>Maung Yit – Charity Begins at Home

>

ပ သုံးလုံး ပြီးတော့ နောက်တလုံး “ပရဟိတ”
မောင်ရစ်
ဒီဇင်ဘာ ၈၊ ၂၀၁၀
ဒီဇင်ဘာ ၅ က မေတ္တာနန္ဒကျောင်းတိုက်မှာ မိုးမခစာနယ်ဇင်းအဖွဲ့ကိုယ်စား လစဉ် အရုဏ်ဆွမ်းကပ်ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ တနေရာစီ တကွဲတပြားနေရသူ မိုးမခ၀ိုင်းတော်သားတွေ၊ မိသားစုတွေအတွက် ဒီအစဉ်အလာကို လုပ်ခဲ့တာ ၂၀၀၈ နှောင်းပိုင်းကတည်းက ထင်တယ်။ လုပ်ဖြစ်နေတော့ ၀မ်းသာစရာကြုံရင်ပဲ ဖြစ်ဖြစ်၊ ၀မ်းနည်းစရာတွေပဲ ကြုံကြုံ အဲသည် ဆွမ်းကျွေးမှာ အမှတ်တရ ကောင်းမှုလုပ်ဖြစ်၊ အမျှအတမ်း ဝေဖြစ်တယ်။ သံဃာတော်များထံက ဆုံးမတရားများ နာဖြစ်တယ်ဆိုပြီး ကိုယ့်ဖာသာကိုယ် ကျေနပ်မိတယ်ပဲ ဆိုပါစို့ရဲ့။
ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယလည်း မြန်မာပြည်က ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ ဆရာတော်ကိုလည်း အရုဏ်ဆွမ်းကပ်ဖြစ်၊ မြန်မာပြည်မှာ ဆရာတော်ဆောင်ရွက်နေတဲ့ ပရိယတ္တိ၊ ပဋိပတ္တိနဲ့ ဆိုင်ရာ အလုပ်တွေအကြောင်းလည်း နာကြားဖြစ်ပါတယ်။ ဆရာတော်က စာသင်တိုက်ထူထောင်ပြီး ကိုရင်များ၊ ရဟန်းများကို စောင့်ရှောက် မွေးမြူပါတယ်။ ကမ္မဋ္ဌာန်းဆရာအဖြစ်လည်း တရားကျင့်ကြံအားထုတ်ဖို့ တိုက်တွန်းမှုတွေ ဆောင်ရွက်မှုတွေ ပြုလုပ်သူ ဖြစ်ပါတယ်။
ပရိယတ် -ဓမ္မကို သင်ကြားခြင်း၊ ပဋိပတ် – ဓမ္မကို ကျင့်သုံးခြင်းဖြင့် ပဋိဝေဒ ဆိုတဲ့ မဂ်ဖိုနိဗ္ဗာန်သွားရာလမ်းကို ထိုးထွင်း သိမြင်ခြင်း ဆိုတဲ့ အကျိုးဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထိုသို့သော အရိယာပုဂ္ဂိုလ်များဟာ ကြာပန်းတွေ ဖြစ်ပြီး၊ ဓမ္မကို ကျင့်ကြံအားထုတ်ခြင်းဟာ ရေကန်ကြီးထဲက ရေတွေ နဲ့ တူပါသတဲ့။ အဲသည်ရေတွေကို ထိန်းသိမ်းထားတာကတော့ ဓမ္မကို သင်ကြားရာ ပရိယတ်ဆိုတဲ့ ရေကန်ကြီးရဲ့ ဘောင်ကြီးတွေပါပဲ တဲ့။ အဲသည်အတွက် သာသနာကို ပြုဖို့ စောင့်ရှောက်ကြဖို့အတွက် အဲသည် ပရိယတ်၊ ပဋိပတ် နဲ့ ပဋိဝေဒ ဆိုတဲ့ ပ ၃ လုံးကို ကျနော်တို့တတွေက စောင့်ရှောက် ချီးမြှင့်ကြရမယ်လို့ နာကြားခဲ့ကြရတာ ဖြစ်ပါတယ်။
