>
မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး
မေခ
မတ် ၃၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
ဇာတ်လမ်း အစ
၁၉၄၇-၁၉၆၂
နေခြည်ပွင့်သော ဇွန် နွေ နေ့လယ်ခင်း တွင် လိပ်ခုံးဘောက်ဝပ်ဂွန်းကားလေး သည် ဂျာမဏီနိုင်ငံ ဘာလင်မြို့ မြောက်ဘက် ဘလက် သစ်တောတွင်းရှိ ရှဲလောစ် ဟော်တယ် သို့ ဦးတည်ပြီး သွားနေလေသည်။ သံတံခါးဂိတ်တွင် ရဲသားအစောင့်က ကားပေါ်တွင်ပါလာသော ဘာလင်ရှိထိုင်းသံရုံးက သံဝန်ထမ်းတဦး၏ ကဒ်ပြားကိုကြည့်ပြီးနောက် ဟော်တယ်တွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
လိပ်ခုံးကားလေးသည် ကျောက်စရစ်ခင်းလမ်းလေးပေါ် တကျီကျီမြည်ရင်း လှပ သပ်ရပ်သော ဥယျာဉ်လေးကိုဖြတ်ပြီး ဟော်တယ် ရှေ့တွင်ရပ်လိုက်သည်။အရှေ့တောင်အာရှသူဟန် ဆံစများကို စုစည်းထားသော ဥရောပအမျိုးသမီးငယ်တယောက်သည် ကားပေါ်မှဆင်းလိုက်ပြီး ဟော်တယ်ရှေ့က ဝင်ပေါက် မာဘယ်လ်ကျောက်ပြားလှေခါးပေါ်တက်လိုက်သည်။ ဥရောပအာရှနွယ် ၁ဝနှစ်အရွယ်မိန်းကလေး နှင့် ရနှစ်အရွယ် မိန်းကလေး တို့ကို သူမလက်တဘက်စီတွင် တင်းတင်းဆုပ်ကိုင်ထားလေသည်။
ဟော်တယ်၏ ကြီးမားကျယ်ဝန်းသော အဝင်ခန်းမကြီးထဲဝင်လိုက်သည်။ ခန်းမကြီးထဲတွင် ၁၈ရာစုနှစ်ဟန် ပရိဘောဂများဖြင့် ပြင်ဆင်ထားလေသည်။
ဟော်တယ်ထဲရှိ အာရှသားဧည့်သည်များသည် ဝင်လာကြသောသူတို့ကို မျက်လုံးဝန်းဝိုင်းစက်စက်ဖြင့် စူးစူးငေးကြည့်နေကြလေသည်။ ကလေးနှစ်ယောက်လက်ကို မြဲမြဲဆုပ်ကိုင်ထားရင်း သူမသည် ထိုဧည့်သည်များဆီတည့်တည့်ဦးတည်ပြီးသွားလိုက်သည်။ အာရှအမျိုးသမီးတယောက်၏ရှေ့ ရောက်လျှင် သူမရပ်လိုက်ပြီး တိုင်းယိုင်စကားပီပီသသဖြင့် ‘ ကျမ ခေါင်းဆောင်ကြီးနဲ့တွေ့ ချင်ပါတယ် ‘
အာရှအမျိုးသမီးသည် သူမကို ငဲ့စောင်းကြည့်ပြီးနောက် ဒုတိယထပ်ရှိ ဝရံတာဆီ သုတ်သုတ်လျှောက်သွားလိုက်လေသည်။ ဥရောပအမျိုးသမီးသည် ဝရံတာပေါ်တွင် ရပ်နေသော အရပ်ရှည်ရှည် အာရှသားအမျိုးသားကြီးတယောက်ကို ဖတ်ကနဲ အသေအချာမြင်လိုက်ရသည်။ ထိုအမျိုးသားကြီးသည် ဝရန်တာလက်ရန်းတိုင်လုံးနောက်ကိုကွယ်လိုက်သည်။ထို့နောက် သူသည် အခန်းတခုအတွင်းသို့ ပြေးဝင် ပျောက်ကွယ်သွားလေသည်။ သူက အခန်းတံခါးကို လုံးလုံး ပိတ်လိုက်သည်။
‘ ကျေးဇူးပြုပြီး ထိုင်ပါဦး လက်ဖက်ရည် သောက်ပါဦး ‘ ဟု အာရှ အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
