>Maung Luu Yay – Blessing in Burma – 14

>

မင်္ဂလာနှင့် နိုင်ငံရေး ၁၄
မောင်လူရေး
နိုဝင်ဘာ ၁၃၊ ၂၀၁၀
အာရတိ ဝိရတိပါပ မင်္ဂလာ = မကောင်းမှုမှ ဝေးဝေးရှောင်တာ မင်္ဂလာ။
အာရတိပါပ = မကောင်းမှု၏ မလျော်မှုကိုမြင်၍ မကောင်းမှု၌ မပျော်တော့ခြင်း။
ဝိရတိပါပ = မကောင်းမှုမှာ စိတ်မပျော်သဖြင့် နှုတ်တစ်ရာရော စာတစ်လုံးပါမသုံး၊ လက်စွမ်းခြေစွမ်းမပြ မတော် မတရားမှန်သမျှ ဘာမှမလုပ်ဘဲနေခြင်းမင်္ဂလာဟု အဓိပ္ပါယ်ရသည်။
မကောင်းမှုဆိုသည့်အတိုင်း ကောင်းသည့်အမှုမဟုတ်သည်ကို၊ ရွံရှာစက်ဆုပ်ဘွယ် အော့နှလုံးနာဘွယ်ကောင်း သည်ကို၊ တလောကလုံး၏အညစ်အကြေးဖြစ်သည်ကို၊ ကိုယ့်ကိုလာနှံလျှင်လဲ ဘယ်ဂလောက်မှ လက်မခံနိုင် သည်ကို ကျကျနနသိရှိရာသည်။
မြတ်စွာဘုရားသည် -ရဟန်းတို့ တရားမဟုတ်ဟူသည်၎င်း အကျိုးမဲ့ဟူသည်၎င်း အဘယ်နည်း။
မှားယွင်းသောအမြင်၊ မှားယွင်းသောအကြံအစည်၊ မှားယွင်းသောစကား၊ မှားယွင်းသောအလုပ်၊ မှားယွင်းသော အသက်မွေးမှု၊ မှားယွင်းသောလုံ့လ၊ မှားယွင်းသောသတိ၊ မှားယွင်းသောသမာဓိ၊ မှားယွင်းသေဉာဏ်၊ မှားယွင်းသောလွတ်မြောက်မှုတို့တည်း။
ရဟန်းတို့ ဤသည်ကို တရားမဟုတ်ဟူ၍၎င်း၊ အကျိုးမဲ့ဟူ၍၎င်း ဆိုအပ်၏- ဟု ဟောထားသည်ကို ဆင်ခြင် နှလုံးသွင်းရာသည်။
ယနေ့ ရွှေတို့ပြည်တွင် တရားမဟုတ်သဟာတွေ တအားလုပ်နေရသည်။ အကျိုးမဲ့ဆိုသဟာတွေ တိုးချဲ့နေ ရသည်။
တစ်နေရာ၌လည်း မြတ်စွာဗုဒ္ဓသည်- ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ဆင်းရဲစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်း၎င်း ရန်ငြိုးဖွဲ့ခြင်း၎င်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်း၎င်း အပြိုင်ပြု ခြင်း၎င်း။ ငြူစူခြင်း၎င်း ဝန်တိုခြင်း၎င်း။ လှည့်ပတ်ခြင်း၎င်း စဉ်းလဲကောက်ကျစ်ခြင်း၎င်း။ ဒုစရိုက်တို့မှ မရှက်ခြင်း ၎င်း ဒုစရိုက်တို့မှ မလန့်ခြင်း၎င်းတို့တည်း။
ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆင်းရဲစွာနေရ၏ – ဟု မိန့်တော်မူ၏။
ဤတရားနှစ်မျိုးနှင့် ရွှေတို့တပြည်လုံး ပြည့်စုံကုံလုံကြွယ်ဝနေသည်မှာ သေချာလှသည်၊ ကမ္ဘာတွင် အမွဲတကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင်ဘွဲ့ရထားချေပြီ မဟုတ်လော။
တိုင်းပြည်ကသာ ဖွံ့ဖြိုးတိုးတက်မှုနည်းပါး ဖွတ်မင်းနောင်ဘွဲ့ချီးမြှင့်ခံထားရသည်ဆိုသော်ငြား ကိုတေဇ ကိုခင်ရွှေတို့လိုသူဌေးများကလည်း ပေါများလှချေသည်၊ ဆင်းရဲလှသောတိုင်းပြည်တပြည်တွင် ချမ်းသာလှသော သူဌေးများဖြစ်ပေါ်လာပုံကို မြတ်စွာဘုရားရှင်သည် မဟာစောရသုတ်=ဧရာမသူခိုးကြီးများဟူသော တရားတော် ၌ အောက်ပါအတိုင်းဟောကြားထားခဲ့ပေသည်။
ဓမ္မသဝန=တရားနာခြင်းဟူသောကုသိုလ်ပါရမီဖြည့်လေဦး။
-ရဟန်းတို့ အင်္ဂါသုံးမျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖေါက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တအိမ်တည်းကိုသော်လည်း တိုက်ခိုက်လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏။