ဆရာတော်ကို သည်တခါတွေ့ကြတော့ ဆရာတော်မှာ နောက်ထပ်ပြောစရာ “ပ” တလုံး တိုးနေပါပြီ။ “ပရဟိတ” ပါတဲ့။ ဆရာတော်က သာသနာကို ပြုစုစောင့်ရှောက်တဲ့ ပရိသတ်တွေ၊ ဒကာ၊ ဒကာမတွေ၊ မြန်မာမိသားစု အသိုင်းအ၀န်းတွေကိုယ်တိုင်မှာလည်း ခေါင်းပါးခြင်း၊ ကြပ်တည်းဆင်းရဲသဖြင့် ပျောက်ကွယ် ဆုံးရှုံးခြင်း မဖြစ်ရအောင်လည်း ဆရာတော်များ၊ သာသနာပြုလိုသူများကိုယ်တိုင်က မိမိတို့ လူမှုအသိုင်းအ၀ိုင်းကို စောင့်ရှောက် မြှင့်တင်ဖို့ လိုနေပါတယ် တဲ့။ ဒါကတော့ ပရဟိတ စိတ်နှင့် ပရဟိတအလုပ်များကိုပါ ၀ိုင်းဝန်း လုပ်ကိုင်ခြင်း၊ ထောက်ပံ့ကူညီခြင်း၊ အားပေးစောင့်ရှောက်ခြင်း လုပ်ကြဖို့ ပါပဲတဲ့။
သဘောကတော့ ကြာ၊ ရေ နဲ့ ကန်ဘောင်ကို စောင့်ရှောက်တဲ့ စည်းရိုးများကိုလည်း ကျနော်တို့တတွေက မေ့ထားလို့ မရဘူး။ ပရဟိတ စိတ်တွေ အလုပ်တွေနဲ့ စည်းရိုးများကိုလည်း ထိန်းသိမ်း ပြုပြင်နေကြဖို့ လိုအပ်တဲ့ အကြောင်းပါပဲ။
ဆရာတော်က အလှူ ဆိုတဲ့ ကိစ္စကို ခွဲခြမ်းစိတ်ဖြာပြပါတယ်။ ကျနော်တို့တတွေက လှူကြ တန်းကြရင် မိမိအကျိုးရှိအောင် လှူဖို့ကို စဉ်းစားကြပါတယ်တဲ့။ ဘုရားဟော အဖြစ် ကိုးကားပြောဆိုကြတဲ့ အချက်တခုက နိဗ္ဗာန် မဂ်ဖိုသို့ သွားရန် ကျင့်ကြံနေသော မြင့်မြတ်သော အကျင့်သီလနှင့် ပြည်စုံသူများကို ရည်စူး လှူဒါန်းခြင်းဟာ မိမိအတွက် အကျိုးများတဲ့ အကျိုးဖြစ်တဲ့ အလှူဖြစ်တယ်။ ဒါကြောင့် သာသနာပြု ပုဂ္ဂိုလ်တွေ၊ သာသနာပြု အလုပ်တွေ၊ အဆောက်အဦတွေကို လှူကြဖို့ကို ကျနော်တို့ မြန်မာတွေက အားသန်ကြပါတယ်။ ဒါမျိုးကို အရိယာတွေရဲ့ အလှူလို့ ခေါ်ပါသတဲ့။ အရိယာတွေဟာ နိဗ္ဗာန်သို့ ရည်သန်တဲ့ ကောင်းကျိုးချမ်းသာကို ဦးတည်ပြီး လှူကြတယ်၊ လုပ်ကိုင် ဆောင်ရွက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
