>
အောင်ဝေး
အောက်တိုဘာ ၁၆၊ ၂၀၁၀

“—ပမညတတွေက ခေတ်ပြောင်းတော်လှန်ရေးအတွက် ဆိုရင် ကော်ပဲ ကျိုရကျိုရ၊ ပိုစတာပဲ ကပ်ရကပ်ရ၊ ခွေးကတက်မှာပဲ အိပ်ရအိပ်ရ ဆိုပြီးတော့တောင် ဟစ်ခဲ့ကြသေးတာမဟုတ်လား—”
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ အရင်တစ်ပတ်က ကျနော် စထားခဲ့တဲ့ “လေတံခွန်-ဂျင်-ပြွတ်-မုန့်သိုင်းခြုံ” ဆိုတဲ့ စကားအကြောင်း ဆက်ကြရအောင်လား။
ဒီအကြောင်း မပြောခင် အရင်ဆုံးစကား နည်းနည်း ပလ္လင်ခံပရစေဦး။ ဒီလိုပါ။ လူတစ်ဦးချင်း အနေနဲ့ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအရဖြစ်ဖြစ် တစ်ခါတစ်ခါ ရပ်တည်ချက်၊ ယုံကြည်ချက် ပြောင်းသွားတာမျိုး။ ကြုံဖူးမှာပါ။ တချို့က တစ်ဆစ်ချိုးကွေ့ပြီး ပြောင်းလဲသွားကြတာ ရှိတယ်။ တချို့ကျ မသိမသာ ညွတ်ညွတ်ကွေးကွေးလေး ပြောင်းသွားတာမျိုး။ တချို့ကျတော့ မူလ ယုံကြည်ချက်၊ မူလ ရပ်တည်ချက် သွင်သွင်ပိုင်းပိုင်း အချိုးခံရပြီး အဲဒီ အကျိုးအကြေကြီး အတိုင်း ပြောင်းလဲသွားတာ။
တို့ဗမာအစည်းအရုံး သမိုင်းမှာ သခင်ဗစိန် ဆိုတာ ရှိတယ်။ မြန်မာပြည်မှာ လက်ဝဲဝါဒ၊ ကွန်မြူနစ်ဝါဒကို စတင် မျိုးစေ့ချခဲ့တဲ့သူဟာ သခင်ဗစိန်ပါပဲ။ နောင်တော့ တို့ဗမာအစည်းအရုံးကြီး လက်ဝဲဂိုဏ်း၊ လက်ယာဂိုဏ်းဆိုပြီး နှစ်ခြမ်း ကွဲကြတော့ လက်ယာဂိုဏ်း ခေါင်းဆောင်က အဲဒီ သခင်ဗစိန်ပဲ ပေါ့ဗျာ။ ဗစိန်-ထွန်းအုပ်-ရှုမောင်ဂိုဏ်း လို့တောင် ခေါ်ကြတာ မဟုတ်လား။ ရှုမောင်ဆိုတာက သခင်ရှုမောင်တစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးနေဝင်း။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အမှူးပြုတဲ့ သခင်သန်းထွန်း၊ သခင်စိုး တို့ကတော့ တို့ဗမာအစည်းအရုံး လက်ဝဲဂိုဏ်း ခေါ်တာပေါ့ဗျာ။ ဒါ ထားလိုက်ဦး။
နောက်တစ်ခါ၊ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက ခေတ်ပြောင်း တော်လှန်ရေးလို့ အသံကောင်း ဟစ်ပြီး စစ်အာဏာ သိမ်းတဲ့ အချိန်တုန်းက။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ် အာဏာသိမ်းမှုကို ဗကသ၊ တကသ ကျောင်းသား အင်အားစုက အပြင်းအထန် ရှုတ်ချ ကန့်ကွက်နေတဲ့ ကြားကပဲ၊ တိုးတက် တော်လှန်ပါတယ် ဆိုတဲ့ လက်ဝဲယိမ်း ပမညတ ပါတီဟာ အဲဒီ တော်လှန်ရေးကောင်စီကို ပစ် ထောက်ခံခဲ့တာလေဗျာ။
ပမညတတွေက ခေတ်ပြောင်းတော်လှန်ရေးအတွက် ဆိုရင် ကော်ပဲ ကျိုရကျိုရ၊ ပိုစတာပဲ ကပ်ရကပ်ရ၊ ခွေးကတက်မှာပဲ အိပ်ရအိပ်ရ ဆိုပြီးတော့တောင် ဟစ်ခဲ့ကြသေးတာမဟုတ်လား ကိုဒေါင်း။