‘ ကျေးဇူးပါပဲ မသောက်တော့ပါဘူး ကျမလာတာက ကိုယ်ရေးကိုယ်တာကိစ္စ ဆွေးနွေးချင်လို့ ခေါင်းဆောင်ကြီးနဲ့ တွေ့ပါရစေ ‘
ကလေးနှစ်ယောက်လက်ကို မြဲမြဆုပ်ကိုင်ထားရင်း သူမပြောလိုက်သည်။
‘ အာ အာ ခေါင်းဆောင်ကြီး နေမကောင်းပါဖူး အခု အနားယူနေပါတယ် ၊ သိပါတယ်နော် ‘ အာရှအမျိုးသမီးက တွန့်ဆုတ်ဆုတ် ပြန်ဖြေသည်။
‘ သူနေမကောင်းဖူးဟုတ်လား အခုပဲ သူအပေါ်ထပ်က အခန်းထဲပြေးဝင်သွားတာ ကျမမြင်လိုက်တာပဲ ‘ သူမ စိတ်ဆိုးမာန်ဆိုးပြန်ပြောလိုက်သည်။
ဒုတိယထပ်က အခန်းတခုထဲပြေးဝင်ပျောက်ကွယ်သွားသော အမျိုးသားကြီးသည် မြန်မာပြည်က သောင်းကျန်းသူခေါင်းဆောင်ကြီးတဦးဖြစ်လေသည်။ ဥရောပအမျိုးသမီးကို လက်ခံစကားပြောနေသူမှာ ခေါင်းဆောင်ကြီး၏ ဇနီးသည်ဖြစ်ပြီး ခေါင်းဆောင်ကြီးသည် သူ၏ စိတ်ရောဂါကို ကုသရန် ဂျာမဏီနိုင်ငံ ရောက်ရှိနေခြင်းဖြစ်လေသည်။
သူသည် ဟော်တယ်တခုလုံးကို ငှားထားလိုက်ပြီး ဂျာမဏီနိုင်ငံရှိ နံမည်ကြီး စိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဟန်းဟောပ့် ၏ ကုသမှုကို နေ့စဉ်ခံယူနေခြင်းဖြစ်လေသည်။
ခေါင်းဆောင်ကြီးကိုတွေ့ရန်ရောက်လာသူ အရပ်မြင့်မြင့် ဥရောပသူသည် မာရီယာ မာတင် ဖြစ်သည်။ သူမသည်
စဝ်နန်းသုစန္ဒာ ဟုကျော်ကြားပြီး အရှေ့မြောက် တောင်တန်းများကိုအုပ်စိုးခဲ့သော နမ့်ပန်းခွန်မိန်း၏ မဟာဒေဝီ တပါးဖြစ်လေသည်။ သူမ၏ မောင်တော်သည် စဝ်ခွန်ဖ ဖြစ်ပြီး လက်ထဲ မြဲမြဲ ဆုပ်ကိုင်ထားသော ကလေးနှစ်ယောက်မှာ မာလာ နှင့် သိင်္ဂီ ဖြစ်လေသည်။
အခန်း၁
အေးတိတ်ငြိမ်သက်နေသော နံနက်ခင်းကို ထူးထူးခြားခြား အသံတွေက ဖျက်ဆီးပစ်လိုက်ကြောင်း သုစန္ဒာသိလိုက်ရလေသည်။ သူမအိပ်မက်တွေ ပျက်ရလေပြီ။ သည်လိုဖြစ်လာလိမ့်မည်ဟု ဟိုးလွန်ခဲ့သော နှစ်တွေကပင် သူတို့မျှော်တွေးနေခဲ့ကြဖူးလေသည်။ အခုတော့ ရောက်လာခဲ့သည်။ သူမ တံခါးမကြီးကို အသာဖွင့်ပြီး ဝရံတာကို ကြည့်လိုက်သည်။ သေချာအောင် သူမသမီးတွေကိုကြည့်လိုက်သည်။ သူတို့က ကုတင်ပေါ်တွင် သူ့အဖေဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။ သူမသည် ဝရံတာမှနေ၍ စံအိမ်တော်ရှေ့ဘက်ကိုကြည့်လိုက်သည်။ သောင်းကျန်းသူတစ်ရာလောက် ကဝိုင်းထားသည်။