နောက် အလှူတမျိုးကတော့ ဘုရားလောင်းတို့အလှူလို့ ဆိုပါတယ် တဲ့။ သာသနာပမှာ ဖြစ်တဲ့ ဘုရားလောင်း ပုဂ္ဂိုလ်တွေအဖို့ ကောင်းမှု ကုသိုလ်ပြုတဲ့နေရာမှာ သာသနာပြုတဲ့ သူတွေ၊ အလုပ်တွေကို ရွေးချယ်ပြီး မိမိအကျိုးရှိအောင် မလှူနိုင်ပါဘူး။ မိမိမှ အပ တပါးသူတွေ ကျန်းမာ ချမ်းသာစေတဲ့ အလှူဒါနတွေ ပေးကမ်း စွန့်လွှတ်မှုတွေကို လုပ်ကြရပါတယ် တဲ့။ အားနည်းသူတွေ၊ လိုအပ်နေသူတွေကို ကူညီပေးကမ်း ထောက်ပံ့ အားပေးခြင်းဆိုတဲ့ ပရိဟိတ အလှူ၊ ပရဟိတ အလုပ်တွေဆိုတာကို ဘုရားလောင်းအလှူလို့ ပြောရမယ် ထင်ပါရဲ့။
ကျနော်တို့ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများအနေနဲ့ အတော်များများက ပ သုံးလုံးအတွက် ရည်စူုးပြီး လှူဒါန်းကြဖို့ ၀န်မလေးကြပါ။ သဒ္ဒါတရား နည်းများ မဆို လက်မနှေးကြသော်လည်း နောက် “ပ” တလုံးဖြစ်တဲ့ မိမိလူ့ဘောင်ကို သာယာအောင် စောင့်ရှောက် ပျိုးထောင်တဲ့ ပရိဟိတအလှူကိုတော့ အားနည်းနေကြသေးတယ်လို့ ဆရာတော်ကို သုံးသပ်ပြပါတယ်။ စဉ်းစားစရာပါ။
ဥပမာကတော့ အခြားသာသနာပြုများဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာန်ဘာသာဝင်တွေအပြင် ဘာသာရေးအစွဲအလန်း မရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင်မှာ ပရဟိတ အလှူခံခြင်း၊ ပရဟိတလုပ်ကိုင်ခြင်း၊ လူမျိုး ဘာသာ နိုင်ငံ ၀ါဒ ခွဲခြားခြင်း မရှိဘဲ ပရဟိတလုပ်ငန်းများ၊ အလှူများကို စနစ်တကျ လုပ်ကိုင် ဖြန့်ဝေခြင်းများတွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ လုပ်ကိုင်နေကြတာတွေကို ကြည့်နိုင်ပါတယ်။
၂၀၀၈ နာဂစ်၊ ၂၀၁၀ ဂီရိ သဘာဝဘေး အန္တရာယ်များ တိုက်ခိုက်ခံရတဲ့အခါ ထိုထို ပရဟိတလုပ်ငန်းတွေ စေတနာဝန်ထမ်းတွေဟာ နေရာအသီးသီးကနေ ကူဖို့ ကယ်ဖို့ အဆင်သင့် လက်ကမ်းကြတာကို တွေ့နိုင်ပါတယ်။ အလားတူပဲ မြန်မာပြည်က ဆရာတော်ကြီးတွေနဲ့ သာသနာပြုအဖွဲ့အချို့ကလည်း ပရဟိတလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ပြီးတော့ မြန်မာပြည်သူတွေကို စောင့်ရှောက် ပြုစုတာတွေ လုပ်လာတာကို တွေ့နိုင်ပါတယ်။