နောက်ဥပမာတစ်ခုက၊ ကျနော်တို့ NLDမှာ စလုပ်ကြတုန်းက ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး အနားမှာ ဝိုင်းရံနေတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် အမှုတွဲတွေနဲ့လည်း လက်တွဲ လုပ်ခဲ့ကြရတာ ရှိတယ်။ ဆိုပါတော့ဗျာ၊ အခု မကြာခင်ကမှ ထောင်က ပြန်လွတ်လာတဲ့ ဗိုလ်ကြီးဝင်းထိန်၊ ကျိုက်လတ်က ဗိုလ်ကြီးကျော်ရှိန်း၊ ပြီးတော့ ဗိုလ်ကြီးစိန်သောင်း၊ အစရှိသဖြင့်ပေါ့။ အဲဒီအထဲက တစ်ယောက် ဆိုပါတော့။ ကျနော်နာမည်တော့ ထုတ်မပြောအပ်လို့ မပြောတော့ပါဘူး။ နဝတက ကောက်ပြီး သူကောင်းပြုလိုက်တာ နဂို ယုံကြည်ချက်တွေ၊ ရပ်တည်ချက်တွေ ဘယ်ရောက်သွားမှန်း မသိအောင်ကို ပြောင်းလဲသွားတော့တာပဲ။
ကိုဒေါင်းရေ၊ ကျနော်တို့ ရဲဘော်ကြီး ကဗျာဆရာ မောင်ချောနွယ် အမြဲ ပြောပြောနေခဲ့ဖူးတဲ့ စကား အရှိသားကလား။ လောကမှာ မိတ်ဆွေစစ်စစ်နဲ့ ရန်သူစစ်စစ် ဒီနှစ်မျိုးပဲ ရှိတယ် တဲ့။ ဘယ်သူက မိတ်ဆွေလဲ၊ ဘယ်သူက ရန်သူလဲ။ ဒီအချိန်ဟာ နွားရိုင်းသွင်းချိန် ဆိုတော့ မှောင်မှောင်ရီရီ၊ မြူခိုးလား၊ ဖုန်ခိုးလား၊ ဝိုးတိုးဝါးတား၊ လူလုံးက သိပ်မကွဲချင်လေတော့ မိတ်ဆွေ-ရန်သူ ခွဲခြားရ ခက်တဲ့ အချိန်ပေါ့။
အခု အချိန်ဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲလေချဉ် တက်နေတဲ့ အချိန်။ နိုင်ငံရေး ရာသီ ဥတုကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောသလို မိုးကုပ်စက်ဝိုင်းမှာ မုန်တိုင်းမိုးတိမ်တွေနဲ့ ဆိုသလိုမျိုး။ ဒီလိုအခြေအနေမှာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ဖို့ ခတ်ကွင်း ပြင်နေကြတဲ့ ကိုယ့်အထဲက တချို့လူတွေ၊ ဒီလူတွေ “လေတံခွန်-ဂျင်-ပြွတ်-မုန့်သိုင်းခြုံ” ဖြစ်သွားမှာ စိုးရိမ်လို့ ကျနော် ပြောနေတာပါ ကိုဒေါင်း။
ဒီစကားအဓိပ္ပာယ် ဒီလိုဗျာ။ လူတစ်ယောက် ဆိုပါတော့။ သူ အသက်မွေးဝမ်းကျောင်းပုံက ကလေးတွေ လေတံခွန် လို့ ခေါ်တဲ့ စွန်လွှတ် ကစားကြတဲ့ အချိန်မှာ သူ စွန်လုပ်ရောင်းတယ်ဗျာ။ သူက ဂွင်ကို အမြဲကြည့်နေတာ။ ဟော – ကလေးတွေ စွန် မုန်းသွားပြီ၊ စိတ်ပြောင်းသွားပြီ။ ဂျင်ပေါက်ချိန်၊ ဂျင်ရာသီ ရောက်ပြီ။ ဒီလူ ဂျင်တွေ ခုတ်ပြီး ဂွင်ဖန်တော့ တာပေါ့။ ကလေး ဆိုတဲ့ အမျိုးကလည်း ဆယ့်နှစ်လရာသီလုံး စွန်ချည်း လွှတ်နေတာ၊ ဂျင်ချည်း ပေါက်နေတာ မဟုတ်လေတော့၊ ဂွင်ပျက်နေတဲ့ အခါမျိုးဆိုရင် ဒီလူ ကြိုတင် ကြံစည်ပြီး၊ သင်္ကြန်က အဝေးကြီး လိုသေး၊ ဒီလူရေပြွတ်တွေ လုပ်ပြီး ရောင်းနေပြန်ပြီ။ သင်္ကြန်ကလည်း ဗုံးတွေ ဘာတွေ ပေါက်တော့ မစည်ဘူးတဲ့ ဗျာ။ ရေပြွတ်တွေ ရောင်းမကောင်းဘူးနဲ့တူပါရဲ့။ ဒါနဲ့ပဲ ဒီလူ ကြုံရာကျပန်း ဘုရားပွဲတကာ လှည့်ပြီး မုန့်သိုင်းခြုံ လုပ်ရောင်းနေပြန်သတဲ့။ ဘုရားပွဲကလည်း ကြံ့ဖွတ်က ထိန်းချုပ်ထားတာ ဆိုတော့ ထင်သလောက် မကိုက်ပြန်ဘူးတဲ့။ နောက်ဆုံး ကြားရတဲ့ သတင်းကတော့ အဲဒီလူ အကြံကုန် ဂဠုန်ဆားချက်၊ ဇာတ်တစ်ဇာတ်ထဲ လိုက်သွားတာ၊ ဇာတ်ထဲမှာ ဝန်ကြီးဖြစ်နေတယ် ဆိုလားပဲ ကိုဒေါင်းရေ။
ဒီစကား ကျနော့်ကို ပြောခဲ့တဲ့ သူကတော့ အင်းစိန်-စီအိုင်ဒီက ချစ်လှစွာသော မိတ်ဆွေကြီး ရဲစုံထောက် အရာရှိကြီး တစ်ယောက်ပါပဲဗျာ။
အားလုံးကိုသတိရလျက်-
အောင်ဝေး
ဇူလိုင်၂၁-၂ဝ၁ဝ။