ကျောက်တုံးများဖြင့် အခိုင်အမာဆောက်လုပ်ထားသော တံတိုင်းအတွင်းက စံအိမ်တော်ကို သရဲသဘက်အုပ်ကြီးက ဝိုင်းထားလေသည်။ စီတန်းရပ်နေကြသော တူညီယူနီဖောင်းနှင့် ဦးထုပ်ဆောင်းထားကြ သောင်းကျန်းသူစစ်သားများ သည် တံတိုင်းနောက်မှာ ထိုးထွက်နေကြသည်။ ခြုံပုပ်ခြောက်တွေပေါ် စစ်ဖိနပ်ဖြင့်နင်းသည့်ချွတ်ချွတ်မြည်သံ တိုပြတ်ပြတ် အမိန့်ပေးသံတွေ တိတ်ဆိတ်နေသော လင်းအရုဏ်စောစောမှာ ပေါ်ထွက်လာသည်။ သည်အချိန်လေးမှာပဲ သုစန္ဒာ ကိုယ့်ကိုယ်ကို ပင် မယုံကြည်နိုင်လောက်အောင် ခံစားလိုက်ရလေသည်။ သူတကယ့်ကို တယောက်တည်း ပါလား ။ သူ့ကိုယ်သူ မတ်မတ်ရပ် အသက်ပြင်းပြင်း ရှုလိုက်ပြီး အဆင်သင့်ဖြစ်မှ သူ့ရန်သူတွေနှင့် အိမ်ကလူတွေကို တွေ့ဖို့ ပြင်လေသည်။ သူမ၏မောင်တော် ခွန်မိန်းအသက် သူမသမီးလေးနှစ်ယောက် နှင့် တိုင်းယိုင် လူထုကြီးကို ကာကွယ်ဖို့ အင်အားတွေဖြစ်လာပြီး အကောင်းဘက်ကတွေးလိုက်မိလေသည်။
သုစန္ဒာ အပေါ်ထပ်မှ ဆင်းလာသောအခါ အခန်းပေါက်ဝမှာ လူယုံတော် သက်တော်စောင့် လူကြီး ဘုကောင်းနှင့် နှစ်ဒါဇင်မျှသော အိမ်တော်ပါတွေကိုမြင်လိုက်ရသည် ။မဟာဒေဝီများ အလိုလိုသိနေတာများလားဟု ဘုကောင်းအသေအချာတွေးနေမိလေသည်။
စစ်သားတွေက အရှေ့စံအိမ်တော်ကို ဝင်ရှာဖို့ မဟာဒေဝီ ထံမှ ခွင့်ပြုချက်ကို လိုချင်နေသည်။ သူမအိမ်ကလူတွေက သူမ၏ ဆုံးဖြတ်ချက်ကို စောင့်စားနေကြလေသည်။သူတို့၏ကံကြမ္မာသည်သူမ၏လက်ထဲတွင် ရှိနေသဖြင့် သူမ လေးလေးနက်နက် ဆုံးဖြတ်ရတော့မည်။ ထိုအချိန်လေးအတွင်းမှာပင် စစ်သားတွေ၏တုန့်ပြန်မှုကြောင့် သူမ စိတ်ထဲထောင်းကနဲဒေါသထွက်သွားခဲ့သော်လည်း သူမ၏ မောင်တော်၏ မျက်နှာကိုထောက်ထားလိုက်ပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ပြုမူပြောဆိုလေသည်။ ထိုအချိန်မှ စ၍ ခွန်မိန်း၏ နိုင်ငံခြားသူမဟာဒေဝီ သူမသည် တယောက်တည်းဖြင့် တိုင်းယိုင်လူထုကောင်းစားဖို့ အင်အားအပြည့်ဖြင့် မားမားမတ်မတ် ရပ်တည်ပေးရတော့မည်ဖြစ်ကြောင်းကို ရှင်းရှင်းသိလိုက်ရလေသည်။ သူမသည် သူ့ သမီးလေးနှစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရင်း ကသူတို့ အဖေ ပြန်အလာကိုစောင့်နေခဲ့ရသည်။ သူ နိုင်ငံရပ်ခြားသို့ များထွက်သွားခဲ့ပြီလား ၊သူအိမ်အပြန်လမ်းပေါ်မှာပဲရှိနေသေးတာလား။ သူမ ၏ မျှော်လင့်ချက်အတွေးတွေသည် ဖရိုဖရဲ ပြိုကွဲ လွင့် ပျက်နေတော့သည်။
သောင်းကျန်းသူ ခေါင်းဆောင်နှင့် သူ့တပ်ကို ရင်ဆိုင်ဖို့ သူမ ပြင်ဆင်ခဲ့သည်။ သူမနောက်တွင် အိမ်ကလူတွေရပ်နေကြသည်။ သူမသည် စစ်သားတွေနှင့်တွေ့ဖို့သူမ၏တာဝန်ကိုသူမ ယူဖို့ စံတော်အိမ်အရှေ့ကိုထွက်လိုက်သည်။သူမ ဘေးနှင့် သူတို့ သောင်းကျန်းသူခေါင်းဆောင်၏ နောက်ဘက်မှာ ဒါဇင်ပေါင်းများစွာသော စစ်သားများရပ်နေကြသည်။သူတို့မျက်နှာတွေက