>Dispite uprising, Egypt Dictator still wants to rule to the term

>

အီဂျစ်ပြည်လုံးကျွတ် ဆန္ဒပြပွဲ ၉  ရက် ကျော်ပြီ။ မူဘာရက်က သက်တမ်းပြည့်မှ ဆင်းမည်ဟု ပြော
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၂၊ ၂၀၁၁
မြန်မာပြည်မှာ စစ်အစိုးရ၏ ကြံ့ဖွံ့လွှတ်တော် စတင်ဖွင့်လှစ်နေချိန်တွင် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခုဖြစ်သော အီဂျစ်ပြည်တွင် ပြည်သူတို့က ပြည်လုံးကျွတ် သပိတ်မှောက် ဆန္ဒပြပွဲများဖြင့် ၎င်းတို့ အာဏာရှင် မူဘာရက်ကို ဖြုတ်ချရန် ကြိုးစားလျက်ရှိသည်။ ယနေ့ ရုပ်မြင်သတင်းတွင် မူဘာရက်က နောက်ရွေးကောက်ပွဲအထိ သူ့ကို အုပ်ချုပ်ခွင့်၊ ပြုပြင်ပြောင်းလဲခွင့်ပေးရန်နှင့် နောင်လာမည့် စက်တင်ဘာရွေးကောက်ပွဲတွင် သူ မပါတော့ကြောင်း စေ့စပ်စကားဖြင့် တာဝန်ခံပြောကြားသည်။
အရှိန်ရနေသည့် ပြည်သူလူထုက မူဘာရက် ရာထူးမှ နှုတ်ထွက်ပေးရန်၊ အာဏာကို စွန့်လွှတ်ရန် ဆက်လက်တောင်းဆိုလျက်ရှိသည်။ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုနေသည်။ အမေရိကန်အိုဘားမားကလည်း မူဘာရက်ကို အကြမ်းမဖက်သောနည်းဖြင့် နိုင်ငံရေးပြောင်းလဲရန် တိုက်တွန်းလိုက်သဖြင့် မူဘာရက်ကို ရာထူးမှ စွန့်လွှတ်ပေး၇န် အချက်ပြသကဲ့သို့ ဖြစ်နေသည်။
 (Egypt Protesters watching Obama’s speeh at their protest square)
အင်တာနက် ဆက်သွယ်ရေးဖြင့် အသက် ၂၀ ကျော် လူငယ်များ၏ အစိုးရဆန့်ကျင်ရေး ဆန္̔ဒပြကန့်ကွက်ပွဲများ စတင်ခဲ့စဉ်က အစိုးရက ရဲတပ်ဖွဲ့များဖြင့် အကြမ်းဖက် နှိမ်နှင်းခဲ့သည်။ မူဘာရက်အစိုးရက ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခဲ့သည်။ လွန်ခဲ့သည့် သောကြာနေ့က မူဘာရက်က လက်ရှိအစိုးရကို ဖျက်သိမ်းမည်။ ၎င်းဆက်လက် ခေါင်းဆောင်မည်ဟု ပြောခဲ့သည်။ သို့သော် အီဂျစ်လူထုက တိုးမြှင့်ဆန္ဒပြခဲ့သည်။ စစ်တပ်က မြို့ရွာများအတွင်း နေရာယူခဲ့သော်လည်း စစ်တပ်က လူထုကို ပစ်ခတ်ခြင်း မရှိခဲ့ပေ။ လူထုက လက်ရှိအစိုးရယန္တယားတခုလုံး ဖြုတ်ချရေးအတွက် ဆက်လက်တောင်းဆို သပိတ်မှောက်နေ၍ မူဘာရက်က ထပ်မံအလျှော့ပေး လာသည်ကို တွေ့ရသည်။ မူဘာရက်က ၎င်းတဖက်သတ်ရေးဆွဲထားသော အခြေခံဥပဒေပါ ကန့်သတ်မှုများကိုပါ ပြင်ဆင်ပြီး ပါတီစုံ ရွေးကောက်ပွဲဝင်ခွင့်ပေးမည်ဟု အာမခံပေးသော်လည်း ပြည်သူလူထုက အလျှော့ပေးမည့်ပုံ မတွေ့ရသေးပေ။