အဘယ်သုံးမျိုးတို့နည်း ဟူမူ– ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကိုသော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာကူးခက်သော မြစ်ကိုသော်၎င်း မညီညွတ်သော တောင်ကို သော်၎င်း (ယခုမူ အကွဲကွဲအပြားပြား နိုင်ငံရေးအုပ်စုများကို၎င်း)အမှီရ၏။  ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသည် မည်၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော်၎င်း သစ်တောကိုသော်၎င်း ထူထဲသောတောအုပ်ကို သော်၎င်း  တောအုပ်ကြီးကိုသော်၎င်း (ယခုမူ ထိုတောအုပ်ကြီးတို့ကို ခုတ်ထွင်ရခြင်းကိုသော်၎င်း) အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောကို အမှီရ၏။
ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း။
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မင်းတို့ကိုသော်၎င်း မင်းတို့၏အမတ်ကြီးတို့ကိုသော်၎င်း အမှီရ၏၊ ထိုခိုးသူကြီးအား “ငါ့ကို တစုံတယောက်သောသူသည် တစုံတရာကိုပြောငြားအံ့၊ ဤမင်းတို့ကသော်၎င်း မင်း၏အမတ်ကြီးတို့ကသော်၎င်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကြကုန်လတ္တံ့” ဟု အကြံဖြစ်၏၊ တစုံတယောက်သောသူသည် တစုံတရာကို အကယ်၍ ပြောအံ့၊ ထိုမင်းတို့ကသော်၎င်း ထိုမင်း၏အမတ်ကြီး တို့ကသော်၎င်း အပြစ်ကို ကာကွယ်၍ ထိုခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။
ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရ၏။
ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့်ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖေါက်ထွင်း၏၊ ရွာကိုသော် လည်း တိုက်ခိုက်လုယက်၏၊ တအိမ်တည်းကိုသော်လည်း တိုက်ခိုက်လုယက်၏၊ လမ်းခရီး၌ စောင့်၍သော် လည်း တိုက်ခိုက်လုယက်၏။(ယခုမူ မြို့ကိုသော်လည်း ဖေါက်ထွင်း၏၊ တိုင်းကိုသော်လည်း တိုက်ခိုက်လုယက်၏၊ နိုင်ငံကိုသော်လည်း ဖောက်ထွင်း၏၊ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏)
ခေတ်ပျက်သူဌေးမဟာစောရများ ပေါ်ပေါက်ပုံတရားတော် ဤတွင်၍ ပြီးပြီ။
ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသကဲ့သို့ စိတ်သည်လည်း မကောင်းမှု၌ ပျော်ပိုက် နှစ်ခြိုက်ကြောင်းဟော ထားချေသေးသည်။
 အာရတိပါပဖြစ်ဘို့မှာ ထိုသို့စိတ်၏အခြေခံသဘာဝကို သိနားလည်ရုံမျှမက မကောင်းမှု၏ ကြောက်မက်ဖွယ် ဆိုးရွားသောအကျိုးဆက်နှင့် ထိုမကောင်းမှုကိုယ်တိုင်၏ ရိုင်းပျဖွယ် ရှက်ဖွယ်လိလိရှိပုံကို ရှင်းရှင်းလင်းလင်း သိထားရမည်။
ဝိရတိပါပဖြစ်ဘို့ကျတော့ သတိဝိရိယနှင့် ဖိဖိချ၍ မကောင်းမှု၌ နှစ်ခြိုက်သည့် စိတ်အနေကို ကြိတ်ချေရမည်။ ထို့နောက် လူမိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနှင့်ကင်းအောင်နေစသည့် မင်္ဂလာများကို လိုက်နာရင်း ဖြည့်သွင်းရင်း မကောင်းမှုကြီးကို ရှင်းထုတ်ပစ်ရမည်။
ထိုသို့ မကောင်းမှုကြီးကို ရှင်းထုတ်နိုင်ပြီဆိုလျှင်တော့ အာရတိ ဝိရတိပါပမင်္ဂလာနှင့် သာယာဝေစည် ရွှေဝါပြည် ဖြစ်တော့မည်ကား မလွဲဧကန်သာလတည်း။