ခြိမ်းခြောက်နေပုံပေါ်နေပြီးလက်ထဲက စတင်းဂန်းသေနတ်များကလည်း ပစ်ဖို့ အသင့် အနေအထားမှာရှိနေသည်။ အိမ်ပိုင်ရှင် သုစန္ဒာက ကျူးကျော်ဝင်ရောက်လာကြသော သူများ၏ ရှင်းပြချက် ကို တောင်းဆိုလိုက်သည်။ သူမ ချက်ခြင်း သင်ခန်းစာရလိုက်သည်မှာ သူတို့ ဘာတခွန်းမှ မပြောပဲ မိန်းမတယောက်နှင့် ကလေးနှစ်ယောက်ကို ဆန့်ကျင်ပြီး မလျှော်ကန်သော အပြုအမူများကိုသာ သောင်းကျန်းသူများက ပြုလုပ်ပြလိုက်လေသည်။ ခေါင်းဆောင်နှင့် သူ့လူတွေက စကားတလုံးမှ မထွက်။သူတို့က မြန်မာစကားကို ကောင်းကောင်း ပြင်းပြင်းထန်ထန်ပြောတတ်သော မိန်းမတယောက်ကို မတွေ့လိုပဲ မျက်ရည်အရွှဲသားဖြင့် ဆောက်တည်ရာမရဖြစ်နေသော နိုင်ငံခြားသူတယောက်ကိုသာ တွေ့လိုပုံရှိလေသည်။
ထို လှုပ်လှုပ်ရှားရှားဖြစ်နေချိန်တွင် သူမ၏သမီးနှစ်ယောက်ကို သူတို့၏ နာနီကပြုစုစောင့်ရှောက် အကာအကွယ် ပေးထားသည်။ သုစန္ဒာမှာ မတတ်သာတော့ဘဲ သူတို့ကို အိမ်တွင်း ဝင်ရောက်ရှာဖွေခွင့်ပေးလိုက်ရတော့သည်။ သူတို့ကို သူမမျက်စိအောက်တွင်ပင် တခန်းဝင် တခန်းထွက် ရှာဖွေစေလေရာ နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့လေသည်။သူတို့သည် ဒုတိယထပ်တွင်ရှိသော သူမ၏ ကြီးမားခန်းနားသော အိပ်ခန်းကို အထူးသတိထား ရှာဖွေကြသည်။အဝတ်ဘီဒိုတွင်းမှ အဝတ်အစားအားလုံးကို ထုတ်ပစ်ပြီး လှန်လှောရှာသည်။ ကြမ်းပြင်က သိုးမွှေးကော်ဇောတွေကို လိပ်ရှာသည်။ ပါကေးကြမ်းပြင်ကို လေးဘက်ထောက် ကုန်း ခေါက် ရှာလေသည်။ မာဘယ်ကျောက်ခင်းရေချိုးခန်းတွင်းကအုတ်ကြွပ်ကအစ နေရာမလပ်ရှာဖွေကြသည်။ သူတို့ ဘာကိုမျှော်ကိုးပြီးများရှာဖွေနေကြတာပါလိမ့်။ဘုကောင်းက သူ့တွင်ရှိသော လက်နက်နှင့် ခဲယမ်းများကို အပ်လိုက်ပြီးဖြစ်သည်။ သူတို့သည် ကိုယ်ပိုင် သီးသန့် ရုံးခန်းတွင်းရှိ ပစ္စည်းများကို စိတ်ဝင်စား ပုံမရ။ သူတို့က
အိပ်ရာအောက်ကိုအသေအချာရှာသည်။
ဝရံတာ ၊ အခန်းငယ်လေးတွေ ၊ ကြောင်အိမ်၊ စာအုပ်စင်နောက် နှင့် မွေ့ယာအထဲကိုပင်အသေးစိတ်ရှာကြသည်။ စိတ်အားတက်ကြွနေသော စစ်သားတယောက်က သံခရင်းလေးဂွကြီးဖြင့် မွေ့ယာတွေကို လိုက်ထိုးနေလေသည်။
ကလေးတွေနေသော အခန်းထဲ၌မူ စင်ပေါ်က ဂွမ်းသွပ်ထားသော တိရစ္ဆာန်အရုပ်လေးများကိုပါမကျန် သူ့သံချွန်ဖြင့် ထိုးနေလေသည်။သူ့တပ်သားတွေက သံချွန်ဖြင့်ထိုးသွင်းထားရာ အတွင်းမှ ဂွမ်းစ အဝတ်စများအပြင်သို့ထိုးထွက်နေသော တက်ဒီဝက်ဝံရုပ်လေးကို အခြား ထိုးဖောက်ထားသော အရုပ်တွေပေါ်ပစ်တင်လိုက်ပုံမှာ သူတို့ အတွက် ရယ်စရာ တခုဖြစ်သွားခဲ့လေသည်။
