>
ရန်ကုန်ရှုခင်း
မတ်လ ပထမပတ်
လမ်းလျှောက်ဂျာနယ်လစ် ရန်ကုန်
အဲဒီလို လွှတ်တော်ကို အချိန်ဆွဲနေစဉ်မှာပဲ တိုင်းပြည်ရဲ့ သယံဇာတတွေ ရောင်းချဖို့၊ လုပ်ကိုင်ခွင့်ပြုဖို့ ကိစ္စများနဲ့ ပတ်သက်ပြီး စာချုပ်ချုပ်ဆိုတာတွေကိုတော့ တက်သုတ်ရိုက် လုပ်ကိုင်နေပါတယ် …
လိုင်းကားသာမကပဲ မတ်တူးလို ကိုယ်ပိုင် ဆလွန်းကား တောင်မှတန်းစီပြီး ပြန်ရောင်းနေတဲ့အထဲ ပါဝင်တာတွေ့ရပါတယ်။ တရက်ကို အပိုဝင်ငွေ တသောင်းကျပ်ရဖို့ ၃၊ ၄နာရီတန်းစီဆိုလည်း တန်းစီပြီး စောင့်ကြတာပါ …
ကုန်ဈေးနှုန်း ကျဆင်းအောင် ပုဂ္ဂလိကလုပ်ငန်းတွေလည်း လုပ်သာကိုင်သာ ဖြစ်အောင် စီးပွားရေး မူဝါဒတွေ ချမှတ်တာမျိုး၊ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုရှိလာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ခြင်းမရှိတာကြောင့် အစိုးရရဲ့ လစာတိုးတဲ့ အစီအစဉ်နောက်မှာ ငွေဖောင်းပွမှုနဲ့ လူမှုမငြိမ်မသက်မှုတွေ ပေါ်ထွက်လာစရာ ရှိနေကြောင်းပါ …
ဘာကြောင့် ၁၅ မိနစ်လွှတ်တော် ဖြစ်ရတာလဲ
နှစ်၂၀ ကျော်အတွင်း မှာပထမဆုံးအကြိမ် လွှတ်တော်ကို ဒီနှစ်ဇန်န၀ါရီ ၃၁ ရက်နေ့မှာ စတင်ခဲ့ပေမယ့် တစ်လပြည့်တဲ့ အထိ အာဏာလွှဲဖို့မပြောနဲ့ ၀န်ကြီးဋ္ဌာနတွေနဲ့ လူနဲ့တောင် မတွဲရသေးပါဘူး။ တရားသူကြီးချုပ်၊ ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌရွေးတာ၊ အဆိုပြုတာစတဲ့ ကိစ္စတွေကို တနေ့ကို ၅ မိနစ်၊ ၁၀မိနစ် ကနေ အများဆုံး ၁၅ မိနစ်သာ ကျင်းပပြီး ရုပ်သိမ်းလိုက်ကြတာတွေ့နေရပါတယ်။
တိုင်းပြည်က လူထုအနေနဲ့ နကိုကတည်းက ရွေးကောက်ပွဲကို သိပ်ပြီး စိတ်မ၀င်စားခဲ့သလို ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ လွှတ်တော်ကလည်း လူအများရဲ့ ခံစားနေရတဲ့ စီးပွားရေးဒုက္ခ၊ လူမှုရေးဒုက္ခ အစရှိတာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့် မထားကြပါဘူး။ အခုတဖန် လွှတ်တော်ခေါ်ပြီဆိုတော့ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးများ လုပ်မှာလား၊ အတိုက်အခံဘက်ကလို့ဆိုတဲ့ အမတ်တွေရော အဆိုပြုခွင့် ၀င်ဆွေးနွေးခွင့်ရှိလာမလား ဆိုတာတွေက မေးခွန်းထုတ်စရာပါပဲ။
