တော့ ချိတ်လုံချည်ကနေ စကတ်လုံချည် ဖြစ်သွားရော။ ဒီကိစ္စ သတင်းပေါက်ကြားတော့ တဆင့်စကား တဆင့်နားနဲ့ စကတ်လုံချည်ထွင်တာကနေ စကဒ်ဒုံးကျည် ထွင်တယ် ဖြစ်သွားတာပေါ့ကွာ။ ဟီးဟီး။ ဟီးဟီးဟီး။ ဟားဟားဟား၊ ၀ါးဟားဟားဟား —

ဤမျှ သိရလျှင် လုံလောက်ပေပြီ။ မိုးမခ အယ်ဒီတာများထံ သတင်းပို့ရန် ကွန်ပျူတာ အင်တာနက် ရှိရာသို့ ပြေးရချေသည်။

ချိုကုပ်ဒူးကြီးက ကျွတ်ကျသွားသော ချိတ်လုံချည်ကို ထိန်းကိုင်ပြီး တဟားဟား ရယ်မော ကျန်ရစ်ခဲ့လေသတည်း။