တကယ်တန်း ပြန်တွေးကြည့်ရင် ၂၀၀၇ သံဃာ့အရေးတော်ပုံဆိုတာဟာ မြန်မာပြည်သူတွေ ကြပ်တည်းဆင်းရဲလွန်းလို့ မကြည့်ရက်တဲ့ စာသင်သားသံဃာတော်တွေက မြန်မာပြည်ကြီး ချမ်းသာရေးအတွက် မေတ္တာသုတ်ရွတ်ဆိုပြီး အုပ်ချူပ်သူမင်းများကို တောင်းပန်ခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ သာသနာကို ပြူစုစောင့်ရှောက်သူ ပြည်သူတွေ ဆင်းရဲရင် သာသနာကိုယ်တိုင်လည်း မထွန်းကား မပြန့်ပွားနိုင်ဘူးဆိုတာကို သိလို့ သံဃာတော်တွေရဲ့ ကြိုးစားအားထုတ်မှု ဖြစ်ပါတယ်။
အဲသည်ကနောက်ပိုင်း တောက်လျောက်မှာ မြန်မာပြည်ရဲ့ အထွေထွေအကြပ်အတည်းတွေမှာ ၀ိုင်းဝန်း ကူညီနိုင်ဖို့ ဆရာတော်တွေက တရားဓမ္မဟောပြောနေရုံတင်သာမက ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ကိုင်ပြီးတော့ တတပ်တအား ဆောင်ရွက်လာကြတာကိုလည်း တွေ့လာရပြီ ဖြစ်ပါတယ်။ သည်ထက်ပိုပြီး ဆရာတော်တွေနဲ့ လူထုပရိသတ်ကိုယ်တိုင်ကပါ သဘောပေါက်၊ သဘောကျကြပြီး ပိုမို အားထုတ်လာကြဖို့ နားလည်လာကြဖို့ လိုတယ်လို့ ဆရာတော်က တိုက်တွန်းတဲ့ သဘော ပြောပါတယ်။
ယခုအချိန်မှာ ဆရာတော်ဦးဓမ္မပီယကိုယ်တော်တိုင်လည်း ပရဟိတအလုပ်တွေနဲ့  လည်ပတ်လှုပ်ရှားလို့ နေပါတယ်။ နာဂစ်သင့် မိဘမဲ့ကလေးငယ်တွေကို တတ်နိုင်သလောက် စောင့်ရှောက်တဲ့ လုပ်ငန်း – Myanmar Child Aid Foundation ကနေ ရန်ကုန် မင်္ဂလာဒုံမြို့နယ်မှာ မိဘမဲ့ဂေဟာနဲ့ စာသင်ကျောင်းတခုကိုပါ ဆက်လက် ထူထောင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
၂၀၀၆ နှစ်ကုန်ပိုင်းက မိုးမခရဲ့ ၃ နှစ်ပြည့် ပထမဦးဆုံး မိတ်ဆုံပွဲ ဆရာတော်ရဲ့ မေတ္တာနန္ဒကျောင်းတိုက်မှာ ကျင်းပဖြစ်ခဲ့တာကို ပြန်မြင်ယောင်မိပါတယ်။ ဆရာ ဦးတင်မိုး မကွယ်လွန်မီ၊ ဆရာ ဦးမိုးဟိန်း မကွယ်လွန်မီ၊ ဆရာမောင်စွမ်းရည်တို့နဲ့ မိုးမခ၀ိုင်းတော်သားတွေ ပရိသတ်တွေ မိတ်ဆုံတဲ့ပွဲမှာ ဆရာတော်က သြ၀ါဒစကားပြောခဲ့ဖူးပါတယ်။ ၀ါသနာပါတဲ့ ဗဟုသုတ အသိပညာ ဖြန့်ချိတဲ့အလုပ်၊ သတင်းအလုပ်၊ စာပေအလုပ်တွေ လုပ်ကြပါ တဲ့။ သို့သော် ကိုယ်တိုင်က လုပ်နိုင်မှ တတ်နိုင်တဲ့ကိုယ် ဖြစ်မှ လုပ်ကြပါ။ ကိုယ်တိုင်က မနိုင်ဘဲ လုပ်ရင်၊ ကိုယ်တိုင်က မနိုင်ဘဲ သူတဦးကို ကယ်မယ်ဆိုရင် ကိုယ်တိုင်က နစ်တတ်တယ် တဲ့။ နောက်ပြီးတော့ ကူတယ် ကယ်တယ် ဆိုတာကလည်း စွမ်းနိုင်သလောက်သာ ကူပါ ကယ်ပါ တဲ့။ နစ်နေတဲ့သူနဲ့အတူ အကြာကြီး လိုက်ပြီး နစ်နေပြီး ကူနေ ကယ်နေတာမျိုးဆိုရင် ကိုယ်ကိုယ်တိုင်လည်း နစ်နေသူ ကိုယ်တိုင် ဖြစ်သွား တတ်တယ်တဲ့။ ဆရာတော်က အဲသလို ပြောခဲ့တယ်။
အခု ၂၀၁၀ မှာ ဆရာတော်ကိုယ်တိုင်လည်း တရားပြသူ၊ တရားအားထုတ်သူ ဆရာတော်တဦး၊ သာသနာပြုနေသူ တဦး အနေနဲ့တင် မဟုတ်တော့ဘဲ သူကိုယ်တိုင်က ပရဟိတအလုပ်တွေနဲ့ ကူနေ ကယ်နေသူ ကိုယ်တိုင် ဖြစ်နေပါပြီ။ သူကိုယ်တိုင်က သာသနာပြုဆရာတော်တွေ၊ သာသနာပြု ပုဂ္ဂိုလ်တွေကို ပရဟိတဖက်ကို ချဲ့ထွင်ကြဖို့၊ အရိယာအလှူတွေအပြင် ဘုရားလောင်းအလှူတွေကိုပါ တိုးတက်လုပ်ကို်င်ပြီးတော့ အထွေထွေ အကြပ်အတည်း ဆိုက်နေတဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးကို တဖက်တလမ်းက လုပ်ကိုင်ကြဖို့ တိုက်တွန်းနေပါပြီ။
မိုးမခ၀ိုင်းတော်သားတွေအနေနဲ့ကတော့ ဆရာတော်ရဲ့ ကျောင်းတိုက်မှာ အရုဏ်ဆွမ်းကပ်ရင်းနဲ့ တတ်နိုင်တဲ့ အလှူဒါနလုပ်ရင်းနဲ့ ပရဟိတ အလုပ်တွေ စိတ်ဓာတ်တွေအတွက် အမြဲတမ်း ကျရာ ရောက်ရာနေရာက ရှိစု ရှိမဲ့လေးနဲ့တော့ ဆက်လုပ် ဆက်ကြိုးစားနေမယ်ဆိုတာကိုတော့ သက်ဝင်ယုံကြည်နေဆဲပါပဲ။ ကိုယ်တိုင် နစ်နေရင်လည်း ကိုယ့်ထက် နစ်နေတဲ့ သူတွေရဲ့ လက်ကို လွှတ်မပစ်ဘဲ မြဲမြဲ ဆက်ဆုပ်ကိုင်ပေးထားနိုင်တဲ့ကိုယ် ဖြစ်နေရင် ကျေနပ်ပါတယ်။ နစ်နေတဲ့ လက်တွေကို လက်ဆင့်ကမ်း ဆွဲတင်လိုက်တဲ့အခါ အားလုံးအတွက် အလင်းပွင့်မယ့် နေ့ဆိုတာ မဝေးပါ။ ။
(ဓာတ်ပုံ – ဆရာတော်ဦးဓမ္မပီယ နှင့် မိဘမဲ့ကလေးငယ်တဦး၊ မြန်မာပြည်၊ ဧရာဝတီတိုင်း၊ နာဂစ်သင့်ရာ ဒေသ ကျေးရွာတခု၊ ၂၀၁၀ သြဂုတ်လက တွေ့ရစဉ်။)