ဘာကြောင့် လွှတ်တော်ကို တနေ့မှာ ၁၅ မိနစ်သာ ကျင်းပတာပါလဲ။ ဘာကြောင့် အခုလို လွှတ်တော်ကို အချိန်ဆွဲနေတာလဲလို့ စဉ်းစားစရာ ရှိလာပါတယ်။ အပေါ်ဆုံးက ကြိုးကိုင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လွှတ်တော် ၁၅မိနစ် ကျင်းပဖို့ရာ တနေ့စာပြီးမှ တနေ့စာ ညွှန်ကြားချက်ပေး ခိုင်းနေတာလားလို့ တချို့ကစဉ်းစား သုံးသပ်ကြပါတယ်။ အပေါ်က တခုချင်းစီ ခိုင်းနေတာကြောင့် လွှတ်တော် ဥက္ကဋ္ဌ ဆိုသူတွေလည်း လုပ်စရာတွေကို ဆက်တိုက်လုပ်လို့ မရပဲ အချိန်ဆွဲနေကြရတာဖြစ်ပါလိမ့်မယ်။
အချိန်ဆွဲနေရတဲ့ အကြောင်းရင်းကို ထပ်ဆင့်မေးခွန်းထုတ်မယ်ဆိုရင် အခြေခံဥပဒေသစ်နဲ့ တာဝန်ယူမယ့် ကြံ့ဖွံ့အစိုးရ မတိုင်ခင် နအဖဆိုတဲ့ နာမည်နဲ့ အုပ်ချုပ်တဲ့အစိုးရဆိုတာက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ရတာ ပိုလွတ်လပ်လို့ပဲ ဖြစ်ပါတယ်။
မတ်လ ၃၁ ရက်မှာကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်မပြီးခင်အထိ အာဏာလွှဲအပ်ပေးမယ့်ပုံ မပေါ်ပါဘူး။ ယနေ့ဆို မတ်လထဲ ၀င်ရောက်နေပေမယ့် ၀န်ကြီးအဖွဲ့သစ်နဲ့ ဘယ်သူကဘယ်ဋ္ဌာနကိုင်မယ်ဆိုတာတွေ ထုတ်ဖေါ်မပြောသေးသလို ၊ လွှတ်တော်ကော်မတီတွေကိုလည်း စုံလင်အောင် မဖွဲ့ရသေးပါဘူး။
အဲဒီလို လွှတ်တော်ကို အချိန်ဆွဲနေစဉ်မှာပဲ တိုင်းပြည်ရဲ့ သယံဇာတတွေ ရောင်းချဖို့၊ လုပ်ကိုင်ခွင့်ပြုဖို့ ကိစ္စများနဲ့ ပတ်သက်ပြီး စာချုပ်ချုပ်ဆိုတာတွေကိုတော့ တက်သုတ်ရိုက် လုပ်ကိုင်နေပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အခြားနယ်မြို့ကြီးတွေမှာရှိတဲ့ နိုင်ငံပိုင်အဆောက်အအုံ၊ မြေတွေကို ၂ လဆက်တိုက် လေလံတင် ရောင်းချနေပါတယ်။ သိမ်းဆည်းထားတဲ့ကားတွေ၊ အစိုးရရုံးဋ္ဌာနက သုံးမရလို့ပြစ်ထားတဲ့ ကားတွေအထိ လေလံခေါ်ယူပြီး ရောင်းချနေပါတယ်။ ခါတိုင်း လေလံခေါ်ယူရင် အချိန်တလ၀န်းကျင် ပေးပေမယ့် အခုကြေညာတဲ့လေလံတွေဟာ ကြေညာချက်ပြီးတာနဲ့ တစ်ပတ်အတွင်း၊ နှစ်ပတ်အတွင်း ချက်ခြင်းကို အဆိုပြုလွှာတင်၊ ငွေသွင်းပြီး လေလံအောင်တဲ့သူတွေကို မြန်ဆန်စွာ ငွေသွင်းခိုင်းနေတာတွေ့ရပါတယ်။
