>Myo Myint Cho – Live Mine, Live History and Mine Soldier of our Revolution

>

သက်ရှိမိုင်း၊ သက်ရှိသမိုင်းနှင့် အရေးတော်ပုံ၏ မိုင်းတပ်သားများအကြောင်း
မျိုးမြင့်ချို
ဇန်န၀ါရီ ၇၊ ၂၀၁၁
ကျနော် စစ်မြေပြင်အင်္ဂျင်နီယာတက်တော့ သင်ရတဲ့အထဲမှာ အခြားဘာသာရပ်တွေအပြင် “မိုင်းနှင့်ထောင်ချောက်” “ဖေါက်ခွဲဖျက်ဆီးရေး” “စစ်မြေပြင်ခံစစ်နှင့်အတားအဆီး” ဆိုတဲ့ ဘာသာရပ်တွေလည်း ပါပါတယ်။ မိုင်းတလုံးချင်းစီမှာအသုံးပြုထားတဲ့ ခလုပ်အမျိုးအစားအလိုက် နင်းမိုင်း တိုက်မိုင်း ကြွမိုင်း ဆိုပြီးအလွယ်ခေါ်တဲ့ လူသတ်မိုင်းတွေ၊ ဖေါက်ဖွဲစက်နဲ့ဖေါက်ခွဲရတဲ့ ရှေ့ထွက်မိုင်းလိုမိုင်းမျိုးတွေအပါအဝင်၊ ရေအောက်မှာနဲ့ရေမျက်နှာပြင်နားမှာကပ် ပြီးထောင်တဲ့ ရေမြှုတ်မိုင်း၊ ယဉ်တွေကိုထောင်တဲ့ တင့်ဖျက်မိုင်းတွေအကြောင်း၊ ဖြုတ်နည်းတပ် နည်း၊ မိုင်းကွင်းများခင်းကျင်းနည်း၊ ရှင်းနည်း စတာတွေကိ အသေးစိတ် သင်ရပါတယ်။
နောက် ထောင်ချောက်များအကြောင်း ပေါက်ကွဲ စေတတ်တဲ့ပစ္စည်းတွေနဲ့ဆက်စပ်ပြီး ထောင်ချောက် လုပ်နည်းတွေ၊ ဖေါက်ခွဲဖျက်ဆီးရေး (တံတားချိုးတာ၊လမ်းဖျက်တာ) စတာတွေ။ နောက်တော့ စစ်မြေပြင်ခံစစ်စခန်းတွေ တည်ဆောက်ပုံ၊ ခံစစ်တခုချင်းစီရဲ့အရေးပါမှုအလိုက် အတားအဆီးစီစဉ်ပုံတွေသင်ရပါတယ်။
အရပ်အခေါ် “မိုင်းထောင်တယ်” ဆိုတာဟာ မိုင်းတပ်သားတွေပြောတဲ့ “အသက်သွင်းခြင်း” ဖြစ်ပါတယ်။ မက္ကနစ်ဇင်(Mechanism) ဆိုမယ့် ခလုပ်ပိုင်း၊ Spark လို့ပြောတဲ့ မီးပွင့်ခေါင်း၊ အစပျိုးဖေါက်ခွဲပေးမယ့် ဒီတိုနေတာ (Detonator) (ယမ်းအုံကြီးတဲ့မိုင်းတွေမှာ အားမြှင့်ယမ်း (Primer) ဆိုတာထပ်ပိုးရပါသေးတယ်) နဲ့ ယမ်းအုံဆက်စပ်ပြီး၊ နင်းရင်၊ တိုက်ရင် နင်းပြီးပြန်ကြွရင်ပေါက်ကွဲအောင် တပ်ဆင်ပေးရတာဖြစ်ပါ တယ်။ အဲဒါနဲ့ပြောင်းပြန်လုပ်တာကိုတော့ အရပ်အခေါ် ”မိုင်းဖြုတ်တယ်”ဖြစ်ပြီး၊ မိုင်းတပ်သားတွေကတော့  “သက်မဲ့လုပ်ခြင်း”လို့ ပြောပါ တယ်။ အသက်လည်းသွင်းလိုက်တယ် ခလုပ်ကိုလည်းဖြုတ်မိတယ်။ ဒါပေမယ့်မိုင်းကမကွဲဘူး ဆိုရင်တော့ “မိုင်းအ” လို့ခေါ်ပါတယ်။
စာတွေ့နဲ့လက်တွေ့ကို ပေါင်းတဲ့သင်ခန်းစာစတဲ့ ပထမဆုံးနေ့က နည်းပြဆရာအကြပ်ကြီးပေးခဲ့တဲ့ ပထမဆုံးလက်ချာကတော့…
“မိုင်းတလုံး ထောင်တာပဲဖြစ်ဖြစ် မိုင်းအလုံးရေသိန်းချီပြီခင်းတာပဲဖြစ်ဖြစ် အဲဒါဟာ မိုင်းကွင်းတခု ခင်းကျင်းတာဖြစ်တယ်လို့မှတ်ရမယ်။ မိုင်းကွင်းတခုကို ခင်းပြီဆိုတာနဲ့ မခင်းခင်မှာအရင်ဆုံး မင်းတို့ခံယူထားရမှာက  (တစ်)မိမိကိုယ်ကို အန္တရာယ်မဖြစ်ဖို့ (နှစ်)မိမိလူများကို အန္တရာယ်မဖြစ်ဖို့ (သုံး) ရန်သူကိုထိခိုက်စေဖို့ဖြစ်တယ်ဆိုတာပဲ။ စစ်မြေပြင်မှာ မိုင်းတပ်သားဟာ သူ့ကိုယ်သူအန္တရာယ်မဖြစ်မချင်း သူဟာ မိုင်းကွင်းတွေခင်းနေ ရှင်းနေလို့ရသေးတယ်။ သူ့လူတွေကို အန္တရာယ်မဖြစ်မချင်း သူဟာ အပြစ်တင်ခံရတာနဲ့ အရေးယူခံရတာကနေလွတ်တယ်။ အဲဒီ ၂ ချက်ကနေ ကင်းနေမှ မိုင်းတပ်သားဟာ ရန်သူကိုထိခိုက်အောင်လုပ်လို့ ရနေမှာဖြစ်တယ်ဆိုတာပဲ” ဖြစ်ပါတယ်။
ကျနော်တပ်ကထွက်ပြီးနောက် တပ်နဲ့ဝေးသွားသလို မိုင်းတွေနဲ့လည်းလှမ်းသွားပါပြီ။ အဲဒီတုန်းက သင်တန်းမှာ နည်းပြဆရာအကြပ်ကြီး ပေးခဲ့တဲ့လက်ချာကိုလည်း မှတ်နေစရာမလိုတော့တဲ့အတူတူဆိုပြီး မေ့သလိုလိုတောင်ထားလိုက်ပါပြီ။ ဒါပေမယ့် တိုက်ဆိုင်တယ်ပဲဆိုမလား မပြောတတ်ပါ။ တရက် မိတ်ဆွေတယောက်နဲ့ အွန်လိုင်းမှာဆုံပါတယ်။ သူက လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သလို တစုံတရာဖြတ် သန်းမှုလည်းရှိခဲ့သူပါ။ ကျနော်က လက်နက်ကိုင်တော်လှန်ရေးမဟုတ်တဲ့ အခြားနည်းနာတွေကိုယုံကြည်ပြီး ထောင်တွင်းဘဝကို ဖြတ်သန်း လာသူပါ။ မတူတဲ့လမ်းကနေနဲ့တူညီတဲ့ပန်းတိုင်ကို အရောက်သွားကြမယ်လို့ရည်ရွယ်ခဲ့ကြပေမယ့်  အခုတော့ သူရောကျနော်ပါ တတိယနိုင်ငံ တွေမှာအခြေချနေပြီး တပိုင်တနိုင်နိုင်ငံရေးဆိုတာလေးနဲ့ ကိုယ့်ကိုယ့်ကိုချွေးသိပ်နေသူတွေဖြစ်နေပါပြီ။
သူနဲ့ကျနော်အွန်လိုင်းမှာ ပြည်တွင်း အခြေအနေနဲ့ဗမာ့နိုင်ငံရေးအခင်းအကျင်း ဆိုတာတွေပြောဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးလုပ်နေကြသူတွေမှာ အမျိုးအစား ၂ မျိုးရှိတယ်လို့ သူမြင်ကြောင်းပြောပါတယ်။ တမျိုးက “ပေါ်တင်နိုင်ငံရေး”။ နောက်တမျိုးက “ငုတ်လျှိုးနိုင်ငံရေး” လို့ ဆိုပါတယ်။ အစဉ်အဆက်ပြောဆိုသုံးစွဲလာခဲ့ကြတဲ့ “ဥပဒေတွင်းဥပဒေပ” တို့ “မြေပေါ်(အိုဂျီ)မြေအောက်(ယူဂျီ)” တို့ဆိုတဲ့ ဝေါဟာရတွေကိုသုံးချင်ဟန် မရှိလို့ဖြစ်မယ်ထင်ပါတယ်။