နောက်ဆုံးမတော့ သူတို့ ဘာကြောင့် သည်နေရာရောက်နေကြသလဲဆိုတာကို သဘောပေါက်နားလည်သွားခဲ့ရတော့သည်။
သူတို့ ရှစ်နေရာ ရှာဖွေဖို့ရာ ပထမတခုပြီးသွားသောအခါ သူမသည် သူတို့အပေါ် သံသယရှိုခြင်းနှင့် သူမ၏မျှော်လင့်ချက်ကို သေချာသွားစေလေသည်။ သူမသူတို့ကို မကြောက်ရွံ့တော့ဘဲ အားအင်များပြည့်လာစေတော့သည်။ သောင်းကျန်းသူခေါင်းဆောင်က
‘ ခွန်မိန်း စဝ်ခွန်ဖ ဘယ်မှာရှိနေတယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြနိုင်မလား ‘
သုစန္ဒာသည် လက်ပိုက်လိုက်ပြီး ခေါင်းဆောင်ကို တည့်တည့် စူးစူးကြည့်လိုက်သည်။ သူမ မဖြေမှီ ၁ဝ အထိ ဖြေးဖြေးလေး ရေရွတ်လိုက်သည်။ ပြီးမှ ‘ ကျမ ယောက်ျားက ရန်ကုန်မှာလေ လွှတ်တော် တက်နေတယ် ‘
‘ သူအဲဒီမှာ မရှိပါဘူး ကျွန်တော်တို့ စုံစမ်းပြီးပါပြီ ‘ သူဒေါသတကြီး ပြန်ပြောသည်။
‘ ကောင်းပြီလေ သူအခု ဒီမှာပုန်းနေတာမှ မဟုတ်တာ ရှင်တို့သဘောပေါက်သင့်ပါတယ် ‘
ပြောပြီးသောအခါ သူတို့၏ နိုင်ထက်စီးနင်းလုပ်ခြင်းမှ သက်သာစေဖို့ သူမ ထိုနေရာမှ ထွက်ချသွားလိုက်သည်။
သုစန္ဒာ သူမကလေးတွေကိုသွားရှာသည်။ သူမကြားလိုက်ရတဲ့ သတင်းကောင်းကို ကလေးတွေဆီသွား အသိပေးရပေဦးမည်ဖြစ်လေသည်။ သူတို့ အဖေသည် အခုလွတ်မြောက်နေသေးသည်။ အသက်မသေသေး။သောင်းကျန်းသူတွေ လက်ထဲမှာ ရောက်မနေသေးတာသေချာသွားပေသည်။ထိုအဓိပ္ပါယ်မှာ သူတို့ အခြေအနေကောင်းနေသေးသည်။ သူတို့ အသက်ဆက်ရှင်နေနိုင်သေးသည်။ အလုပ်တွေ အတူဆက်လုပ်နေနိုင်သေးသည်။ စဝ်၏တာဝန်ဝတ္တရားတချို့အတွက်လုပ်ရမည့်လိုအပ်သောကိစ္စများကိုသူမ စိတ်ထဲ ချက်ခြင်း အသိရလိုက်သည်။
‘တိုင်း’ သတ္ထုတူးဖော်ရေးကုမ္ပဏီလုပ်ငန်းအတွက် ပထမလိုအပ်သော သင်္ဘောမှ စက်ပစ္စည်းများ၊ ပဲခူးက ဆားထုတ်လုပ်ရေး သည် အဆင်သင့် ဖြစ်နေပြီ ၊ လွိုင်ကော်တွင် စမ်းသပ်စိုက်ပျိုးထားသော ကော်ဖီပင်များ အောင်မြင်နေမှု ၊ ပြီးတော့ နမ့်ပန်းခွန်မိန်း ဖောင်ဒေးရှင်းက ထူးချွန်သော တိုင်းယိုင်ကျောင်းသားများကို နိုင်ငံခြားသို့ ပညာသင်လွှတ်ရေးကိစ္စ တို့ ဖြစ်လေသည်။
