>မိုးမခတောထဲက သတင်း အပိုင်းအစများ
အမေရိကန်ကို နားရွက် တံတွေး စွတ်ခြင်းလား
အမေရိကန်နဲ့ ဂျပန်သံရုံးတွေက လုပ်တဲ့ အခမ်းအနားကို ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့က အဆင့်ခွဲခြားပြီး လူလွှတ်လိုက်ကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရပါတယ်။ အမေရိကန်သံရုံးပွဲကို ညွှန်ချုပ်တယောက် လွှတ်လိုက်ပြီး ဂျပန်နိပွန်သံရုံးပွဲကိုတော့ ဗိုလ်ချုပ်ကြီးတယောက်ကို ပို့လိုက်ပါသတဲ့။ ဗိုလ်ချုပ်ကြီးတို့က ကမ္ဘာ့ ငပွကြီး အမေရိကန်ကို ဆက်ဆံပုံလေးက မှတ်သားလောက်ပါပေရဲ့။ “သဘောကတော့ protocol အရ မင်းတို့ ကို ဂရုမစိုက်လို့ ဆိုချင်တာလေ” လို့ ရန်ကုန်မြို့က မိုးမခ ပရိသတ်တယောက်ကဆိုပါတယ်။ ခွဲခြားခွဲခြား လုပ်ပြလိုက်ရတာကို အခုလောက်ဆို ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့ ကြိတ်ပြီး ပီတိဖြာနေလောက်ပါပြီ။
အမေရိကန် သံရုံးက လုပ်တဲ့ ၂၃၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သံမှူးနဲ့ ဟောင်းအာယူး လုပ်နေတဲ့ ညွှန်ချုပ် ဦးပေါ်လွင်စိန်
ဂျပန် တပ်မတော်နေ့မှာ ဂျပန်သံအမတ်နဲ့ ကိုနိချိဝ လုပ်နေတဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ဇနီး ဒေါ်ခင်သက်ဌေး
အမေရိကန်တို့ “စနစ်တကျဘိလပ်မြေ” သုံးဖို့လို
ဒီနေ့ မြန်မာ့အသင်းတင်းစာမှာ အမေရိကန်နဲ့တိုက်ရိုက် သက်ဆိုင်တဲ့ တပုဒ် ဖတ်ပြီး ပြုံးမိကြမယ် ထင်ပါတယ်။ မပြုံးမိရင်တော့ အဆုံးအထိ မဖတ်မိလို့ ဖြစ်မှာပါ။
အဆုံးသတ်မှာ ရေးထားတာက “စနစ်တကျဘိလပ်မြေ”နဲ့ မပိတ်တဲ့အတွက် ပင်လယ်ထဲကို ရေနံတွေ ယိုဖိတ်ခဲ့ပါသတဲ့။ ကျုပ်ကတော့ လေထဲမှာပဲ တိုက်အိမ်ဆောက်ဖူးတာမို့ ဘိလပ်မြေအကြောင်း မသိပါဘူး။
ကျောင်းမှာလည်း ဘိလပ်မြေအကြောင်း မသင်ခဲ့ရဘူးလို့ ရေးတေးတေး မှတ်မိပါတယ်။ ဒါပေတည့် ဘိလပ်မြေနဲ့ မဝေးခဲ့ပါ။ ဘိလပ်မြေ အိတ်ခွံ အလယ်ပိုင်းက အညိုရောင် ပြောင် (ဗြောင်) စက္ကူ ဖြစ်တာကြောင့် အဲဒီစက္ကူနဲ့ စာအုပ်အဖုံး ဖုံးခဲ့ပါတယ်။
သတင်းစာမှာက အရေးအသား အဖြတ်အတောက် မှားယွင်းမှု တခါတရံ ရှိမှာပါပဲ။ နေ့တိုင်း ထုတ်နေရတာ မဟုတ်လား။ ကျုပ်တို့ကလည်း ဖတ်မိလို့ ကျီစယ်တယ် ဆိုပါရစေ။
ရွေးကောက်ပွဲအောင်မြင်ရေးဂျာနယ်