“ပေါ်တင်နိုင်ငံရေး”မှာ အုပ်စုလိုက်ပြီးရှိကြောင်း
ရွေးကောက်ပွဲဝင်လွှတ်တော်တက်မယ့်အစု၊
ရွေးကောက်ပွဲအသိ အမှတ်မပြု ဝင်လည်းမဝင် န.အ.ဖကလည်း ဘယ်လိုထိရမှန်း မသိသေးတဲ့အစု၊
လူမှုရေးမျက်နှာစာနဲ့ နိုင်ငံရေးလက္ခဏာဆောင်အစု၊
ကလေးစစ်သားနဲ့ အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူသိပ်မကွဲတဲ့ အစုနဲ့
 တကိုယ်တော်လှုပ်ရှားနေကြသူအစုတွေဖြစ်ပြီး …
 “ငုတ်လျှိုးနိုင်ငံ ရေး” မှာတော့
ဗ.က.သလို ကျောင်းသားအစုတွေ၊
သဏ္ဍန်စုံအမည်စုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်နေကြတဲ့ပျောက်ကြားလူငယ်အစု၊
နည်းပညာအခြေခံ အင်တာနက်ကနေ အတွင်းအပြင် ချိတ်ဆက်လှုံ့ဆော်သူများအစုတွေပါကြောင်း
အကြမ်းဖျဉ်းဆိုနိုင်တယ်လို့ပြောပါတယ်။ ပြဿနာက အမျိုးအစား ၂ မျိုးစလုံးမှာ လုပ်ရကိုင်ရတာ အကန့်အသတ်အလွန်ကြီးသလို အကျပ်အတည်းလည်း ရှိနေတယ်လို့ဆိုပါတယ်။
(ဖြည့်စာ– ကျနော်က သူ အမျိုးအစားသတ်မှတ်ပုံနဲ့ အစုအဖွဲ့ခွဲဖြန့်ပြပုံတွေကိုတော့ သူ့အမြင်သာဖြစ်လို့ ဘာမှမငြင်းခုံဖြစ်ပါ။ ဒါပေမယ့် သူ့ အဖြန့်အခွဲအစုတွေထဲက “ကလေးစစ်သားနဲ့အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူသိပ်မကွဲတဲ့အစု” ဆိုတာနဲ့ပတ်သက်လို့တော့ ပြောဖြစ်ပါတယ်။ ဒီအကြောင်းတော့ နောက်မှရေးမယ်လို့ တွေးထားပါတယ်)
သူက အဲဒီလို အကန့်အသတ်နဲ့အခက်အခဲတွေ ဘယ်လိုဘယ်လောက်ပဲရှိရှိလုပ်ရမယ့်အလုပ်ကိုတော့ လုပ်နေကြရဦးမှာပဲလို့ဆိုပြီး ——-
“ပေါ်တင်ဖြစ်ဖြစ် ငုတ်လျှိုးဖြစ်ဖြစ်ပေါ့ကွာ ကိုယ်ရွေးချယ်ပြီးသား မူအတိုင်းတော့ သွားရမှာပဲ။ အဲဒီလမ်းပေါက်ဖို့ လုပ်ဟန်နဲ့နည်းနာတွေလည်း ရှိနေကြတာပါပဲ။ လုပ်လည်းလုပ်နေကြတာပဲ။ ဒါပေမယ့် အခုတလော ငါ တွေးမိနေတာလေးတခုရှိတယ်ကွ။ အဲဒါက လုပ်ဟန်နည်းနာတွေနဲ့ လည်းမဆိုင်ပါဘူး။ လုပ်တဲ့နေရာမယ် ဘယ်လိုခံယူမှုထားမလဲ ဆိုတာပါ။ ဘယ်လိုခံယူမှုမျိုးနဲ့လုပ်မလဲဆိုတာပါ။ မင်းကို အဲဒါပြောမလို့-“ ဆိုပြီး  