သဘောကတော့ အဆောက်အအုံ၊ မြေတွေနဲ့ သယံဇာတတွေ လက်လွှဲရောင်းချလို့ရတာမှန်သမျှ အခုအစိုးရလက်ထက်မှာ ရောင်းချပြီး လုပ်ပိုင်ခွင့်တွေထဲက ရသမျှအကျိုးအမြတ်တွေ ခွဲဝေယူသွားမယ့် သဘောပါ။ စစ်အစိုးရ အလိုကျရေးသားထားတဲ့ အခြေခံဥပဒေကို တောင်လိုက်နာဖို့ ၀န်လေးနေတဲ့ အဖြစ်ကို ဒီအချက်က ထင်ထင်ရှားရှား ပြသနေတာပါ။ ကြံ့ဖွံ့ကြီးစိုးတဲ့ လွှတ်တော်လိုနေရာမျိုးမှာ အတိုက်အခံ အမတ်တယောက်ယောက်က မေးခွန်းတခွန်း ထမေးတဲ့ အဖြစ်မျိုးကိုတောင် ရင်မဆိုင်လိုတဲ့ အဖြစ်ဟာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ဘယ်လောက်များများ လုပ်ထားသလဲဆိုတာကို ပြဆိုနေသလိုပါပဲ။
လိုင်းပြေးဆွဲတာထက် ဆီတန်းစီတာက တွက်ချေပိုကိုက်နေ
ရန်ကုန်နဲ့ နယ်မြို့တွေမှာ ယခုရက်ပိုင်းအတွင်း မြင်တွေ့နေရတဲ့ မြင်ကွင်းကတော့ ဓါတ်ဆီဆိုင်တွေ ပတ်ဝန်းကျင်မှာ တန်းစီတဲ့ ကားတန်းကြီးတွေပိုရှည်လျားလာတဲ့ အဖြစ်ပါ။ နယ်မြို့တွေမှာဆိုရင် လိုင်းပြေးဆွဲတဲ့ကားတွေ ခရီးသည်မတင်တော့ပဲ နေ့စဉ် ဓါတ်ဆီတန်းစီပြီး ထုတ်ရောင်းကြပါတယ်။ ခရီးသည်တင် လိုင်းပြေးဆွဲတာက တရက်ကို ကျပ် တသောင်းရဖို့ မသေချာတဲ့အပြင် အခြားကားပြင်ဆင်စရိတ် တွေကုန်ကျဦးမှာ ဖြစ်တာမို့လို့ ဓါတ်ဆီတန်းစီပြီး ရောင်းတဲ့အလုပ်က ကားလည်းသက်သာ ၀င်ငွေလည်းမှန်တယ်လို့ ဆိုကြတာပါ။
လိုင်းကားသာမကပဲ မတ်တူးလို ကိုယ်ပိုင် ဆလွန်းကား တောင်မှတန်းစီပြီး ပြန်ရောင်းနေတဲ့အထဲ ပါဝင်တာတွေ့ရပါတယ်။ တရက်ကို အပိုဝင်ငွေ တသောင်းကျပ်ရဖို့ ၃၊ ၄နာရီတန်းစီဆိုလည်း တန်းစီပြီး စောင့်ကြတာပါ။
ရန်ကုန်မြို့မှာဆိုရင်လည်း တစ တစနဲ့ ဓါတ်ဆီတန်းစီတဲ့ကားတန်းက ပိုပြီးရှည်လာပါတယ်။ တော်လှန်ရေး ပန်းခြံရှေ့ ဦးဝိစာရလမ်း ဓါတ်ဆီဆိုင်မှာ တန်းစီတဲ့ကားတွေဟာ အမ်သရီး ခန်းမအရှေ့မှ သံလွင်လမ်းတိုကနေ ဓမ္မစေတီလမ်းပေါ် ထွက်ပြီး ၀ိဇယရုပ်ရှင်ရုံဟောင်းရှေ့သာမက ဦးဝိစာရလမ်းပေါ်ဓါတ်ဆီဆိုင်ရှေ့ထိ တပတ် ပတ်မိလုနီးပါး ရှည်တာတွေ့ရမှာပါ။