အနှောက်အယှက်များအနေဖြင့် အကျဉ်းထောင်များက အကျဉ်းသားများ လွတ်မြောက်လာခြင်း၊ အစိုးရယန္တယားများ ရပ်ဆိုင်းသွားခြင်း၊ လောင်စာနှင့် စွမ်းအင်ဈေးများ တက်လာခြင်း၊ ကုန်ဈေးနှုန်းများ ဖောင်းပွလာခြင်း၊ အစိုးရရုံးများနှင့် ပြတိုက်များ၊ အများဆိုင် အဆောက်အဦများ ဖျက်ဆီးခံရခြင်း စသည့် အမူအခင်းများ တိုးပွားလျက်ရှိသည်။ အနောက်အုပ်စုနှင့် အာရပ်နိုင်ငံများ၊ အစ္စရေးနိုင်ငံတို့က ဘာသာရေးအကြမ်းဖက်များ ၀င်ရောက် ခြေကုပ်ယူလာမည်ကို စိုးကြောင်း ပြောဆိုလာကြသည်ကို တွေ့ရသည်။ သို့သော်လည်း ပြည်သူတရပ်လုံးက လက်ရှိအစိုးရတခုလုံး ပြုတ်ကျသွားဖို့ကို စိတ်အားထက်သန်လျက် ရှိသည်ကို တွေ့ရသည်။
လူထုဆန္ဒပြမှုများဖြင့် တူနီးရှားတွင် အာဏာရှင်အစိုးရ ကျဆုံးခဲ့ပြီးနောက် ထိုလူထုအုံကြွမှုများ အီဂျစ်သို့ ကူးစက်လာချိန်တွင် အရှေ့အလယ်ပိုင်း အာရပ်အာဏာရှင်နိုင်ငံများ မျက်ခုံးလှုပ်လျက်ရှိရာ ဆော်ဒီအာရေးဗျခေါင်းဆောင်က အုံကြွသောလူထုကို အကြမ်းဖက်များ၊ ငြိမ်းချမ်းရေး ဖျက်ဆီးသူများအဖြစ် စွတ်စွဲခဲ့သည်။ ဂျော်ဒန်ဘုရင်ကမူ ၎င်းပြည်သူတို့၏ အုံကြွမှုကို ထိန်းသိမ်းနိုင်ရန်အတွက် လက်ရှိအစိုးရတခုလုံးကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲအသစ် ခေါ်ယူမည်ဟု ကတိပေးလိုက်သည်။ ယီမင်နိုင်ငံတွင်လည်း ဆင်းရဲမွဲတေသူ ပြည်သူများက လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်တို့ကို ဆန့်ကျင် ကန့်ကွက်နေကြသည်ကို တွေ့ရသည်။
 လွန်ခဲ့သည် တနှစ်ခွဲက အီရန်ပြည်တွင်လည်း ရွေးကောက်ပွဲ လိမ်လည်မှုများကြောင့် အီရန်လူငယ်တို့က ကန့်ကွက်ဆန္̔ဒပြခဲ့သော်လည်း အီရန်၏ ဘာသာရေးခေါင်းဆောင်များက အထူးစစ်တပ်များကို သုံးစွဲပြီး လူထုကို ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်နှိမ်နှင်းပြီး လူထုအုံကြွမှုကို ဖြေရှင်းခဲ့သည်။ ယခုအရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် လက်နက်ကိုင်စစ်တပ်များကို အီရန်အာဏာရှင်တို့ ခိုင်းစေသလို အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းရန် အမိန့်ပေးခြင်း မတွေ့ရသေးပေ။
နိုင်ငံတကာက ဒီမိုကရေစီအင်အားစုများ၊ လူငယ်များသာမက အာဏာရှင်များကလည်း ယခု ၂၁ ရာစု နှစ်သစ်၏ လက်နက်မဲ့ လူထုတော်လှန်ရေးများကို စောင့်ကြည်လျက် ရှိနေပြီ ဖြစ်သည်။
ရက်အနည်းငယ် ဆက်လက်ပြီး အုံကြွမှုများ ဖြစ်ပွားဆဲဖြစ်နေပါက လက်နက်ကိုင် စစ်တပ်များက မည်သို့ အရေးယူလာမည်ဆိုသည့် အဆုံးအဖြတ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။