“မင်းစဉ်းစားကြည့်လေ။ လုပ်နေတဲ့သူက သူကိုယ်တိုင်ထောင်ထဲ ရောက်မသွားဖို့အရေးကြီးတယ်။ ထောင်ထဲရောက်သွားရင် ဘာမှ လုပ်မရတော့ဘူး။ ထောင်ထဲကနေ ဘာမှလုပ်လို့မရဘူး။  ပြည်တွင်းမှာနိုင်ငံရေးကို ထောင်မကျအောင်လုပ်တတ်ဖို့လိုမယ်။ အနိမ့်ဆုံး ထောင် ကျတော့မယ့်အပေါက်တိုးမိရင် ရှောင်တတ်တိမ်းတတ်ဖို့လိုမယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်တော့ ထောင်မကျဘူးကွာ။ ဒါပေမယ့် ကိုယ့်လူတွေ ထောင်ထဲရောက်သွားပြန်တယ်ဆိုလည်း မနိပ်ပြန်ဘူး။ ကိုယ်ကတော့ အပြင်မှာရှိနေပါရဲ့။ ကိုယ့်လူတွေက အတွင်းမှာဆိုပြန် ရင်လည်း ဘာမှလုပ်မရပြန်တော့ဘူးလေကွာ။ သမင်တကောင်မွေးဖို့မလွယ်ပေမယ့် ကျားစားဖို့ကတော့လွယ်တယ်မဟုတ်လား။ ကိုယ်လည်း အထဲမရောက် ကိုယ့်လူတွေလည်းအပြင်မှာရှိမှ လုပ်စရာရှိတာလုပ်လို့ရမယ်မဟုတ်လားကွ။ ဆိုတော့ကွာ တစ်က ကိုယ်ထောင်ထဲမရောက် ရေး။ နှစ်က ကိုယ့်လူတွေထောင်ထဲမရောက်ရေး။ သုံးကမှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်ရေးပေါ့ကွာ”
ကျနော့် သူနဲ့စကားပြောရင်း မိုင်းနည်းပြအကြပ်ကြီးရဲ့ ပထမဆုံးနေ့က ပထမဆုံးပေးခဲ့တဲ့လက်ချာအပြင် အဲဒီနေ့ကပေးခဲ့တဲ့ ဒုတိယ လက်ချာကို သတိရမိလိုက်ပါတယ်။ သူ့ ဒုတိယလက်ချာက….
“ငါကမင်းတို့ကို မိုင်းကွင်းခင်းကျင်းတဲ့အခါမှာ ခံယူထားရမယ့်သဘောထားတွေကို အရေးပါမှုအလိုက် အမှတ်စဉ်ထိုးပြီး ၁-၂-၃ ဆိုပြီး ပြော သွားတယ်။ တကယ်လည်း ဒါက မိုင်းတပ်သားတယောက်အနေနဲ့ ခံယူထားရမယ့်သဘောတရားပဲ။ ဆိုတော့ လက်တွေ့မှာရှေ့တန်း စစ်မြေ ပြင်တွေရောက်တဲ့အခါမယ် တချို့မိုင်းတပ်သားတွေက အမှတ်စဉ်တစ် နဲ့ နှစ် ကိုသောက်တလွဲတွေးပြီး သောက်တလွဲလျှောက်လုပ်ကုန် တာတွေလည်း တကယ့်ကိုရှိတယ်။
မိုင်းခင်းရင်း ကိုယ့်ကို ပြန်ထိမှာ ကြောက်တော့ မိမိအန္တရာယ်မဖြစ်ရေးနဲ့ မိမိလူတွေ အန္တရာယ်မဖြစ်ရေးဆိုတာကို ကာဗာလုပ်ပြီး မိုင်းကို အသက်မသွင်းတော့ဘူး။ ထောင်တော့ ထောင်လိုက်တာပဲ။ မိုင်းအလုံးလိုက်ကြီးကို မြေကြီးပေါ်မှာ ထောင်ထားလိုက်တာ။ အသက်သွင်းတာ မဟုတ်ဘူး။ အသက်မရှိတဲ့မိုင်းဟာ ကျည်ဆံမရှိတဲ့သေနတ်လောက်တောင် အသုံးဝင်တာမဟုတ်ဘူး။ သေနတ်ကမှ ကျည် မရှိပေမယ့် ရိုက်လို့တော့ ရသေးတယ်။