နောက်ဆုံးထုတ် အသံဂျာနယ် အယ်ဒီတာ့ အာဘော်က ပေါတာကြီးသန်းရွှေရဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ လှုံ့ဆော်ထားဟန် တူပါတယ်။ တူပါတယ် လို့ ဘာကြောင့် ထင်သလဲ ဆိုတော့ အစိုးရက လုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံကြလော့ လို့ တိုက်ရိုက်မရေးဘဲ ရှည်လျားပေများစွာ ဘိုဆန်ဆန် ရေးထားတဲ့အတွက် ပါပဲ။ ဖတ်ကြည့်ပါဦး အရပ်ကတို့။
“မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲများ ဖြစ်ပေါ်စေရေး အတွက် ပြည်သူ လူထု၏ ပါဝင်ခွင့်ကို မရရှိနိုင်ဘဲ ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၂ နှစ် ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မည်သည်မျှ ဖြစ်ပေါ်လာမည် မဟုတ်၍ မည်သို့မျှ ထည့်ဝင်ပေးရန် ဆန္ဒမရှိပါ ဆိုသောပြည်သူ များအား ထိုသို့ သဘောထားရှိခဲ့လျှင် အပြောင်းအလဲများကိုလည်း မျှော်မနေပါနှင့် ဟူ၍သာ ပြောလိုပါတော့သည်။ ဖြစ်နိုင်ခြေ မရှိဘူးဆိုသော အထင်နှင့် မည်သို့မျှ ထည့်ဝင် လုပ်ဆောင်ခြင်း မရှိပါဟု ဆိုလျှင် လေယာဉ်ပျံများ ကောင်းကင်တွင် ပျံနေလိမ့်မည် မဟုတ်ပါ။
– – –
နိုင်ငံသားများအားလုံးက မိမိတို့ စေတနာနှင့် ထိုက်တန်သော ဘဝကိုသာ ရကြမည် ဆိုသော ကိစ္စကို ယနေ့မှ စသော သုံးလေးလ ကာလအတွင်း သဘောပေါက်ကြလျှင် မိမိတို့နှင့် ထိုက်တန်သော မြန်မာနိုင်ငံသစ်ကို အသေအချာ ရရှိကြလိမ့်မည် ဖြစ်ကြောင်း မီးမောင်းထိုး ဖော်ပြလိုက်ရပါသည်”
အဲဒါပါပဲ ပိတ်သတ်ကြီးခင်ဗျား။
ပေါတာကြီး သန်းရွှေကတောင် အာမ မခံပါဘူး အဲဒီလို။ ပေါတာကြီး သန်းရွှေက စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတယ်ပဲ ပြောထားတာ မှုတ်လား။
အနှီ အယ်ဒီတာ့အာဘော်က ပညာတတ်တွေကို ပစ်မှတ်ထားတော့ မဖြစ်နိုင်ဘူး။ ကျုပ်လည်း ပညာတတ်ပဲဗျ။ ကွန်ပျူတာကနေ ဂျပန်စာ အထိ ရန်ကုန်မြို့က သင်တန်းပေါင်းစုံကို တက်ထားတာ။ အဲဒီ ထောပတ်ငါးပိရည် အရေးအသားတော့ သိပ် နားမလည်ပါဘူးဗျာ။ ဒီအာဘော်က ၂ဝ၁ဝ ရွေးကောက်ပွဲသည်သာ ကိုးကွယ်ရာ လို့ တဖွဖွ ပြောနေလို့သာ နားလည်လိုက်မိတာပါ။
ဒီအာဘော် ရေးတဲ့ ကျုပ်ဆရာလည်း မတွေ့တာ ကြာပြီ။ တွေ့ရင်တော့ – အာစရိရေ၊ သိပ်ပြီး ညွှန်းမနေနဲ့၊ တော်ကြာ ပေါတာကြီးသန်းရွှေက အာစရိကို “ရော့ ပိုက်ဆံ၊ ပုဆိုးဝယ်ဝတ်ချည်” ဆိုပြီး နှုတ်ပိတ်နေဦးမယ်လို့ ပြောရတော့မှာပဲ။
(အင်း – ပေါတာကြီးကတော့ နှုတ်ပိတ်မယ် မထင်ပါဘူးလေ)

