>
ကျော်သူ
အောက်တိုဘာ ၁၀၊ ၂၀၁၀
အောက်တိုဘာ ၁၀၊ ၂၀၁၀
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) နှင့် မရည်မွန် (ယဉ်ကျေးမှုတက္ကသိုလ်) တို့၏ သမီးလေး၊ စံရွှေမြင့်၏ အရှင်သခင်ဖြစ်သော ကာတွန်း ဦးမြင့်သိန်း + ဒေါ်တူးတူးမြင့်သိန်း (အလင်္ကာဝတ်ရည်မဂ္ဂဇင်း အယ်ဒီတာ) တို့၏ မြေး ဖွေးဖွေး (ခ) Violet မြတ်ပန်းဖွေး၏ (၈) နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဖွေးဖွေး ရေးဆွဲထားသော ပန်းချီကားချပ်များအား ဒဂုံမြို့နယ်၊ ဗိုလ်ရာညွှန့်လမ်း၊ အမှတ် (၅၄)၊ 1-E ရှိ New Zero Art Space ပန်းချီပြခန်းတွင် ၁၀.၁၀.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၁၀း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းပြပွဲအား ၂၀၁၀၊ အောက်တိုဘာ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပြပွဲပြုလုပ် ကျင်းပသွားမည် ဖြစ်ပါသည်။
ယင်း မျိုးဆက်သစ် ပန်းချီပညာရှင်လေး ဖွေးဖွေး၏ မွေးနေ့ပွဲနှင့် ပန်းချီပြပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ အသင်းသူ/သားများ အပြင် ရုပ်ရှင်၊ စာပေ၊ ပန်းချီအနုပညာလောကမှ ပညာရှင်များ လာရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။ မျိုးဆက်သစ်ပန်းချီ ပညာရှင်လေး ဖွေးဖွေးသည် နေမကောင်းသည့်ကြားမှ မွေးနေ့ပွဲ အခမ်းအနား၌ မွေးနေ့ကိတ်ကို လှီးဖြတ်ကာ ဧည့်ပရိတ်သတ်များအား ကျွေးမွေးဧည့်ခံ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းအတွက် အထောက်အကူပြု ပန်းချီရေးဆွဲစာအုပ် (၂၀) အုပ်အား ပေးအပ်လှူဒါန်းခဲ့သည်။

မျိုးဆက်သစ် ပန်းချီပညာရှင် ဖွေးဖွေး၏ လက်ရာများသည် ပွင့်လင်းသည်။ ရိုးစင်းသည်။ ထက်မြက်သည်။ ရဲရင့်သည်။ ဖွေးဖွေး၏ လက်ရာပန်းချီကားများ အနက်မှ We are the same ကားချပ်ကို ဖော်ပြသော အယူအဆ၊ အတွေးအခေါ်၊ ခံစားချက်တို့သည် ကမ္ဘာလောကကြီးတခုလုံးအတွက် တန်းတူအခွင့်အရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့ကို ဖော်ညွှန်းသော အနုပညာပြကွက် တခုဖြစ်သည့်အတွက် အလွန်အမင်း နှစ်သက် တန်ဖိုးထားမိပါသည်။
၁၀.၁၀.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့သော မျိုးဆက်သစ် ပန်းချီပညာရှင်ကလေး ဖွေးဖွေး၏ ဖန်တီးမှုများသည် ဖြူစင်သောအတွေး၊ ပွင့်လင်းသောအမြင်တို့နှင့် ရိုးစင်းသော စိတ်ဆန္ဒ၊ ရဲရင့်သော ခံစားချက်တို့ဖြင့် ပုံဖော်ရေးဆွဲထားသော ငြိမ်းချမ်းမှုကို ရှေးရှုသည့် ၁၀.၁၀.၁၀.၁၀ (တစ်ဆယ်) လေးလုံး သက်ရောက်သော အနုပညာမွေးဖွားသော ပြပွဲတရပ်ပင် ဖြစ်တော့သည်။