ဆိုတော့ အဲသလိုလုပ်တာရဲ့ အကျိုးဆက်က ဘာဖြစ်လာသလဲ။ တစ်တချက် မိမိကိုယ်ကိုယ်လည်း အန္တရာယ်တော့မဖြစ်ဘူး။ နှစ်တချက် မိမိလူတွေကိုလည်းအန္တရာယ်မဖြစ်တော့ဘူး။ သုံးတချက် ရန်သူကိုလည်း ဘာမှမလုပ်နိုင်တော့ဘူး။ ကိုယ့်ခံစစ်စခန်းမှာ အဲသလိုမိုင်းကွင်းမျိုးရှိတာနဲ့ မရှိတာ ဘာမှမထူးဘူး။ အတူတူပဲလို့ မင်းတို့ကထင်မယ်။ မတူဘူး၊ ထူးတယ်၊ ဘာမိုင်းကွင်းမှ မရှိတာထက် အဲသလိုမျိုးမိုင်းကွင်းရှိနေတာက အန္တရာယ်ပိုကြီးကြောင်း ငါ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြမယ်။  
ငါ မိုင်းတပ်သားဘဝနဲ့ ရင်ဆိုင် ကုန်းတခုကိုရောက်တယ်။ ငါ့ရှေ့ကလူက ငါ့ကိုအဲဒီခံစစ်ရဲ့အတားအဆီးတွေနဲ့ မိုင်းကွင်းတွေကို မြေပုံတွေနဲ့ပဲ လွှဲသွားတာ။ ငါ့မှာရော သူ့မှာရော မြေပြင်ကို စစ်ဆေးပြီးမှ လွှဲပြောင်းလက်ခံလုပ်ဖို့ အချိန်မရလိုက်ခဲ့ဘူး။ တပ်တွေအချိန်းအပြောင်းလုပ်ပြီး နောက်နေ့မနက်လင်းအားကြီးအချိန်မှာ အတွင်းဘက် တတိယခံစစ်စည်းရိုးတိုင်တွေကို လောင်ချာနဲ့ လှမ်းပစ်သံကြားတော့မှ ကင်းသမားကလန့်နိုးပြီး အတွဲလိုက် ဆွဲချလိုက်တော့မှ တစခန်းလုံးလန့်ဖြန့်ပြီးနိုးကုန်ကြတာ။ ဒါပေမယ့် နောက်ကျသွားပြီ။ ရန်သူက ဘန်ကာတွေကိုတောင်ဖြိုနေပြီ။ ဘာမှပြန်လုပ်ချိန်မရတော့ဘူး။ အားလုံးခွေးပြေးဝက်ပြေး ပြေးနိုင်လို့လွတ်လာတာ။ နောက်တော့ စခန်းကိုပြန်တိုက်တယ်။ ပြန်ရတယ်။ အဲဒီညကကျတဲ့ ကင်းသမားတွေ အကုန်လုံးအရေးယူခံလိုက်ရတယ်။
ငါ့ကို ဗျူဟာမှူးက မိုင်းတွေဘာကြောင့်မကွဲတာလဲ။ ရန်သူကစနစ်တကျ ဖြုတ်သွားနိုင်ခဲ့လို့သာ စခန်းရဲ့ နောက်ဆုံးခံစစ်ခြေကို ကပ်လာနိုင်တာ ဟုတ်မဟုတ် ခေါ်မေးပြီး မိုင်းကွင်းတွေကို ပြန်စစ်ခိုင်းတယ်။ ငါ ပြန်စစ်တော့မှ ဘယ်မိုင်းမှ အသက် သွင်းထားတာမရှိတာတွေ့တယ်။ တွေ့တဲ့အတိုင်း အစီရင်ခံလိုက်တယ်။ လွှဲပြောင်းလက်ခံလုပ်စဉ်က မြေပြင်ကိုစစ်ဆေးပြီးမှ လုပ်ခဲ့တာမဟုတ် တဲ့အတွက် ငါလည်းအရေးယူခံရတယ်။