ဗိုလ်တထောင် ၅၆ လမ်းမှ ဓါတ်ဆီဆိုင်ဆိုရင်လည်း တန်းစီတဲ့ကားတန်းက ၅၆လမ်းနဲ့ ဗန္ဓုလလမ်းထိပ်မှ စလိုက်တာ အနော်ရထာလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းကနေ ဓါတ်ဆီဆိုင်ရှေ့အထိ တမိုင်နီးနီးရှည်လျားတာတွေ့ရမှာပါ။ ရန်ကုန်မြို့မှာရှိတဲ့ ကားတွေဓါတ်ဆီဆိုင်တွေမှာပဲ တန်းစီနေကြသလား မှတ်ယူရပါတယ်။ ပုဂ္ဂလိက ဖြန့်ဖြူးရေးလုပ်မှပဲ တနေကုန် ဓါတ်ဆီတန်းစီရောင်းတဲ့ အလုပ်အကိုင်ပေါ်လာ ပါတော့တယ်။ ပုဂ္ဂလိကလုပ်ခွင့်ပြုပေမယ့် ဈေးနှုန်းကို ဈေးကွက်က ဆုံးဖြတ်စေတာမျိုး မကျင့်သုံးသေးတာကြောင့်လို့ စီးပွားရေး သဘောနားလည်သူတွေက သုံးသပ်ကြပါတယ်။ ပြည်တွင်းမှ ရှိရေနံမြေတွေမှ ဓါတ်ဆီ တစ်နှစ် ဂါလံ ၈သန်းထွက်ရှိပြီး အဆိုပါ ဓါတ်ဆီတွေကို ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေဆီ ခွဲတမ်းနဲ့ ရောင်းပေးနေပါတယ်။ ဒါပေမယ့် ဈေးနှုန်းကို တစ်ဂါလံ ၂၅၀၀ ကျပ်သတ်မှတ်ထားတဲ့အဖြစ်ကြောင့် ပြင်ပဈေးကွက် ပေါ်ထွက်လာရခြင်း ဖြစ်ပါတယ်။
အချို့သော ဓါတ်ဆီသုံးသူတွေက ၀ယ်ယူခွင့်ကို လွတ်လွတ်လပ်လပ်ပေးပြီး ဈေးနှုန်းကိုလည်း အရှင်ထားရှိလိုက်တာက ဈေးကွက်ကဆုံးဖြတ်ဈေးနဲ့ ဖြစ်လာတာက သဘာဝအကျဆုံးလို့ ဆိုကြပါတယ်။
တန်းစီရောင်းစားတဲ့ ကားတွေက တဆိုင်ပြီး တဆိုင်တန်းစီနေတဲ့ အဖြစ်ကို ပြင်ဆင်ဖို့ရာ ယခင်ကလို ဓါတ်ဆီဝယ်ယူခွင့်စာအုပ်နဲ့ ဘယ်ဆိုင်မှာ ထုတ်ပြီးသားဆိုတဲ့ စနစ်လုပ်ဆောင်သင့်တယ်လို့ အချို့သောသတင်းဂျာနယ်တွေမှာ ရေးသားဖေါ်ပြနေကြပါတယ်။
လွတ်လပ်တဲ့ဈေးကွက် စနစ်ကို သွားရာမှာ ဈေးနှုန်းရှင်ထားဖို့ နည်းလမ်းကိုသာ စဉ်းစားသင့်ပြီး လွန်ခဲ့တဲ့နှစ်များအထိ ကျင့်သုံးခဲ့သလို ခွဲတမ်းစနစ်ဆီကို ပြန်တွန်းပို့တာမျိုးကို လမ်းမပြသင့်ပါဘူး။
နေ့လယ် နေပူထဲမှာ အချိန် ၂နာရီ ၃နာရီကြာအောင် ဓါတ်ဆီတန်းစီရတဲ့ အလုပ်ဟာ သက်တောင့်သက်သာ ရှိတဲ့အလုပ်တော့မဟုတ်ပါဘူး။ အဲဒီလိုတန်းစီတဲ့အထဲမှာ လိုင်းပြေးဆွဲတဲ့ကားတွေ၊ ကားအိုကားဟောင်းတွေသာမကပဲ သိန်းရာကျော်တန်တဲ့ အိမ်စီး ဆလွန်းကား ပိုင်ရှင်တွေပါ တနေ့ဝင်ငွေ ကျပ် ၁သောင်းကျော်ရတဲ့အလုပ်ကို ၀င်လုပ်နေကြတာဟာ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
လစာတိုးမယ်ဆိုတဲ့ ကောလဟလနဲ့ ကုန်ဈေးနှုန်း