ဘာသာစကား သုံးမျိုးပြော ဖောင်ဒေးရှင်း ကျောင်း၊ နမ့်ပန်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်းများကို နှစ်ပေါင်းများစွာသုစန္ဒာကိုယ်တိုင်ဦးစီး လုပ်ဆောင်ခဲ့ပြီးဖြစ်လေသည်။ သုစန္ဒာ က တိုင်းယိုင်လူထု အတွက် တိုးတက် ကြီးပွား သာယာရေးကို ပြုစုပျိုးထောင်သည်။ သည်စီမံကိန်းတွေ အားလုံး ဆက်လုပ်သွားနိုင်လိမ့်မည်ဟုလည်းမျှော်လင့်နေခဲ့လေသည်။ သူမသည် သည်မြေ၏ မိခင်တယောက်ဖြစ်နေသလို တကယ်လည်း သမီးနှစ်ယောက်၏ သာမန်မိခင်တယောက်လည်း ဖြစ်နေခဲ့လေသည်။
ထိုနေ့သည် မတ်လ နံနက်ခင်း ၈နာရီ ဖြစ်ပြီး မဆုံးနိုင်သောနေ့တနေ့ ဟုထင်မိလေသည်။ မနက်ခင်းက နာကျင်မှုတွေပြီးဆုံးသွားခဲ့သည်။ အရာရာ အားလုံးသည် ငြိမ်သက်သွားပြီး ပုံမှန် ဖြစ်သွားခဲ့သည်ဟု ထင်ရလေသည်။
ဝင်းတံခါးက တိုင်းယိုင်သက်တော်စောင့်နေရာတွင် သောင်းကျန်းသူစစ်သားတွေက နေရာဝင်ယူလိုက်ကြလေပြီ။ ဂိတ်ဝက အစောင့်၏ ကာကီရောင် ဝတ်စုံမှ အစိမ်းရောင်ဝတ်စုံသို့ပြောင်းသွားခဲ့ရပြီ။ ထိုအသစ်ရောက်လာသူနှစ်ယောက်မျက်နှာတွေက မည်းညစ်နေသည်။ဈေးဝယ်ပြန်လာသော ထမင်းချက်စီးလာသော စက်ဘီးကို ဂိတ်ဝရှိ အစောင့်က ရပ်ခိုင်းပြီး ဈေးခြင်းတောင်းကိုရှာဖွေသည်။ ထို့ကြောင့် အိမ်သားများသည် စံအိမ်တော်အရှေ့မှ ထွက်ရဖို့ကို အားငယ်နေကြတော့သည်။ ဤအပြုအမှုများသည် သူမကို သတိပေးတာထက် ပို၍ စိတ်ဆိုးဒေါသထွက်စေလေသည်။ ပုံမှန် မနက်ခင်း မြန်မာ့အသံလိုင်း နားထောင်ဖို့ သူမ ရေဒီယိုဖွင့်လိုက်သည်။သတင်းထဲတွင် ထူးခြားသော သတင်းများပါမလာချေ။ သတင်းစာကလည်း ရောက်မလာသေး။သုစန္ဒာ တယ်လီဖုံးဆက်ဖို့ ကြိုးစားသည်။ တယ်လီဖုံးက ရသည်။ ရန်ကုန်ရောက်လျှင် စဝ်တည်းတတ်သော အိမ်ရှင်သူမသူငယ်ချင်းများထံ သူမခေါ်လိုက်သည်။ သူတို့ သူငယ်ချင်း ဂျင်မီ၏ အသံက တိုးတိမ် တုန်ခါနေသည်။
‘ ဒီမနက် ကိုယ်တို့ တအိမ်လုံး ဗြောင်းဆန်နေတာပဲ ‘
‘ ဘာတွေဖြစ်နေတာလဲ ဂျင်မီ ‘ ဖုံးလိုင်းမကြည်လင်တော့ သုစန္ဒာက အသံကို တအားအော်ပြောသည်။
‘ စဝ် မနေ့က ပဲ ရန်ကုန်ကထွက်သွားတယ် ‘ လိုင်းပြတ်သွားတော့သည်။
သူမကြားလိုက်ရတာ အကုန်ပဲဖြစ်လေသည်။ စဝ်သည် တောင်ကြီးတွင် အသည်းအသန်ဖြစ်နေသော သူ့ ညီမထံ ရန်ကုန်မှ အပြန် ဝင်မည်ကို သူမသိသည်။ သူသည် မိုင်လေးရာ အကွာတွင်ရှိနေသည်။ အခုလောက်ဆိုသူ့ညီအိမ်တွင်နံနက်စာစားနေလောက်မည်။
ပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးနှင့် တယ်လီဖုံး အဆက်အသွယ်က လိုင်းမရှိ။