အသက်ရှိနေတဲ့မိုင်းတလုံးဟာ သက်ရှိကင်းသမားတယောက်ထက် စိတ်ချရတယ်။ လူကမှ ပင်ပန်းရင် ကင်းငိုက်တတ်တယ်။ မိုင်းက ဘယ်တော့မှမငိုက်ဘူး။ သေနတ်တလက်ကျည်ထွက်ဖို့ဆိုတာ ပစ်သူလိုတယ်။ အသက်ရှိနေတဲ့မိုင်းက ကွဲဖို့ လူမလိုဘူး။ သက်မဲ့မိုင်းဟာ ဘာမှအသုံးမဝင်ဘူး။ ခံစစ်တွေမှာ မိုင်းဟာ လူထက်စိတ်ချရတဲ့ကင်းသမားပဲ။ မိုင်းကိုစိတ်ချပြီး ကင်းသမားဟာ ကင်း ငိုက်တတ်တယ်။ ဒါကြောင့်ကင်းစစ်ဆိုတာ ထားရတာပဲ။ ငါက ကင်းသမားကင်းငိုက်တာကို အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူး။ ကင်းသမား လည်းလူပဲ။ မိုင်းက ကင်းစစ်မလိုဘူး။ ဆိုတော့ မိုင်းကိုစိတ်ချပြီး ကင်းသမားကငိုက်တယ်။ ငိုက်တော့ မိုင်းက သက်မဲ့မိုင်းဖြစ်နေတာ။ မိုင်းအဖြစ် သွားတာမဟုတ်ဘူး။ ဆိုတော့ ရန်သူကအတွင်းစည်းထဲအထိ လုံလုံခြုံခြုံရောက်လာတယ်။ သိလိုက်တဲ့အချိန်မှာ နောက်ကျကုန်ပြီ။ ဘာမှမတတ်နိုင်တော့ဘူး။ ဘာမိုင်းကွင်းမှမရှိထားဘူး ဆိုတာကို ကင်းသမားကကြိုသိထားရင် ဘယ်လိုလုပ်ငိုက်ရဲမှာလဲ။
 မင်းတို့စဉ်းစားကြည့်။ ကင်းသမားဆိုတာ ရန်သူဝင်တိုက်ရင် အရင်ဆုံးသေရမယ့်သူ။ သူကင်းငိုက်ရင် သူဟာအရင်ဆုံး သေလူပဲ။ သူမသေရေးအတွက်တော့ သူစဉ်းစားမှာပဲ။ အေး..အဲဒါပဲ။ မိမိကိုယ်ကို အန္တရာယ်မဖြစ်ရေး မိမိလူတွေ အန္တရာယ်မဖြစ်ရေး ဆိုတဲ့ကာဗာနဲ့ မိုင်းကွင်းကို အသက်မသွင်းရဲရင် အစကတည်းက မိုင်းတပ်သားမလုပ်တာ အကောင်းဆုံးပဲ။ အဲသလိုမိုင်းကွင်းမျိုးနဲ့ အဲသလိုမိုင်းတပ်သားတွေရှိနေတာထက် မရှိတာကမှ ပိုကောင်းသေးတယ်”
ဆိုတာပါပဲ။
ကျနော်စိတ်က အကျဉ်းထောင်အသီးမှာရှိနေတဲ့၊ ၂ ထောင်ကျော်မိုင်းတပ်သားတွေဆီရောက်သွားတယ်။ ရန်သူကိုထိရေးအတွက် မိုင်းတွေ အသက်သွင်းရင်း မိုင်းထိမှာ မကြောက်ကြသူတွေ။ ကိုယ့်လူကို ကာကွယ်ရင်း ခြေချော်လက်ချော်မှာ အထိအရှတွေရှိတာ မှန်ပေမယ် ရန်သူကို အတွင်းစည်းထဲအထိ အရောက် မခံခဲ့ကြသူတွေ။ သက်ရှိမိုင်းတွေနဲ့ ကင်းသမားကို နိုးကြားစေခဲ့ကြသူတွေ။ တစခန်းလုံးကို မိုင်းကွင်းရဲ့ နောက်မှာလုံခြုံစေခဲ့သူတွေ။ ကိုယ့်အသက်နဲ့ရင်းပြီး မိုင်းခင်းနေကြသူတွေ။ သက်ရှိမိုင်းတွေရဲ့ သက်ရှိသမိုင်းတွေ။ အစကတည်းက မိုင်းတပ်သားလုပ်ဖို့ စာရင်းပေးသွင်းသူတွေဖြစ်ကြောင်းတော့ မိတ်ဆွေကိုပြောပြဖြစ်လိုက်ပါတယ်။