နှစ်စဉ် မတ်လ ဘဏ္ဍာရေးနှစ်ကုန်ပြီး ဧပြီလအစမှာ လစာတိုးလိမ့်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လေ့ရှိပါတယ်။ ဒီနှစ်ကတော့ ခါတိုင်းနှစ်ထက် ပိုပြီး သတင်းထွက်ပါတယ်။ ၃ ဆတိုးမယ် ၄ ဆတိုးမယ်ဆိုတဲ့အထိ သတင်းတွေထွက်ပေါ်နေတာ ကြားရပါတယ်။ မကြာခင်ကဖြစ်လာတဲ့ သမ္မတ အသစ်က သိန်း ၅၀ ရပြီး ပြည်နယ် ၀န်ကြီးချုပ်လုပ်သူတွေက သိန်း ၃၀ ရကြတယ်ဆိုမှတော့ အစိုးရ၀န်ထမ်းတွေကိုလည်း လစာတိုးပေးတော့မှာ ဆိုတဲ့ကောက်ချက်ချတာနဲ့အတူ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
ဒီသတင်းထွက်တယ်ဆိုရင်ပဲ ငြိမ်နေတဲ့ ဒေါ်လာဈေးက စပြီးလှုပ် လာပါတယ်။ ၈၃၀ လောက်မှာ တန်းနေတဲ့ ဒေါ်လာဈေးဟာ ၉ရာကျော်သွားခဲ့ပါတယ်။ ဒေါ်လာဈေးတက်ပြီးနောက်မှာ ရွှေဈေးလည်း လိုက်တက်လာပါတယ်။ ကမ္ဘာမှာ မြန်မာ တစ်နိုင်ငံထည်း သုံးလို့ရတဲ့ အက်ဖ်အီးစီဈေးလည်း လိုက်ပါလာပြီး ဒီဂယက်က အခြားလူသုံးကုန်တွေ စားသောက်ကုန်တွေပါ မြင့်တက်ကုန်ပါတယ်။
ဆန်ဈေး၊ ဆီဈေးတွေကလည်း တက်လာပါတယ်။ ဆန်ဈေးက ၁၀ ရာခိုင်နှုန်းလောက်တက်လာပါတယ်။ ဆန်ဈေးတက်ရတဲ့အကြောင်းရင်း နောက်တချက်ကတော့ ကုန်ကားတွေ တန်ချိန်ပိုမတင်ရဆိုတဲ့ သတ်မှတ်ချက်ကြောင့် ကုန်သယ်ပို့ခ မြင့်တက်ကုန်လို့ပါ။
ယခုတလောက အိမ်ရှင်မတွေ ငြီးငြူ ကြတာက စားသောက်ကုန်တွေ ဈေးတက်လို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထုတ်ပစ္စည်းတွေလည်း အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း မြ၀တီ-မဲဆောက် လမ်းမဖွင့်သေးလို့ ဈေးမြင့်နေဆဲဖြစ်ပါတယ်။
စစ်အစိုးရအနေနဲ့တော့ နိုင်ငံပိုင် အဆောက်အအုံတွေ ၊ သယံဇာတတွေထုတ်ရောင်း လူတွေဆီက အခွန်အကောက်တွေ တိုးကောက်လို့ရတာတွေနဲ့ လစာတိုးပေးကောင်း တိုးပေးနိုင်ပါလိမ့်မယ်။ သို့ပေမယ့် ကုန်ဈေးနှုန်း ကျဆင်းအောင် ပုဂ္ဂလိကလုပ်ငန်းတွေလည်း လုပ်သာကိုင်သာ ဖြစ်အောင် စီးပွားရေး မူဝါဒတွေ ချမှတ်တာမျိုး၊ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုရှိလာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ခြင်းမရှိတာကြောင့် အစိုးရရဲ့ လစာတိုးတဲ့ အစီအစဉ်နောက်မှာ ငွေဖောင်းပွမှုနဲ့ လူမှုမငြိမ်မသက်မှုတွေ ပေါ်ထွက်လာစရာ ရှိနေကြောင်းပါ။