ထို့ကြောင့် သုစန္ဒာလာရှိုးသို့ သွားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ အင်္ဂါနေ့ဆို လာရိုး တွင် ရန်ကုန်၊မန္တလေး၊တောင်ကြီး သွားလေယာဉ်ဆိုက်သည်။ သူပါချင်ပါလာ ။ဒါမှမဟုတ် အခြားလူတယောက်ယောက် ၊ သူ့ အတွင်းရေးမှုးဖြစ်ဖြစ်ပါလာပြီး သတင်းရနိုင်သည်။ သူမ နောက် သုံးနာရီ အထိ ထွက်ဖို့ မလိုသေး။ တပတ်နှစ်ကြိမ်လာသော လေယာဉ်သည် လားရှိုးလေဆိပ်ကို နေ့ခင်း တနာရီမှဆိုက်မည်ဖြစ်လေသည်။ သုစန္ဒာ မနက်စာစားဖို့ ပြင်သည်။ကလေးတွေ ကျောင်းကို လမ်းလျှောက်ပို့ပေးသည်။ အချိန်ဖြုန်းလိုက်သည်။
သူမသမီးတွေက မနက်ခင်းက အဖြစ်တွေကို မေ့သွားကြသည်။ သူတို့ကို သူမငေးကြည့်နေရင်းက ထိုနေ့အတွက် ပထမဆုံး ပြုံးမိလေသည်။ ဆံစနက်နက်အုပ်အုပ်လေးတွေ ၊ယဉ်ယဉ်ကျေးကျေး အမူအရာ ၊ မျက်ဝန်းမည်းမည်း အပြုံးလေးတွေက သူတို့ အဖေဆီကရတာဖြစ်သည်။
ပြင်သစ်ဟန် မှန်ပြတင်းပေါက်ကိုဖြတ်ဝင်လာသော နံနက်ခင်းနေခြည်နုသည် ပြောင်လက်နေသော ထမင်းစားပွဲပေါ် စူးစူးထိုးကျနေသည်။ စားပွဲက လူနှစ်ဆယ်စာ ထိုင်စားလို့ရသည်။ သုစန္ဒာသည် ဘဲဥပုံ စားပွဲတွင် ထိုင်လိုက်သည်။
ခေါင်းအသာငြိမ့်ပြလိုက်လျှင် စားပွဲထိုးကောလိန် က စားစရာများကိုပြင်ဆင်ပေးသည်။ သည်မနက်က အဖြစ်ကြောင့် စိတ်မပျက်ဘဲ နံနက်စာကို ပြုံးပြီးစားစေလိုလေသည်။ သူတို့၏အရှင်သခင်သည် သူတို့အသက်နှင့် ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင် အန္တရာယ်များ မဝင်ရောက်လာအောင် ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်သည်။ကောလိန်တကိုယ်လုံး ခေါင်းကစလို့ ခြေဖျားထိ ဆေးမင်ကြောင်များထိုးထားသည်။ ထိုဆေးတွေက သူ့ကို မကောင်းသော ဝိညာဉ်တွေမှ ကာကွယ်ပေးသည်ဟု သူယုံလေသည်။ အဝိုင်းပုံ လှိုင်းပုံ တွေလှလှပပ ရေးထိုးထားသည်မှာ မျက်နှာ လည်ပင်း နှင့် လက်ဖဝါး ခြေဖဝါးမှလွဲပြီးခန္ဓာအနှံ့ထိုးထားသည်။ ကောလိန်၏ယုံကြည်မှုသည် ကူးစက်သွားခဲ့လေသည်။
သုစန္ဒာက ပန်းကန်ထဲက အသီးကို တမြုံ့မြုံ့ဝါးနေရင်း တွေးနေမိလေသည်။ မာလကာသီး ယိုကိုလှမ်းတို့လိုက်စဉ် စံအိမ်တော်ရှေ့တွင် ဂျစ်ကားသံများ ကိုကြားလိုက်ရလေသည်။ သုစန္ဒာအတွင်းစိတ်က ချက်ခြင်းပင် သတိပေးသံ ခေါင်းလောင်းက ကျယ်လောင်စွာ မြည်ဟီးလာသည်။ သူတို့တတွေနောက် တကြိမ်လာကြပြန်လေပြီ။
သူမအထင်မှန်သည်။ စံအိမ်တော်ရှေ့ပတ်ပတ်လည်တွင် သောင်းကျန်းသူများ ပြည့်နက်နေလေသည်။ ခေါင်းဆောင် သုံးယောက်က ဘုကောင်းကို အိမ်ရှိ သက်တော်စောင့်များနှင့် ဒရိုက်ဘာများကို စုခိုင်းလိုက်သည်။ သုစန္ဒာက ချက်ခြင်းပင် နန်နီအား ကလေးတွေ ကျောင်းအမြန်သွားပို့ဖို့ စံအိမ်တော်ရှေ့ဂိတ်ကနေ ထွက်ခိုင်းလိုက်သည်။ သူမ၏သက်တော်စောင့်များနှင့် ဒရိုင်ဘာများကို လက်ထိပ်ခတ်နေတာကို သူမရှေ့မှာ မြင်နေရသည်။ ထို့ပြင် သူတို့၏ သေနတ်ဒင်များဖြင့် ထုနှက်နေကြပြန်သည်။သို့သော်ငြားလည်း သူမ၏ အိမ်ကလူများသည် တွန့်ဆုတ်ခြင်း မရှိကြဘဲ သည်းခံနေကြလေသည်။ သုစန္ဒာကတော့ ကြာရှည် စောင့်ကြည့် သည်းခံမနေနိုင်တော့ချေ။
‘ ရပ်ကြစမ်း ။ မင်းတို့ ငါ့အိမ်ကလူတွေကို လုပ်စရာ မလိုဖူး ‘ သူမအော်လိုက်သည်။ ထိုအခါ ခေါင်းဆောင်ဗိုလ်က အမိန့် သြဇာသံ ခတ်မာမာဖြင့် ‘ ဒီသံသယရှိတဲ့လူတွေကို ထိန်းသိမ်း ကာကွယ်ထားဖို့ ကျုပ်အမိန့်ပေးနေတာ ။ ကျုပ်တို့က အခု နမ့်ပန်း နယ်တခုလုံး သိမ်းလိုက်ပြီဖြစ်လို့ ခင်ဗျားတို့ လုံခြုံရေးအတွက် စက်ပြင်ဆရာကနေ အိမ်ကလူကြီးထိ အားလုံး မေးစရာရှိတာ မေးရမယ် ‘
သည်လို ကျက်သရေမရှိ အော်ပြောနေသော အသံကို သုစန္ဒာ မတုန့်ပြန်ဘဲနေသည်။ သူမ သူ့အိမ်ကလူတွေဘက်လှည့်လိုက်သည်။ ‘ မင်းတို့ ကလေးနဲ့ မိန်းမတွေကိုစိတ်မပူကြနဲ့ ။ မင်းတို့ မိသားစုတွေအားလုံးကို ငါ့ မိသားစုလို သဘောထားပြီး စောင့်ရှောက်မယ် ‘
သို့သော် ခေါင်းဆောင်က သူ့ အမိန့် ပေးတာကို မရပ်သေး။ သုစန္ဒာက သူ့ကို နားမလည်နိုင်အောင်ပင်ဖြစ်ကာ ငေးသာကြည့်နေလိုက်လေသည်။ သူက ဆက်ပြောပြန်သည်။
‘ ဒါ ကျုပ် တာဝန်ပါ မဟာဒေဝီ ၊ ဒီတားမြစ်ချက်တွေကိုဖတ်ကြည့်ပါ ။ဒါ ကျုပ်တို့ ခေါင်းဆောင်က ထုတ်ထားတဲ့ အမိန့်ပဲ ‘
သူမသည် သူ့ကို စကားတလုံးမှ မပြောပဲ စူးစူးကြည့်နေလိုက်သည်။
‘ ဗိုလ်မှူး၏ အထူးခွင့်ပြုချက်မရပဲ စံအိမ်တော်အပြင်ဘက်သို့ သင်မထွက်ရ ။ပြင်ပက လာသောဧည့်သည်များကို သင် လက်ခံတွေ့ဆုံခြင်းမပြုရ။ သို့မဟုတ် တယ်လီဖုံး ဆက်သွယ်ပြောဆိုခြင်း ကို မပြုလုပ်ရ။သင့်ထံ စာတိုက်မှလာသော စာမှန်သမျှ နယ်မြေတပ်ထံတင်ပြပြီးမှ ပို့ရမည်။ ‘
‘ နောက်ကော ‘ သူမက ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။
‘ မရှိတော့ပါဘူး မဟာဒေဝီ ‘ ခေါင်းဆောင်က သိမ်မွေ့စွာပြောလေသည်။ သုစန္ဒာသည် စံအိမ်တော်ရှေ့ကနေ သူတို့ ခေါင်းတွေကို ခပ်မော့မော့ ဖြတ်လျှောက်ပြီး အိမ်ထဲဝင်သွားသည်။ စိတ်ထဲမတော့ ဒီလို ရယ်စရာကောင်းတဲ့ အမိန့်တွေကို အစကတည်းက ချိုးဖောက်ဖို့ ဆုံးဖြတ်ချက်ချလိုက်မိလေသည်။သူမတယောက်ထည်း အခန်းထဲပြန်ရောက်မှ အိပ်ရာပေါ်တွင် သူမရင်ထဲက အစိုင်အခဲတွေကို မျက်ရည်အဖြစ် အတားမဆီးမရှိ သွန်ချလိုက်လေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)


